30 April, 2009

ဝက်တုပ်ကွေးရောဂါ (Swine Flu) အန္တရာယ် သတိပေးချက်










ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။

Swine Flu ဆိုတာ ဘာလဲ

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလဲ။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊ မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊ အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့  အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလဲ

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလဲ

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်  (သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလဲ

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ် အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့  အမြန်သွားရောက် ပြသသင့်ပါတယ်။


Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလဲ..

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များက ပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ..

ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ (၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊ အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။

မူရင်း-နစ်နေမန်း မှ

29 April, 2009

2009 Myanmar Mobile Calendar

မြန်မာလို ဘာနေ့လည်း သိချင်ရင်တောင် ဒီနိုင်ငံလိုနေရာမျိုးမှာ အခက်အခဲရှိနိုင်ပါတယ်။ ဖုန်းထဲမှာအလွယ်တကူနှင့် အခမဲ့ကြည့်လို့ရအောင် 2009 MYANMAR MOBILE CALENDAR အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။



မြန်မာဖုန်းသုံးမြန်မာစာ စနစ်များကို တီထွင်တဲ့ sm3 ဟာ မြန်မာလို sms ပို့နိုင်တဲ့ စနစ်ကို တီထွင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့အပြင် အခု ထပ်မံပြီး ၂၀၀၉ ခုနှစ် အတွက် sm3 မြန်မာပြက္ခဒိန် Mobile Edition ကို blog.mghla.com နှင့်တွဲဖက်ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်... အခမဲ့ ဖြန့်ဝေတဲ့ version မှာ အင်္ဂလိပ် ရက်စွဲ၊ မြန်မာရက်စွဲ၊ လပြည့်၊ လဆန်း၊ လဆုတ်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်းလှည့်တဲ့ အရပ်မျက်နှာတို့ကို အရောင်အသွေးလှလှကြွကြွဖြင့် ပြုလုပ်ပေးထားပါတယ်... ၂၀၀၈ ခုနှစ်အတွက်လည်း ယခုလို ပြက္ခဒိန် software ကို ထုတ်ဝေခဲ့ဖူးပါတယ်လို့သိရပါတယ်..။. software ကို Java application run လို့ရတဲ့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရကြောင်းပါ.
အခမဲ့ ဖြန့်ဝေတဲ့ sm3 မြန်မာပြက္ခဒိန် နှင့် sm3 Unit Converter တို့အပြင် sm3 မြန်မာစာတိုပို့စနစ်၊ sm3 ab+c (လုံခြုံစိတ်ချစွာ ဖုန်းနံပါတ်များကို မြန်မာ+အင်္ဂလိပ် မှတ်သားနိုင်သည့် စနစ်)၊ sm3 Myanmar Calendar Centurial Edition + မင်္ဂလာအခါပေးဗေဒင် calendar တို့ကို ထုတ်လုပ်ထားပြီး ရန်ကုန်၊ မန္တလေးရှိ ဖုန်းဆိုင်များမှာ ထည့်သွင်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်...
sm3 မြန်မာပြက္ခဒိန် Mobile Edition ကို download လုပ်ယူနိုင်ရန်...Download

