22 April, 2010

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

(ခေတ်ပြိုင် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)
အောင်ထက်/၂၂ ဧပြီ ၂ဝ၁ဝ
line


ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။

ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။

“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။

စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်နေခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။

“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။

အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။

ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က အပြစ်မြင်နေကြသည်။

ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်အား ဖယ်ရှားရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။

“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။

ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။

17 April, 2010

မြစ်ဆုံဆည် စီမံကိန်း ဗုံးပေါက်ကွဲ

ဧရာဝတီ-မြစ်ဆုံဆည်ဆောက်လုပ်ရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် အေး ရှားဝေါလ်ဒ် ကုမ္ပဏီရုံးခန်းရှေ့တွင် ဧပြီလ (၁၇) ရက် နံနက် (၄) နာရီ (၄၅) မိနစ်က ဗုံး (၃) လုံး ဆက်တိုက် ပေါက်ကွဲရာ (၄) ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရသူ အများစုသည် ဧရာဝတီ-မြစ်ဆုံဆည် ဆောက်လုပ်ရေးစီမံကိန်းကို လာရောက်လုပ်ကိုင်ပေးနေကြသည့် တရုတ်အလုပ်သမားများဖြစ်ကြ တယ်လို့ KNG ကချင်သတင်းမှာ ဖော်ပြထားပါတယ်။ (http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html)

Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
Saturday, 17 April 2010 KNG



Four people died and over 12 people were injured when exploding bombs for the first time rocked the Myitsone dam project in Irrawaddy River in Kachin State, northern Burma, said local residents. Most of the dead and injured were Chinese workers.

At least three bombs exploded in quick succession in front of Asia World Company’s office, one of the implementing agencies of the dam project in Lungga Zup, 18 miles north of Myitkyina, the capital of Kachin State, at about 4:45 a.m. Burma Standard Time, residents said.

041710-asia-world-co

Asia World Company's main communication office was damaged by bombs. Photo: Kachin News Group.
The explosions also resulted in severe damage to the company’s two-storey office, said residents in the dam project site. Several company-owned cars trucks and bulldozers were also destroyed in the blasts.

Over 300 Chinese workers employed with the China Power Investment Corporation (CPI) were evacuated in four buses to Myitkyina soon after the explosion.

Nobody has claimed responsibility for the first ever bomb explosions in the Myitsone dam project, said the sources.

Significantly, the bomb explosions occurred one day after the Kachin Independence Organization (KIO) took pains to apprise the Kachin public about the latest situation of disagreement on transforming the Kachin Independence Army (KIA), the armed-wing of KIO to the junta-proposed BGF.

Naw Awng, leader of the anti-dam movement and All Kachin Students’ Union (AKSU), an underground Kachin students’ organization based in Kachin State told Kachin News Group, “We harbour no policy of violence. The explosion may have been triggered by anti-dam civilians or secret groups or organizations”.

The dam for the hydropower project at the confluence of the Irrawaddy River, or Mali Hka in Kachin, which is formed where the two major rivers--- Mali Hka River and N’Mai Hka River meet, is being implemented by the Asia World Company, Ministry of Electric Power-1 in Burma and Chinese state-owned China Power Investment Corporation (CPI).
kachin-state

Map of Myitsone dam site in Kachin State, northern Burma.

Inspection activities for the project were started in late 2006 however the joint-dam construction began in December 21, last year. The construction cost, technicians and equipment are provided by the Chinese government.

The project will generate 6000 MW of electricity, which is to be sold to neighbouring China’s Yunnan province for it is under construction industrial zone.

Kachin people, organizations and churches have urged the military supremo Snr-Gen Than Shwe to halt the Myitsone, or Mali-N’Mai Zup dam project and are into demonstrations and anti-dam movements at home and aboard.

15 April, 2010

ရန်ကုန်သင်္ကြန် ကန်တော်ကြီး X2O မဏ္ဏပ် ဗုံးပေါက်ကွဲ

(မူရင်းသတင်းအား ကိုညီလင်းဆက် ဘလော့ဂ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်၊)-----Click



Bomb blasts infront of X2O Mandap, Kantawgyi

ကန်တော
ကြီး X2O မဏ္ဏပ် မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပေါက်တယ်။ မဏ္ဏပ်တွေမှာ ပေါက်တာ မဟုတ်ဘဲ အောက်ကနေ ပေါက်ကွဲတာ ဖြစ်ပါတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပါတယ်။ X2O မဏ္ဏပ်ဟာ လူစည်ကားတဲ့ မဏ္ဏပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းပါဘူး။ ပေါက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရပါတယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပါတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပါတယ်)

