10 October, 2009

မလေးရှားအကျဉ်းစခန်းတွင် မြန်မာ (၃,၅၀၀) ခန့် ပြန်စရိတ်မရှိ၍ သောင်တင်နေ

(ခေတ်ပြိုင်သတင်းအား ထပ်ဆင့်ဖော်ပြပါသည်)
ဝီရ / ၉ အောက်တိုဘာ ၂၀၀၉

သက်ဆိုင်ရာအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မလေးရှား အကျဉ်း စခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၃,၅၀၀)ခန့် ရှိကြောင်း လွတ်မြောက် လာသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ တို့က ပြောသည်။
အများစုမှာ လွတ်ရက် စေ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထား မပြသနိုင်ခြင်း၊ အပြန် လေယာဉ်စရိတ် မတတ်နိုင်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေး စခန်းများတွင် နှစ်ရှည်အကျဉ်းကျနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက် အမျိုးသမီးများလည်း ပါဝင်သည်။

မလေးရှားနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုဝင်းနိုင်ဦးက “ဒီ ကေအယ်လ် လေဆိပ်အနားက Lenggeng အချုပ်ခန်းက ပြန်ဖို့စောင့်နေတဲ့လူတွေ အများဆုံးပေါ့။ ဒီက အများစုက အပြန်စရိတ် မရှိလို့ သောင်တင်နေတာ။ အမှန်က လေယာဉ်လက်မှတ်နဲ့ ဒဏ်ငွေအတွက် ရင်းဂစ် (၆၂၀) ပဲ ကုန်ကျတယ်။ မြန်မာ သံရုံးက အဲဒါကို (၁,၆၀၀)ရင်းဂစ်အထိ တောင်းတယ်။ တချို့ဆို အပြင်က ဆွေမျိုးတွေဆီ ဖုန်းဆက်ပြီး ပိုက်ဆံ ရှာခိုင်းတာလည်း ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လွတ်ရက်စေ့သူ နိုင်ငံခြားသားများကို နေရပ်သို့မပို့ခင် ကေအယ်လ် လေဆိပ်အနီးရှိ Lenggeng အချုပ်ခန်းတွင် ခေတ္တထားရှိသော်လည်း မြန်မာနိုင်ငံသားအများစုမှာ အဆိုပါအချုပ်ခန်းတွင် နှစ်လကြာစွာ စောင့်ဆိုင်း နေကြရကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသား (၂,၀၀၀) ကျော်ရှိပြီး တဝက်ကျော်မှာ ပြီးခဲ့သည့် သြဂုတ်လမှ ထပ်မံရောက်ရှိလာသူများဖြစ်ကြောင်း ယင်းအချုပ်ခန်းမှ မြန်မာနိုင်ငံသို့ ရောက်လာသူ မွန်ပြည်နယ်သား တဦးက ပြောသည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသားများအား နေရင်းပြန်လည်ပို့ဆောင်ခဲ့ပြီး ယခုအခါ အရေအတွက် (၅၀၀)ခန့်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း အောက်တိုဘာ (၆)ရက်ထုတ် စစ်အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

အကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား (၂,၇၀၀)ကျော် ကျန်ရှိနေသေးကြောင်း စစ်အစိုးရက ဖော်ပြထားသော်လည်း ယင်းအရေအတွက်ထက်များကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်သူတို့က ခန့်မှန်းသည်။

လေယာဉ်ဖြင့်ပြန်ရန် မတတ်နိုင်သူများအတွက် လှေများဖြင့် နေရင်းသို့ ပို့ဆောင်ရန် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း၊ ဖမ်းဆီးထားသည့် တရားမဝင် မြန်မာနိုင်ငံသားတို့အား စင်ကာပူနိုင်ငံက စက်လှေဖြင့် ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးကြောင်း မလေးရှား မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

Lenggeng ခတ္တထိန်းသိမ်းရေးစခန်းအပြင် မလေးရှားနိုင်ငံရှိ အခြားအကျဉ်းစခန်း (၅) ခုတွင်လည်း အချက်အလက်ဖြည့်ပြီး နေရပ်ပြန်ရန် စောင့်စားနေသည့် မြန်မာနိုင်ငံသား (၁,၀၀၀) ကျော်ရှိသေးကြောင်း၊ အများစုမှာ မြန်မာနိုင်ငံတွင် အကျဉ်းချခံရမည်စိုး၍ နေရပ်သို့ ပြန်ရန် ငြင်းဆန်နေကြကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်အဖြစ် မလေးရှားနိုင်ငံတွင် ဆက်လက် နေထိုင်လိုကြကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူတို့က ပြောသည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံ နိုင်ငံခြားအကျဉ်းသား (၇) ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံမှ အများဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တို့က တရားဝင်ဖော်ပြထားပြီး မြန်မာနိုင်ငံသား အကျဉ်းသားများအား ခွဲခြားဆက်ဆံခြင်းအပါအဝင် အခြားညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

လွတ်မြောက်လာသူ မွန်ပြည်နယ်သားက “အင်ဒိုနီးရှားက လူတွေဆိုရင် အဲဒီအထဲမှာ တစ်ပတ်ဆို ပြန်ခွင့်ရပြီ။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ဆို နှစ်နဲ့ချီပြီး ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ စောင့်နေခဲ့ရတယ်။ တချို့ဆို စိတ်ဓာတ်ကျပြီး ထမင်းမစား၊ ဘာမစားနဲ့ သေတာလည်း ရှိတယ်” ဟု ပြောသည်။

0 comments:

Post a Comment

Followers

Blog Archive