Ornagai - English-Myanmar Mobile Dictionary

မလေးရှားရောက်မြန်မာများ Download လုပ်ပြီးကိုယ်တိုင်လည်းသုံး၊ သူများလည်း တစ်ဆင့်မျှဝေနိုင်အောင် Mobile Dictionary တစ်ခုဖြစ်တဲ့ http://ornagai.com/ မှ Online English <> Myanmar Dictionary အကြောင်းကို တင်ပေးလိုက်ပါတယ်။ မြန်မာလူငယ်များရဲ့ MysteryZillion မှ ထပ်မံပြီး ornagai.com မှာ Online Dictinary သာမက Mobile Phone နဲ့ ကွန်ပျူတာများအတွက် Offline အသုံးပြုနိုင်မယ့် English - Myanmar Dictionary များကိုလည်း download ရယူနိုင်ပါတယ်... Online Dictionary မှာတော့ အင်္ဂလိပ် မှာ မြန်မာ ၊ မြန်မာ မှ အင်္ဂလိပ်သို့ အပြန်အလှန် ရှာဖွေပေးနိုင်ပြီး Offline Dictionary မှာတော့ အင်္ဂလိပ် မှ မြန်မာ ဘာသာသို့ပဲ ရှာဖွေပေးနိုင်ပါတယ်... ယခင်က Mobile Phone များအတွက် dictionary ကို MZ Mobile Dictionary Version 0.1.8 Beta နာမည်ဖြင့် ထုတ်ဝေခဲ့ပြီး ယခုအခါ Ornagai Mobile Dictionary Version 1.1 အနေဖြင့် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်... Mobile Dictionary မှာ ရှာမယ့် စလုံးရိုက်ထည့်ရတာ အဆင့်များတာကလွှဲရင် အလွန် အသုံးတည့်တဲ့ Mobile Dictionary တစ်ခု ဖြစ်ကြောင်းပါ... Ornagai Mobile Dictionary ကို အခမဲ့ အသုံးပြုခွင့်ပေးထားပြီး http://www.ornagai.com/site/mobile ကနေ download ရယူ သုံးစွဲနိုင်ကြောင်းပါ... Java (CLDC 1.1 And MIDP 2.0) support လုပ်ထားသော ဖုန်းများတွင် သုံးစွဲနိုင်တယ်လို့ သိရပြီး အချို့ mobile phone handset များမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ယခင်ကဖော်ပြခဲ့ဖူးတဲ့ MZ-English-Myanmar Dictionary ထက် Ornagai က ပိုမိုပြည့်စုံမှုရှိတာတွေ့ရပါတယ်။ Ornagai.com သည် Dictionary နှင့်သက်ဆိုင်သော အကြောင်းအရာများ နည်းပညာများကို ဖော်ပြပေးထားသည်။ mobile, PDA, Google Bot စသည်တို့နှင့် သက်ဆိုင်သည်များကို ဖော်ပြပေးထားသည်။ OpenTechnology ဖြစ်သည်နှင့်အညီ dicitonary ပြုလုပ်နည်း နည်းပညာများကို ရေးသားထားသည်။ သက်ဆိုင်ရာ page များတွင် လိုအပ်သည်များကို သွားရောက် download ရယူနိုင်သည်။

28 April, 2009

ဗမာ့ တန်ဖိုး



-ကျော်သိင်္ခ-

မနေ့က အွန်လိုင်းပေါ်မှာ မလေးရှားက မိတ်ဆွေ တစ်ယောက် နှင့် တွေ့လို့ စကားပြောဖြစ်ခဲ့ကြပါသည်။ ဘယ်ဈေးပေါက်နေလဲ ဟုမေးကြည့်ရာ ရောင်းဈေး ၃၀၀၊ ပြန်တက် ၂၂၀၀၀၊ တစ်ဆင့်ပြန်ရောင်း ၄၀၀၀၀ လို့ ဆိုပါတယ်။ ကျနော်တို့ပြောနေကြတာ ကုန်ပစ္စည်း ဈေးနှုန်းမဟုတ်ပါ။ မလေးရှား နှင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူကုန်ကူးမှု ဈေးကွက် (Market of Human Trafficking) မှာ ဗမာတစ်ယောက် ရဲ့ တန်ဖိုး (တစ်နည်းအားဖြင့်) ဗမာတစ်ယောက်၏ ပေါက်ဈေးဖြစ်ပါသည်။

ကျနော့်မိတ်ဆွေမှာ လူပွဲစားတစ်ယောက် မဟုတ်ပါ။ သူက မလေးရှား နိုင်ငံတွင် နေလာခဲ့သည်မှာ ၁၃ နှစ်ကျော်ပြီ။ မလေးစကားကိုလည်း ကောင်းကောင်းပြောနိုင်သည်။ သူ နှင့် ကျနော် ကွာလာလမ်ပူရှိ လူမှုရေးအဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်စဉ်က သိကျွမ်းခဲ့ကြသည်။ ထိုစဉ်က သူလုပ်နေသော အလုပ် အလုံးစုံ ကို ကျနော်မသိခဲ့ပါ။ နောင်အခါ ကျနော် နေစရာ အခက်အခဲဖြစ်သောအခါတွင် သူ့အိမ်တွင်လိုက်နေမှ သူလုပ်နေသည့်အလုပ်ကို ကောင်းကောင်းသိခဲ့ရသည်။