အခင်းဖြစ်ပွားရာ နေရာက ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပါတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စဖော်မာ ပေါက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပါတယ်။ အဲဒီမဏ္ဏပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပါတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏ္ဏပ် တွေလည်း ပိတ်လိုက်ကြရပါတယ်။ သူနာပြုကားပေါ်မှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပါသွားတာကို မြင်လိုက်ရပါတယ်။ မဏ္ဏပ်ဘေးနားက ဈေးသည်များနဲ့ မဏ္ဏပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပါတယ်။




လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ


ဘယ်သူဖောက်ဖောက် ပြည်သူလူထုကို ဒီလို အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပာတယ်။ သင်္ကြန်ဆိုတာ လူတိုင်း စိတ်မွန်းကြပ်မှုတွေကနေ ထွက်ပေါက် တစ်ခုအနေနဲ့ ပျော်ကြ ရွှင်ကြတဲ့ ပွဲပါ။ အပြစ်မဲ့ လူတွေနဲ့၊ ရန်ကုန်ကို ဦးတည်ပြီး တိုက်ခိုက်နေတာကတော့ လွန်စွာမှကို အကျည်းတန် လွန်းပါတယ်။


ဓါတ်ပုံများကို မူရင်း ဘလောဂ့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
Update News
ရိုက်တာ သတင်းဌာနက လူ ၂၄ဦးထက်မနဲ သေဆုံးတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ မျက်မြင်အရ အဲဒီလောက် မရှိပါဘူး။ [Reuter]


(နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပါတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပါတယ်)

11 April, 2010

လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ


ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတစ်ပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတစ်ပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။

ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့လို နေ့မျိုးပေါ့။ အဲဒီနေ့က ဘဘတို့နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးရောင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့နောက်က လမ်းလျှောက်ပြီး လိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတစ်လုံးဘေးက ဆရာ တစ်ယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင် ဆုပ်ထားခဲ့တာပေါ့။ ဒီဖောင်တိန်လေးဟာ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့အဖေက ၀ယ်ပေးခဲ့တဲ့ဖောင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါတဲ့နေ့  ။ ဘဘရဲ့ကလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တစ်နေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ခေါင်းစဉ်ကလည်း “ ဒီနေ့ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ခေါင်းစဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။
ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့ နေ့တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့။ တခါ လူမျိုးတမျို့းနိုင်ငံတစ်ခုရဲ့ သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက်နေ့ဟာ၊ ဘဘတို့  နိုင်ငံတစ်ပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေနဲ့ သမိုင်းသစ်စတင်တဲ့နေ့ မဟုတ်ပေဘူးလား ။ ဒီလိုနေ့မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တစ်ခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော် ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။

ဒီနေ့ ဟာ အစဖြစ်တယ်

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။

ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက်(၂)ချက်ရှိတယ်။ "ကနေတဲ့ ဒေါင်းပျိုတွေ" ဆိုတဲ့ စကားစုနဲ့ “ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထောပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ကနေတဲ့ ဒေါင်းပျိုတွေ” တဲ့။ “အမွေးအတောင် တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့ ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယောက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။

ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။

မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။

ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာတွေ့ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့မျက်နှာထား၊ တချိန်လုံး တိတ်ဆိတ်နေခဲ့ရတဲ့ တမြို့လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက်ပြန်မြည် လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့နဲ့ ပတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုအကြောင်း ကြားညှပ်ပြီဲး ပြောချင်သေးတယ်။ ဇာတ်ကားရဲ့နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့။ ဒီဇာတ်ကား ထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမ္မတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် “ဗျူနိုးဟေရီးစ်” တစ်မြို့လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ သူတို့ ချစ်ခင် လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စောင့်ပြီး နားထောင်နေကြတဲ့ အချိန် မြို့ကြီးတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ဗျူနိုးအေရီးစ်”တစ်မြို့လုံးမှာရှိတဲ့ ဘုရားကျောင်း ခေါင်းလောင်း တွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ တပြိုင်နက်ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့် ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင်မှုအတွက် အောင်ပွဲခံမှုရဲ့ သင်္ကေတအဖြစ် သမိုင်းသစ်တစ်ခု အစပြုတဲ့နေ့ကို အသိအမှတ်ပြု၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။

ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။

ဒီကဗျာတစ်ပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘နေ့ ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့မူလတန်းအောင်လို့ အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “နေ့” ကိုရောက်ဖို့ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့ စာကို တခြားသူတွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနောက်ဆုံးနှစ် စတုတ္ထတန်းမှာ ဘဘဟာ နေ့မအိပ်ညမအိပ် စာကျက်ခဲ့ရလို့ ကျန်းမာရေးတောင်မှ ချို့တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး အလယ်တန်း ကျောင်းသားဘ၀ကို အစပြုတဲ့ “နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “နေ့"ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ….ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။

ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစကပြန်စမယ့် “နေ့"ရဲ့ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖော်ပြသွားခဲ့တာ ငါ့မြေးတွေ့ ရလိမ့်မယ်။ ဒါပေမယ့် “ဒဿန ” အားဖြင့် သာမာန်ထက်အများကြီး ပိုပြီးနက်နက်တူးမှ ဖေါ်ယူလို့ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့

ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့အရည်အချင်း လောက်နဲ့လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တစ်ဆုံး နှိုက်ယူမှရမယ့် ကဗျာ့ပရိယာယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လText Colorို့ ယူဆရတဲ့စကား တချို့ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်”က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တစ်လုံးမကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့် ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတောတိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့က တိုင်းပြည်ကောင်းစားတိုးတက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါ စေသား…” တဲ့။
ငါ့မြေးရေ…။
အဲဒီစာသား အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက ဘဘဖြင့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ် အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား" ကို အခြေခံတဲ့ “စကား”တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “မေတ္တာအောင်မြင်တဲ့နေ့ မေတ္တာစတင်တဲ့နေ့ ” ဆိုတဲ့ စာသားထဲက “မေတ္တာ”ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ပြောဖူးတဲ့ စကားတစ်ခွန်း။ဒိုင်ယာလော့လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး” တဲ့။ ဒါလည်း ကဗျာထဲက “ဒီနေ့ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ဟာ အစဖြစ်တယ်” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့ အကြောင်း
ကဗျာတစ်ပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတစ်ပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။

ကိုင်း….. ကဗျာဆရာကတော့ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယတော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာကို စုဝေးရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲဒီလိုနေ့ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ "နေ့" အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။   ။


ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇
(ဆရာငြိမ်းဝေ ဘလော့မှ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။)

08 April, 2010

Kyrgyzstan မှာ အတိုက်အခံ အာဏာသိမ်းကြောင်း ကြေညာ

(VOA -သတင်း)
08 April 2010


အာရှအလယ်ပိုင်းမှာရှိတဲ့ ကီးရ်ဂစ္စတန်နိုင်ငံ (Kyrgyzstan) က အတိုက်အခံ နိုင်ငံရေးအဖွဲ့က တိုင်းပြည်ရဲ့ အာဏာကို ရယူလိုက်ပြီလို့ ပြောလိုက်ပါတယ်။

နိုင်ငံတ၀န်းက မြို့ကြီးတွေ တော်တော်များများမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ လူပေါင်း ၄၀ လောက် အနည်းဆုံး သေဆုံးပြီး လူ ၄၀၀ ကျော် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး တရက်အကြာမှာပဲ အတိုက်အခံတွေက နိုင်ငံတော် အာဏာကို ထိန်းချုပ်လိုက်ပြီလို့ ပြောလိုက်တာပါ။

အတိုက်အခံခေါင်းဆောင်က ယာယီအစိုးရကို နိုင်ငံခြားရေး ၀န်ကြီးဟောင်း ရိုဇာ အိုတန်ဘာယေးဗား (Roza Otunbayeva) နဲ့ ဖွဲ့စည်းလိုက်ပြီလို့ မနေ့က ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဒနီယာ ဥစနော့ဗ် (Daniyar Usenov) က သူ ရာထူးကနေ နှုတ်ထွက်ပါ့မယ်လို့ မြန်မြန်ဆန်ဆန် သဘောတူလိုက်ပြီး နောက်ပိုင်း အတိုက်အခံ ခေါင်းဆောင်ကနေ သူတို့အစိုးရအဖွဲ့ကို ဖွဲ့လိုက်ပြီလို့ မနေ့တုန်းက ပြောခဲ့တာပါ။ အတိုက်အခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အတည်ပြုချက်တော့ မရသေးပါဘူး။