(ဤနေရာတွင် မလေးရှား နိုင်ငံရှိ တရားမ၀င် ဗမာအလုပ်သမားများအကြောင်းကို အကျယ်တ၀င့် ရေးမနေတော့ပါ။ သတင်းဌာန အတော်များ များတွင် အခြားသူများလည်း ရေးနှင့်ခဲ့ပြီးသောကြောင့်ဖြစ်ပါသည်။)

ကျနော့်မိတ်ဆွေသည် မလေးရှားရှိ သူနှင့် နီးစပ်သော တရားမ၀င်အလုပ်သမားများ (သို့မဟုတ်) အခြားအလုပ်သမား တစ်ယောက်ယောက် အလုပ်မရှိလျှင် သော်လည်းကောင်း၊ ရဲအဖမ်းခံရလျှင် သော်လည်းကောင်း၊ သူဋ္ဌေး ညစ်လျှင်သော်လည်းကောင်း လိုက်လံပြီး ဖြေရှင်းပေးပါသည်။ အကယ်၍ အလုပ်သမားတစ်ဦးဦး ထောင်ကျ၍ ထိုင်းနယ်စပ်ရှိ ပွဲစားများထံ ရောင်းစားခံရသောအခါ၊ ထိုအလုပ်သမားက ဗမာပြည်သို့ မပြန်ဘဲ ကွာလာလမ်ပူသို့ ပြန်တက် လာချင်သောအခါ ကျနော့်မိတ်ဆွေက သူတတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးသည့် အလုပ်ကို လုပ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ Volunteer အလုပ်ဟု ဆိုရမည်။ တစ်ခါတစ်ရံ ကိုယ့်အိပ်ထဲက စိုက်ကုန်ရသည်များလည်း ရှိသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားတစ်ယောက်အဖမ်း ခံရသည်ဆိုပါစို့။ ပထမ ဦးစွာ ရဲက ထိုအလုပ်သမားအား ရဲစခန်းတွင် ထွက်ဆိုချက်ပေးရန် မေးခွန်းများ စစ်ဆေးမေးမြန်းခြင်းခံရမည်။ အကယ်၍ တရားရုံးတင်၍ စွပ်စွဲ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရလျှင်၊ အဆိုပါ အလုပ်သမားထွက်ဆိုသည့်အရာများကို သက်သေအဖြစ် ယူဆနိုင်သည်။ အကယ်၍ ထိုအလုပ်သမား အား ရဲက ရက်ပေါင်း (၁၄) ရက်ထက် ကျော်ပြီး ချုပ်ထားလိုပါက၊ သူတို့သည် တရားရုံး (အောက်ရုံးရှိ) တရားသူကြီးထံမှ ခွင့်ပြုချက် ရယူရပါမည်။ ရဲစခန်းတွင် ထိမ်းသိမ်းခံနေရစဉ်အတွင်း ထိုအလုပ်သမားအတွက် ဖြစ်နိုင်ခြေသုံးခုမှာ (ငွေကြေးနှင့်ဖြေရှင်း၍ရလျှင်) ရဲက လွှတ်ပေးမည်၊ ဒုတိယတစ်ခုမှာ (ငွေကြေးနှင့် ဖြေရှင်း၍ မရလျှင်) တရားရုံးတင်၍ စစ်ဆေးမည်။ နောက်ဆုံးတစ်ခုမှာ လ၀က ထိန်းသိမ်းရေးစခန်း (immigration camp) ထဲသို့ ပို့မည်။

အကယ်၍ တရားမ၀င်အလုပ်သမား တစ်ဦးအား ရုံးတင်စစ်ဆေးခဲ့သော်……..

တရားရုံး (အောက်ရုံး၌) UNHCR (သို့) လူမှုရေးအဖွဲ့အစည်းတစ်ခုခုသို့ အကြောင်းကြားရမည်။ (မှတ်ချက်။ ။ မြန်မာသံရုံးမပါ။) UNHCR နှင့် အဖမ်းဆီးခံရသူ၏ အသိမိတ်ဆွေအသိုင်းအ၀ိုင်းကို ဆက်သွယ်၍ မရခဲ့လျှင် အောက်တရားသူကြီးရုံးအား UNHCR ရုံးသို့ ဆက်သွယ်ဖို့ရန် ခွင့်တောင်းရမည်။ မိမိအား ကူညီပေးမည့် ရှေ့နေတစ်ဦးဦးကို ဥပဒေအကျိုးတော်ဆောင် ဋ္ဌာနတွင် အကူအညီတောင်းခံမည်။ မလေးဘာသာ စကားကို နားမလည်လျှင် စကားပြန် တစ်ယောက်ကို အကူအညီတောင်းခံမည်။ မိမိသည် မိသားစုကို ကြည့်ရှုသူဖြစ်ကြောင်း၊ ငွေကြေးအခက်အခဲ နှင့် ကျန်းမာရေးအခြေအနေများကို တရားသူကြီးထံပြောပြရမည်။ မိမိ၏ ရပိုင်ခွင့်နှင့် အခွင့်အရေး ကို ကာကွယ်ရန် တရားသူကြီးတွင် တာဝန်ရှိသည်ဆိုသည်ကို သိထားရမည်။ အကယ်၍ တရားရုံးက မိမိသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရလျှင် (မည်သည့်အခြေအနေဖြစ်နေပါစေ) မှားပါသည် ဟု (ထိုကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေသည့် စကားဖြင့်) ၀န်မခံသင့်ပါ။ တရားရုံးတွင် စွဲချက်တင်ခြင်းခံရသည့် အမှုနံပါတ်နှင့် ဖြစ်နိုင်ပါက စွဲချက်မိတ္တူကို တောင်းယူရမည်။ နောက်ဆုံး စီရင်ချက် ချမှတ်လျှင် ထောင်ဒဏ် (သို့) ငွေဒဏ် (သို့) ကြိမ်ဒဏ် တစ်ခုခု ဖြစ်နိုင်သည်။ စီရင်ချက်ချ မှတ်လျှင် စီရင်ချက်ကို အသနားခံရမည်။ ကြိမ်ဒဏ်မပေးရန်တောင်းဆိုရမည်။