ကီးရ်ဂစ္စတန်နိုင်ငံရဲ့ သမ္မတ ကူရ်မန်ဘိခ် ဘာကီယိဗ် (Kurmanbek Bakiyev) က အခု ဘယ်မှာရောက်နေလဲ မသိရပါဘူး။ အတိုက်အခံတချို့ ပြောတာကတော့ သမ္မတဟာ မြို့တော်ကနေ ထွက်ခွာသွားပြီး သူ့ရဲ့ အာဏာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတောင်ပိုင်း အို့ရှ်မြို့ (Osh) မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေဟာ မြို့တော်တင်မက တခြားမြို့တွေမှာပါ ဖြစ်ပွားတဲ့အကြောင်း သတင်းတွေလည်း ထွက်နေပါတယ်။ မြို့တော် ဘီရှ်ကစ် (Bishkek) မှာတော့ ညပိုင်းမှာ သေနတ်သံတွေ ဆက်ပြီး ကြားနေရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေ အတည်ပြု ပြောဆိုတာက လူ ၄၀ သေဆုံးတယ်လို့ ဆိုပေမဲ့ အတိုက်အခံတွေ ပြောတာကတော့ အနည်းဆုံး လူ ၁၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အကြမ်းဖက်မှုတွေကို ရှောင်ရှားကြဖို့နဲ့ ပါတီအားလုံးက ဥပဒေတွေကို လေးစားလိုက်နာဖို့ ပြောပါတယ်။ အာဖဂန်စစ်ပွဲအတွက် အမေရိကန်ရဲ့ လေတပ်စခန်းဟာ ကီးရ်ဂစ္စတန်နိုင်ငံမှာ ရှိပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်နေလို့ မနေ့ကတော့ လေယာဉ် အဆင်းအတက် မလုပ်ပါဘူး။

NLD က တိုင်းပြည်သို့ တောင်းပန်၊ အရေးတော်ပုံအတွက် ကတိပြု

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၄ မိနစ်
(မဇ္ဈိမ ...........သတင်းမှ)

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင် နိုင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားလိုက်သည်။

”ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဇွနပဲကြီးကြီးဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း တဖက်သပ် ဖိနှိပ်ချေမှုန်းမှု အောက်တွင် အကျိုးမဖြစ်၊ အရာမထင်ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအပေါင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံပါတီကြီး၏ ပြည်သူသို့ ပန်ကြားချက်တွင် ပါရှိသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ကြ ပြီးနောက် ပြည်သူလူထုသို့ ရှင်းလင်းပြောကြားသော ကြေညာချက်တွင် NLD အနေဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို စွန့်ခွာသွားမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုလိုက်သည်။

NLD သည် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်း မဲဆန္ဒနယ် ၄၈၅ နေရာအနက် ၃၉၂ နေရာတွင် အနိုင်ရခဲ့ သော်လည်း စစ်အစိုးရက အာဏာလွှဲရန် ငြင်းဆန်ခဲ့သည်။

ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်ဖြင့် အခြေခံဥပဒေမူကြမ်း ရေးဆွဲသော အမျိုးသားညီလာခံ တက်ရောက်ပြီး အစွမ်းကုန်ကြိုးစားသော်လည်း မအောင်မြင်ဖြစ်ခဲ့ရကြောင်းနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုရင်းပင် နေအိမ်အကျယ်ချုပ် ချခံထားရသည်ဟုလည်း စာမျက်နှာ ၃ မျက်နှာပါ ကြေညာချက်တွင် ပါရှိသည်။

”၂ဝဝ၃ ခုနှစ် ဒီပဲယင်းအကြမ်းဖက်မှုတွင် သူမ (ဒေါ်အောင်ဆန်းစုကြည်) ၏ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပါသည်။ သို့တိုင်အောင် အပြစ်မယူ အာဃာတမထားဘဲ နိုင်ငံ့ပြဿနာအားလုံး ပြေလည်သွားစေရေးအတွက်သာ အာရုံစူးစိုက်ကာ တွေ့ဆုံ ဆွေးနွေးရန် ဆက်လက်တောင်းဆိုခဲ့သည်” ဟုလည်း ရေးသားထားသည်။

ထို့အပြင် မဖိတ်ခေါ်ဘဲ ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ပြန်သည်ကိုလည်း ”အပြစ်မယူ အာဃာတမထားဘဲ” နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တွေ့ဆုံဆွေးနွေးခွင့် ပြုပါရန် အထူးမေတ္တာရပ်ခံခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြထားသည်။

စစ်အစိုးရထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေများသည် ”ဥပဒေ၏ သဘောသဘာဝ ဥပဓိရုပ်နှင့် မညီညွတ်၊ တရားမျှတမှုလည်း မရှိပါ” ဟု ရေးသားထားပြီး ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အကျပ်ကိုင် လိုက်နာစေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်ဟု ပြောဆို ထားသည်။