အထက်ပါ ဖော်ပြချက်မှာ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးခံရသည့် တရားမ၀င် အလုပ်သမားတစ်ယောက် သိထားရမည့်အချက်များ ဖြစ်ပါသည်။ ထို့နောက် စီရင်ချက်သည် ထောင်ဒဏ်ဖြစ်သည် ဆိုပါစို့။ ထိုအလုပ်သမားသည် ထောင်ထဲတွင် တစ်လ မှ လေးလ လောက်အထိ ဖမ်းဆီးထိန်းသိမ်းခံရမည်။ ထိုအတောအတွင်း ထို အလုပ်သမားအား ထောင်အာဏာပိုင်များက ထိုင်းနယ်စပ်တွင် သွားရောက်စွန့်ပစ်ခံရန် လက်ခံနိုင်၊ လက်မခံနိုင်ကို မေးမည်။ ထိုအခါ ထောင်တွင်းတွင် အစာရေစာ ၀၀ လင်လင် မစားရ၍ သော်လည်းကောင်း၊ ထောင်ထဲရှိ အခြား နိုင်ငံသားများ (အင်ဒိုနီးရှား နှင့် ဘင်္ဂလား ကုလားများ) ၏ အနိုင်ကျင့် ထိုးကြိတ်ခြင်းကို မခံနိုင်ကြ၍ သော်လည်းကောင်း၊ စွန့်ပစ်မည့် အစီအစဉ်ကို လက်ခံကြ သည့်သူများသည် ရောင်းစားခြင်းကို ခံကြရသည်။ တစ်နည်းအားဖြင့် ဆိုသော် လူကုန်ကူးခြင်းကို ခံကြရသည်။ စွန့်ပစ်ဖို့ လက်မခံသူများသည် ထောင်ထဲတွင် UNHCR မှ အရာရှိများ လာရောက် ကယ်ထုတ်နိုင်မည့် နေ့ကို စောင့်ရင်း နှစ်ပေါင်းများစွာ ထောင်ထဲ၌ပင် ဒုက္ခ ဆက်လက်ခံကြရသည်။ ယခင်က UN မှ အရာရှိများက ထောင်သားများကို လာရောက်ပြီး ကယ်တင်၊ ထုတ်ယူခွင့် ရှိသော်လည်း၊ ယခုတွင် UNHCR အား မလေးအာဏာပိုင်များက ထောင်းတွင်းသို့ သွားရောက်လည်ပတ်ခွင့် မပေးတော့ပါ။ မိမိတွင် ထောင်ဝင်စာ လာတွေ့မည့်သူရှိလျှင် အနည်းဆုံး တစ်လ တစ်ခါတော့ အူစို (ဖွယ်ဖွယ်ရာရာလေး စားကြရသည်) ကြရသည်။

ဗမာ ကျွန် သမိုင်းအစ

၁၉၉၅/၉၆ လောက်ကဖြစ်သည်။ မလေးရှား နိုင်ငံတွင် ဗမာအလုပ်သမားများ ဗီဇာသက်တမ်းကျော်ပြီး စတင် နေထိုင်စ ကာလ ကဖြစ်သည်။ မလေးအစိုးရက ဗမာနိုင်ငံသားတွေ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သည့် ကိစ္စနှင့် ပက်သက်၍ ဗမာအစိုးရကို ဆွေးနွေးရာ၊ ဗမာအစိုးရက မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေသော ဗမာများသည် ဗမာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်နေသော ပြည်ပြေးများသာဖြစ် ကြောင်း၊ ထို့ကြောင့် ဗမာ အစိုးရတွင် တာဝန်မရှိကြောင်း ငြင်းလိုက်သည့်အတွက်၊ ထိုအချိန်ကစပြီး မလေးရဲတွေက ဗမာတွေကို ဖမ်းမိသည့်အခါ ထိုင်း-မလေးရှား နယ်စပ်တွင် သွားလွှင့်ပစ်ပါတော့သည်။ ၉၉/၂၀၀၀ လောက်က စပြီး၊ မလေးရဲတွေက ဖမ်းမိတဲ့ ဗမာတွေကို ထိုင်းရဲလက်ထဲကို အပ်ပါသည်။ ထိုင်းရဲတွေက တစ်ဆင့် ထို ဗမာများကို ရနောင်း ဘက်တွင် သွားလွှင့်ပစ်ပါသည်။ တရားမ၀င် ဗမာအလုပ်သမား စွန့်ပစ်ရေးကိစ္စနှင့် ပက်သက်ပြီး မလေးအာဏာပိုင်များ နှင့် ထိုင်းအာဏာပိုင်တို့အကြား သဘောထား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ကို သွားပစ်ပါသည်။ အဲဒီ နောက်ပိုင်း ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းက စပြီး မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ရှိ ပွဲစားတွေလက်ထဲကို ရောင်းပါတော့သည်။ ထို အချိန်မှ စပြီး၊ ထိုင်း နှင့် မလေး နယ်စပ်တို့တွင် လူကုန်ကူးမှုသည် တစ်စတစ်ခု ကြီးထွားလာကာ ဗမာကျွန်ရောင်းဝယ်ရေး စနစ်သည်လည်း အသက်ဝင်လာခဲ့သည်။

မိမိအား ထိုင်း - မလေးရှား နယ်စပ်တွင် စွန့်ပစ်ရန် သဘောတူကြသည့်သူများကို မလေးရဲက ထိုင်း နယ်စပ်တွင်ရှိသော ထိုင်း ပွဲစားများထံ မလေးရင်းဂစ် ၃၀၀ နှင့် ရောင်းစားသည်။ ထို ထိုင်းပွဲစားများ လက်အောက်တွင် ဗမာ အပါအ၀င်၊ တိုင်းရင်းသား ပွဲစားများက ဝေစား၊ မျှစား စနစ်ဖြင့် လူပွဲစားအလုပ်ကို လုပ်ကြသည်။ ထိုပွဲစားများ လက်ထဲသို့ရောက်သွားပါက ရွေးချယ်ရန် လမ်းနှစ်လမ်းထဲမှ တစ်လမ်းကို ရွေးနိုင်သည်။ ပထမ တစ်ခုမှာ ဗမာပြည်ကို ပြန်မလား၊ သို့မဟုတ်၊ ကွာလာလမ်ပူသို့ ပြန်တက်မလား။ ဗမာပြည်သို့ ပြန်မည်ဆိုလျှင် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ရန် ဗမာပြည်ရှိ မိမိ၏ မိသားစု (သို့မဟုတ်) ဆွေမျိုးများအား ပွဲစားက အကြောင်းကြားပေးမည်။ ကွာလာလမ်ပူသို့ ပြန်တက်မည်ဆိုလျှင် မိမိအား ပွဲစားလက်ထဲမှ ထိုင်းဘတ် ၂၂၀၀၀ နှင့် ၀ယ်ရန် မလေးရှိ မိမိ၏ မိတ်ဆွေ တစ်ဦးဦးအား ပွဲစားက ဆက်သွယ်ပေးမည်။ ပိုက်ဆံလွှဲရန် ၄င်း၏ ဘဏ်စာရင်း နံပါတ်အားပေးလိုက်မည်။ ၂၂၀၀၀ ရပါက ပွဲစားက မိမိအား အခြားပွဲစား တစ်ဦးဦးလက်သို့ အပ်ကာ ကွာလာလမ်ပူ အထိအရောက်ပို့ပေးမည်။ ယခင်က ကွာလာလမ်ပူသို့ ပြန်တက်လျှင် ထိုင်းဘတ် ၁၅၀၀၀ ပေးရသော်လည်း၊ ယခုအခါ ဘတ် ၂၂၀၀၀ အထိ ပေးကြရကြောင်း၊ ရောင်းစားခံခဲ့ကြရသော ဗမာအလုပ်သမားများ ထံမှ သိရသည်။ ထို လမ်းကြောင်း နှစ်ခု ထဲမှ တစ်ခုခုအား ရွေးချယ်ရန် ပွဲစားက ရက်အနည်းငယ် အချိန်ပေးမည်။ သို့သော် မိမိအား ၄င်းလက်ထဲတွင် ကြာကြာထားမည်မဟုတ်။ ရက် အကန့်အသက်ဖြင့်သာ။ ထိုရက်ကျော်သွားပါက ထိုင်း နိုင်ငံတွင်းရှိ ရာဘာခြံတစ်ခုခု သို့ ဗမာတစ်ယောက် ကို ကျွန်အဖြစ် ထိုင်းဘတ် ၄၀၀၀၀ ဖြင့် ရောင်းစားမည်။