ကောင်းကင်ကို ရဲ့ မကျွတ်သေးတဲ့ တစ္ဆေ

စကားလုံးလှလှပပများနဲ့ နဘေဆန်ဆန် ဟန်တစ်မျိုးဖြင့် ကဗျာရေးအားကောင်းတဲ့ ကောင်းကင်ကိုဟာ သူပုံနှိပ်ထုတ်ဝေခဲ့တဲ့ မကျွတ်သေးတဲ့ တစ္ဆေ ကဗျာစာအုပ်ကို သူ့ ပရိတ်သတ်အတွက် online မှ အခမဲ့ ရယူခွင့်ပြုလိုက်ပါတယ် ။ သူ့ရဲ့ ကဗျာစာအုပ်ကို download ရယူနိုင်ရနိုင်တဲ့ link ကတော့ http://www.mediafire.com/?d5y4d5nldmm ဖြစ်ပါတယ်။
အမေရိကမှ (ပုံနှိပ် ကဗျာစာအုပ်) မှာယူလိုသူများအတွက် ကိုကျော်အောင်လွင် ( kyawaunglwin@gmail.com ) သို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် မလေးရှားမှ ကဗျာစာအုပ်မှာယူလိုသူများ မစိမ်းမို့ မို့  samemohmoh@gmail.com သို့ ဆက်သွယ် ဝယ်ယူနိုင်ပြီး ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများမှ စာအုပ် မှာယူလိုလျှင်တော့ ကဗျာဆရာ ကောင်းကင်ကို၏ အီးမေးလ် kaungkinko@gmail.com
သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
ကဗျာဆရာ ကောင်းကင်ကိုရဲ့ “ကျွန် ”၊ “ငါနေတဲ့နေရာ ”၊ “ဧရာဝတီရဲ့ ရင်သွေးများအတွက် ”“ကြယ်တွေလွှတ်မယ့် သက်တန့်  ရောင်စဉ် ”“ရင်ထဲက အမေ ”စသည့်ကဗျာများကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ ကောင်းကင်ကို၏
ကဗျာများ၊ စာများကို kaungkinko.blogspot.com တွင် သွားရောက် လည်ပတ်ဖတ်ရှုနိုင်ပါကြောင်း....................။
(ကိုးကား.....ကောင်ကင်ကို ဘလော့ဂ်)

စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်

ကျော်ဗလ (သုံးသပ်ချက်)
၈/ ဧပြီ ၂၀၁၀
(ခေတ်ပြိုင် .......မှ)


အခုအခါမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/မ၀င်ရေးဆိုတဲ့ ပြဿနာကို မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး စဉ်းစားကြရမှာ ဖြစ်သလို အန်အယ်လ်ဒီအနေနဲ့လည်း အဆုံးအဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အဓိကရွေးချယ်ရမှာက ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်ခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ချထားနိုင်ဖို့ပါပဲ။ ဒါ နိုင်ငံရေးပါတီတိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ကြုံရတတ်တဲ့ ပါတီတွင်း အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲသာဖြစ်ပါတယ်။

ဒီအတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲအတွင်းမှာ အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ကြရင်း ပါတီအတွက် လမ်းစဉ် လုပ်ငန်းစဉ်တွေ ပီပြင်စွာချမှတ်နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ပါတီတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲကို ဒီမိုကရေစီနည်းကျစွာ စည်းလုံးမှုရှိစွာ ဆင်နွှဲနိုင်မှ ပါတီတွင်းညီညွတ်ရေးကို တဆင့်တိုး တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ပါတီစည်းလုံးညီညွတ်မှုရှိမှလည်း ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီထဲမှာ အခုလို လမ်းစဉ်ဆိုင်ရာ အမြင်ကွဲလွဲမှုတွေ ဘာကြောင့်ရှိလာတာလဲ၊ ဘယ်လိုသဘောထားနဲ့ ကျော်လွှားကြမှာလဲ။ ခြုံပြောရရင် အမြင်ကွဲလွဲမှုတွေ ရှိလာတာဟာ နအဖက သွေးခွဲသပ်လျှိုရေးသဘောထားကို ကျင့်သုံးပြီး နိုင်ငံရေးအရ ထိုးနှက်မှုနဲ့ စည်းရုံးရေးအရ ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာကြောင့်လို့ အဓိက ကောက်ချက်ချကြရမှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နအဖရဲ့လုပ်ရပ်တွေကြောင့် ပါတီတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ နိုင်ငံရေးအရ တွေဝေယိမ်းယိုင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုတော့ ပြတ်ပြတ်သားသား တွေးခေါ်မှုတိုက်ပွဲ ဆင်နွှဲသွားကြရပါလိမ့်မယ်။