ကွာလာလမ်ပူသို့ ပြန်တက်မည့်သူများသည် ထောင်တွင်း၌ရှိနေစဉ်ကတည်းက မိမိအား စွန့်ပစ်ရန် သဘောတူညီပြီးသော်၊ မိမိမိတ်ဆွေမှ နောက်တစ်ကြိမ်ထောင်ဝင်စာ လာတွေ့ပါက မိမိအနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက်တွင် မလေးနယ်စပ်သို့စွန့်ပစ် (ရောင်းစား) ခံရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ပေးပါရန်၊ မိမိမိတ်ဆွေတွင် ငွေကြေးအလုံအလောက်မရှိပါက စုပေါင်း စပ်ပေါင်း ချေးငှားပြီး မဖြစ်ဖြစ်သည့်နည်းနှင့် ၀ယ်ပေးပါရန် ပြောရတော့သည်။ ထိုအခါ သူ့အလှည့်၊ ကိုယ့်အလှည့် ဆိုတာ ရှိသည့်အတွက် ကြောင့် အလုပ်လုပ်နေသော (အဖမ်းဆီးမခံရသေးသော၊ မိမိတို့လည်း တရားမ၀င် အလုပ်လုပ်နေကြရသော) အလုပ်သမားများက စာနာထောက်ထားစွာ ၀ိုင်းဝန်းကူညီကြသည်။ သို့သော် အချို့က ကူညီချင်သော်လည်း အလုပ်အကိုင်က အဆင်မပြေ (ယခု အချိန်အခါမျိုးသည် အဆိုးဆုံးအခြေအနေဖြစ်ပါသည်)။ ထိုအခါမျိုးတွင် ရော်ဘာခြံသို့ ဘတ်လေးသောင်း ဖြင့် ရောင်းစားခံကြရသည်။

ရာဘာခြံသို့ရောက်သော် ထိုင်းသူဋ္ဌေးက မျက်နှာသာမပေး။ ရာဘာခြံမှ ထိုင်းအလုပ်သမားများက မကျေနပ်။ အဘယ်ကြောင့်ဆိုသော် (ရောင်းစားခြင်းမခံရသော) သာမန် အလုပ်သမားတစ်ယောက် ရာဘာခြံတွင် အလုပ်ရပါက ထိုအနေရာတွင်ပင် အလုပ်အကိုင် အခြေတကျဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။ ၀င်ငွေလည်းမှန်သည်။ ထိုအခါ အခြားသူများလည်း အလုပ်လာလျှောက်ချင်ကြသည်။ သို့သော် ရာဘာခြံတစ်ခြံမှာ ရာဘာခြစ်သည့် အလုပ်ရရန်မှာ မလွယ်ကူပါ။ အလုပ်ရလျှင်လည်း နှစ် နှင့်ချီပြီး စားပေဦးတော့။ ထိုအခါ ထိုင်းနိုင်ငံတွင် ရာဘာခြံများ၌ ထိုင်းအလုပ်သမားများအကြား၊ ဗမာ အလုပ်သမားများအကြား၊ ထိုင်း နှင့် ဗမာအလုပ်သမားများအကြား ခြံလုသော ပြဿနာ ကြီးထွားလာသည်။ မိမိရာဘာ ခြစ်သည့် ခြံအတွင်း ရာဘာစေးခံသည့် ခွက်ထဲ၌ သေနတ်ကျည်တစ်တောင့် လာထည့်ထားသည်ကို တွေ့ပါက ပြေးပေတော့။ သို့မဟုတ်ပါက မကြာမီ အသတ်ခံရမည်။ ရာဘာခြံ အလုပ်သမားများသည် ရာဘာခြစ်ရန် မနက် ၂ နာရီ၊ ၃ နာရီ ထပြီး ခြစ်ကြရသည်။ ရာဘာစေး က အေးသည့်အချိန်တွင် ထွက်သည့်အတွက်ကြောင့်ဖြစ်သည်။ မနက် မိုးလင်းလျှင် ရာဘာစေးက သိပ်မထွက်တော့။