အန်အယ်လ်ဒီပါတီထဲမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အတွေးအခေါ်တိုက်ပွဲကတော့ ပါတီရပ်တည်ရေးဆိုတာအတွက် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ အမြင်နဲ့ ဒီမိုကရေစီလည်းမကျ တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲကို မ၀င်ရောက်ရေးဆိုတဲ့ အမြင် (၂) ရပ်တိုက်ပွဲပါပဲ။ ဒီအမြင် (၂) ရပ်ရဲ့ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ဖို့ နအဖက ထုတ်ပြန်တဲ့ အမိန့်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သုံးသပ်စိတ်ဖြာပြရုံနဲ့တော့ မလုံလောက်ပါဘူး။ အန်အယ်လ်ဒီပါတီ ဖြတ်သန်းခဲ့တဲ့ အနှစ် (၂၀) ခရီးကိုပါ ပြန်ပြောင်းသုံးသပ် အကဲဖြတ်ဖို့ လိုပါလိမ့်မယ်။

တကယ်တော့ အန်အယ်လ်ဒီပါတီဟာ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် ပါတီတရပ်အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်လေးလောက်ပဲ ရှိခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးချိန်ကတည်းက န၀တဟာ ဥပဒေအမိန့်အမျိုးမျိုးထုတ်ပြီး အန်အယ်လ်ဒီပါတီကို ဖျက်ဆီးချေမှုန်းဖို့ တလျှောက်လုံး လုံးပန်းတိုက်ခိုက်ခဲ့တာပါ။ န၀တရဲ့ အဓိက ဦးတည်ချက်က အန်အယ်လ်ဒီခေါင်းဆောင်မှုကို ဖြိုခွဲဖို့ပါ။ အဓိက ပစ်ကွင်းကတော့ တတ်သိပညာရှင်များအင်အားစု ဖြစ်ပါတယ်။

ဒါကြောင့်လည်း တတ်သိပညာရှင်များအဖွဲ့ထဲက ဒေါ်အောင်ဆန်းစုကြည်ကအစ ဦးဝင်းတင်တို့အထိ ပုဒ်ထီးပုဒ်မတပ်ပြီး နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြတယ်။ ဆရာမောင်သော်ကတို့လို ညှဉ်းပန်းနှိပ်စက်ခံရပြီး အာဇာနည်ဖြစ်သွားသူတွေလည်း မနည်းလှဘူး။ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း တတ်သိအင်အားစုတွေလိုပဲ ဖမ်းဆီးနှိပ်စက် ကာလရှည်ထောင်ချခဲ့ကြတာပါပဲ။ အန်အယ်လ်ဒီ အဖွဲ့ထဲမှာ န၀တအပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ရိုကျိုးမယ်ဆိုတဲ့ ယူနီဖောင်းချွတ်တချို့နဲ့ နိုင်ငံရေးဇာတ်ပျက်တချို့ပဲ ခေါင်းဆောင်အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒါကြောင့် ခြုံပြောရရင် အန်အယ်လ်ဒီပါတီမှာ ဆိုင်းဘုတ်သာရှိပြီး နိုင်ငံရေးမရှိတော့တာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ကာလ တလျှောက်လုံး အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ နအဖရဲ့ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ပေးခဲ့ရတာပဲ များပါတယ်။ နအဖ အလိုမကျ မျက်မာန်တော်ရှပြီဆိုရင် ဆုတောင်းပွဲလုပ်နေတဲ့ နော်အုံးလှတို့လို ပါတီဝင်တွေကအစ အန်အယ်လ်ဒီခေါင်းဆောင်များက သိမ်းကျုံးထုတ်ပစ်တတ်ကြပါတယ်။ ဒါလည်း သိပ်တော့မဆန်းလှပါဘူး။ နအဖ ကျင်းပတဲ့ အမျိုးသားညီလာခံ တက်ခွင့်ရချင်တော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကိုတောင် ပါတီက ထုတ်ပစ်တဲ့ ခေါင်းဆောင်ကြီးတွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။

ပိုဆိုးတာကတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းအရေးအခင်းနဲ့ လုပ်ကြံဖို့ ကြိုးစားပြီးနောက်ပိုင်းမှာ နအဖက ပါတီဆိုင်းဘုတ်တွေဖြုတ်ဖို့ ညွှန်ကြားတာကို တစုံတရာ မဆန့်ကျင် မတွန်းလှန်ဘဲ အလွယ်တကူ လက်ခံလိုက်ကြတာပါပဲ။ အဲဒီအချိန်မှာ နအဖက ဆိုင်းဘုတ်ပဲ ဖြုတ်ခိုင်းတာပါ။ အန်အယ်လ်ဒီခေါင်းဆောင်တွေက တပြည်လုံးမှာရှိတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့တာ ၂၀၀၉ ခုနှစ် ရွှေဂုံတိုင်အစည်းအဝေးအထိပါပဲ။ ဒီတော့လည်း အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ အခါကြီး ရက်ကြီးတွေရောက်ရင် အုတ်လမ်းမှတ်တိုင်က ရုံးမှာ လူလေးငါးဆယ်လောက် အခမ်းအနား ပြင်ဆင်ကြ၊ မိန့်ခွန်းပြောကြ၊ ကြေညာချက်ထုတ်ကြတာလောက်ပဲ ရှိပါတော့တယ်။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက သူ့ရဲ့မိန့်ခွန်းတခုမှာ “အန်အယ်လ်ဒီပါတီကို ကြောက်စရာမရှိသလို ဂရုစိုက်စရာလည်း မလိုပါဘူး။ ဒါပေမယ့် သူ့နောက်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရှိနေလို့သာ သတိထားနေရတာ” လို့ မှတ်ချက်ချထားတာ ဖြစ်ပါလိမ့်မယ်။ နအဖအနေနဲ့ကတော့ အန်အယ်လ်ဒီကို အဆိပ်မရှိတော့တဲ့ ရေမြွေလို သဘောထားနေခဲ့ပုံရပါတယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အန်အယ်လ်ဒီပါတီအပေါ် မျှော်လင့်ချက်ထားနေကြတာ အုတ်လမ်းမှတ်တိုင်မှာ ရုံးထိုင်နေကြတဲ့ နိုင်ငံရေး ခေါင်းဖြူစွယ်ကျိုး ခေါင်းဆောင်တွေအပေါ် ယုံကြည်အားထားနေကြလို့ မဟုတ်ပါဘူး။ အန်အယ်လ်ဒီပါတီအတွက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက အပယ်ခံတွေ ပါတီဝင်တွေ၊ ထောင်ထဲမှာ စွန့်လွှတ်ပေးဆပ်နေကြတဲ့ ရဲဘော်တွေ၊ ပြည်ပက အသွင်အမျိုးမျိုးနဲ့ ထောက်ခံအားပေးနေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကြောင့်သာ မြွေဟာ ခေါင်းကျိုးနေပေမယ့် ခန္ဓကိုယ်က လူးလွန့်လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကျိုးနေမှတော့ နိုင်ငံရေးခန္ဓာအိမ်ဟာ တွန့်လိမ်နေတာကလွဲလို့ လိုရာကို မရောက်နိုင်တော့ပါဘူး။

၂၀၀၇ ခုနှစ် သံဃာအရေးအခင်းမှာဆို ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့ နိုင်ငံရေးခေါက်ရိုးကျိုး သက်ကြားအိုကြီးတွေကို ‘ခေတ်သစ်နီရိုး’ တွေလို့တောင် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြသူများက စိတ်နာနာနဲ့ နာမည်ပေးခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အန်အယ်လ်ဒီခေါင်းဆောင်မှု ဖြုတ်ချရေး၊ ကွဲအက်ရေး၊ ခွဲထွက်ရေးလေသံတွေ ပါတီတွင်းမှာ ဆူညံစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝကျစွာ ထွက်ပေါ်တဲ့ ဒီအသံတွေကို ဆူညံတယ်ဆိုပြီး အဓမ္မဖိအားသုံး ပိတ်ပင်ထားမယ်ဆိုရင် ပေါက်ကွဲလွင့်စင်သွားနိုင်ပါတယ်။ ဒီမိုကရေစီ နည်းကျစွာ စည်းရုံးရေးဘောင်အတွင်းမှာ အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ်တိုက်ပွဲကို စနစ်တကျ ဆင်နွှဲသွားဖို့သာ လိုပါလိမ့်မယ်။

တကယ်တော့ ယက်တောအမှုဆိုတာ ဒီပဲယင်းအရေးအခင်းလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စီမံထားတဲ့ နိုင်ငံရေးလုပ်ကြံမှုတခုပါပဲ။ ဒါပေမယ့် ဒီကိစ္စဆိုးထဲကပဲ အကျိုးရှိတဲ့ ကိစ္စကောင်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။ အနည်းဆုံး ဒီအမှုကိစ္စကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တစုံတရာ ဆက်သွယ်ညှိနှိုင်းခွင့်တွေ ရလာခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့ ဦးဝင်းတင်နဲ့ အန်အယ်လ်ဒီပါတီဝင်အချို့ကို ထောင်က လွှတ်ပေးလိုက်ရတယ်။ နောက်ပိုင်းမှာ အချုပ်ရက်စေ့နေတဲ့ ဦးတင်ဦးကိုလည်း လွှတ်ပေးရပြန်တယ်။ ဒီလိုအကြောင်းအချက်တွေအောက်မှာ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ပြန်လည်ရှင်သန်ထမြောက်ရေးလှုပ်ရှားမှုတွေ နိုးကြားအားကောင်းလာခဲ့တယ်။ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပါဝင်တဲ့ အစည်းအဝေးတရပ် ကျင်းပပြီး ‘ရွှေဂုံတိုင်ကြေညာစာတမ်းကြီး’ ကို ထုတ်ပြန်နိုင်ခဲ့တယ်။

ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန်ထမြောက်လာမှုနဲ့အတူ ပါတီစည်းရုံးရေးဘ၀ကိုလည်း ပြန်လည်စုစည်း တည်ဆောက်လာနိုင်ခဲ့တယ်။ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြန်လည်တိုးချဲ့ဖွဲ့စည်းနိုင်ရုံမျှမက တိုင်းအသီးသီး ကိုယ်စားလှယ် (၁၂၀) ပါဝင်တဲ့ ဗဟိုဦးစီးကော်မတီကိုပင်လျှင် အသစ်ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန် ထမြောက်လာခြင်းဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ မှန်ကန်တဲ့ နိုင်ငံရေးသဘောထားတွေအောက်မှာ အသက်ဝင် ရှင်သန်လာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ‘နိုင်ငံရေးသေနေရင် ပါတီလည်း သေလိမ့်မယ်’၊ ‘နိုင်ငံရေးရှင်သန်ရင် ပါတီလည်း ရှင်သန်လှုပ်ရှားနေလိမ့်မယ်’ လို့ ကောက်ချက်ဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီလို အန်အယ်လ်ဒီပါတီ နိုင်ငံရေးအရ ပြန်လည်နိုးကြား အားကောင်းလာမှုကို ထိုးဖောက်ဖြိုခွဲဖို့ နအဖကလည်း ရွေးကောက်ပွဲဥပဒေဆိုတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဖောက်ခွဲလိုက်ပုံရပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်ဟာ တစုံတရာ ထိရောက်တယ်လို့ ဆိုရမလိုပါပဲ။ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အသံကြားလိုက်တာနဲ့ စင်ထိုးပေးရင် ကွေးနေအောင် တက်ပြီး ကချင်တဲ့ နိုင်ငံရေး ကျားအို ကျားသေတွေ၊ အပေါက်ကောင်းကို ချောင်းနေတဲ့ အခွင့်အရေးသမားတွေ အုံကျင်းဖွဲ့ပြီး ထွက်လာခဲ့ကြပါပြီ။ ဒီလို စည်သံ၊ ဗျောသံတွေကြားမှာ ခေါင်းပေါင်းစ တလူလူနဲ့ ညီလာခံဝင်ဖို့ တောင်ရှည်ပုဆိုးပြင်နေတုန်း၊ ဗြုန်းဆို အင်းစိန်တောရထဲ ၀င်သွားခဲ့ကြရတဲ့ ပုဂ္ဂိုလ်တချို့လည်း အမတ်ဖြစ်ချင်စိတ်တွေ တလိပ်လိပ် တက်လာနေကြမှာ အသေအချာပါပဲ။ တကယ်တော့ ဒီစိတ်ကူးတွေဟာ ‘မသာကုတင်ကို ရာဇပလ္လင်’ ထင်နေကြတဲ့ နိုင်ငံရေး နလပိန်းတုံးတွေရဲ့ အရူးအိပ်မက်တွေပါ။

၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲလို ဖြစ်မယ်လို့ ထင်နေကြတာ အရူးချီးပန်း စိတ်ကူးယဉ်နေကြတာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်တော့မှ ၁၉၉၀ လို အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို (၁၅) နှစ်ကြာအောင် အသေးစိတ် အချိန်ယူ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်နဲ့ ဖိနပ်ကိုင်တွေ သေချာပေါက် အနိုင်ရအောင် အာဏာ၊ အသပြာ၊ စည်းရုံးရေးနဲ့ မက်လုံးမျိုးစုံပေးပြီး ပြင်ဆင်လာခဲ့တာ (၃) နှစ်လောက် ရှိခဲ့ပါပြီ။ ‘နိုင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်’ ဆိုတဲ့ ၁၉၆၁ ခုနှစ်က တည်မြဲဖဆပလရဲ့ ကြွေးကြော်သံဟာ လေလုံးထွားရုံလောက်ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖက ‘မနိုင်လည်း နိုင်အောင်’ လုပ်မှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အမတ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ၂၀၁၀ နိုင်ငံရေးသတ်ကွင်းထဲမှာ ကားစင်တင် တံကျင်လျှိုခံရပါလိမ့်မယ်။ စိတ်ကူးယဉ်စရာ ဘာမှမရှိပါဘူး။ တပြည်လုံး ‘ဘွိုင်းကောက်ဋီကာ’ ရွတ်ပြီး No ဟစ်ကာ ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။ ။

Followers