မနက်စောစောစီးစီး အလင်းရောင်က မလာသေး။ မိမိတွင်ပါလာသော မှိန်ဖျဖျ မီးအိမ်ကလေးဖြင့် တစ်ယောက်တစ်နေရာတွင် နေရာခွဲပြီး ရာဘာခြစ်ကြရသည်။ တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန်မျိုးတွင် ရာဘာခြံတွင်း လူသတ်မှု အဖြစ်များသည်။ မနက်မိုးလင်းသော် မိမိအဖော် ပါမလာ၍ ဟိုရှာ၊ သည်ရှာ၊ ရှာတော့မှ အလောင်းကို ချောင်းစပ်၊ မြောင်းစပ်တွင် သွားပစ်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် အခေါက်က ကျနော် ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်ဆီ ထမရတ်ခရိုင်၊ နာဘွန်မြို့က ဗမာအလုပ်သမားများ နေထိုင်ရာ ရာဘာတော သို့ အလည်သွားခဲ့စဉ်က၊ ကျနော် ထိုနေရာသို့ မရောက်မီ တစ်ပတ်အလိုတွင် အလားတူ လူသတ်မှုတစ်ခု ဖြစ်ခဲ့သည်ကိုကျနော်နှင့် အတူနေခဲ့သူ ရာဘာခြံအလုပ်သမားတစ်ဦးကပြောပြ၍ သိခဲ့ရသည်။
ထိုအခါ အထက်တွင်ရေးခဲ့သလိုမျိုး ရောင်းစားခံထားရသော ဗမာ အလုပ်သမားတစ်ယောက် (ဗမာကျွန်တစ်ယောက်)က မိမိအလုပ်လုပ်နေ သော ရာဘာခြံအတွင်း ရာဘာစေးခွက်ထဲ၌ ကျည်ဆန်တစ်တောင့် ကိုတွေ့၍ ထွက်မပြေးခဲ့သော်၊ အသက်အန္တရာယ် အတွက် စိုးရိမ်ရသည်။ ထွက်ပြေးခဲ့သော် ငွေဝယ်ကျွန်ဖြစ်သည့်အတွက် သူဋ္ဌေးက ရန်ရှာမည်။ ရွေးစရာ လမ်းမရှိ၊ ပြေးစရာ မြေမရှိ။ ခေတ်သစ် ကျွန်ပိုင်ရှင်စနစ် မှ ဗမာကျွန်များ၏ ဘ၀က ဆိုးဝါးလှသည်။

ကျွန် ချင်းတူသော်လည်း တန်ဖိုးချင်းမတူ

အောက်မှာ ဖော်ပြထားတဲ့ သတင်းစာ အပိုင်းအစလေး ကို ဖတ်ကြည့်စေချင်ပါသည်။ ကျနော် မလေး မှာ ရှိစဉ်တုန်းက ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် New Straits Times သတင်းစာထဲမှာ ဖော်ပြထားတဲ့ သတင်းလေးတစ်ပုဒ်ပါ။ တစ်နေ့ ဒီဆောင်းပါးကို ရေးမယ်လို့ စိတ်ကူးထားသည့်အတွက် အဲဒီ သတင်းလေးကိုဖြတ်ပြီး သိမ်းထားခဲ့တာပါ။ အောက်မှာ သတင်းကို ဘာသာပြန်ပေးထားပါတယ်။

ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယို ရဲ့ သူသားချင်း စာနာမှု ပြယုဂ်


ဆော်ဒီ အာရေဗီးယား နိုင်ငံကနေ သေဒဏ်ပေးထားခံရခြင်းမှ လွတ်မြောက်လာသူ ဖိလစ်ပိုင် အိမ်ဖော် ဆာရာ ဒီမတ်ထရာ (ပုံ - ညာ) ကို ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယိုက မနေ့က (၁၀.၅.၂၀၀၇) မနီလာရှိ မာလကန်နန် သမ္မတနန်းတော်မှာ ဆော်ဒီ အစိုးရထံမှ လွှဲပြောင်း လက်ခံယူလိုက်ပါတယ်။ ဆော်ရီအာရေဗီးယား နိုင်ငံတွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ ဆာရာဟာ ၁၉၉၂ ခုနှစ်က သူမရဲ့ အလုပ်ရှင် သူဋ္ဌေးအမျိုးသမီးကို တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့အတွက် သေဒဏ်ပေးထားခြင်းခံရပြီး၊ ထောင်ထဲမှာလည်း ၁၅ နှစ်ကြာ ချုပ်နှောင်ထားခြင်းခံရပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာ သူမ (ဒီမတ်ထရာ) မှာ လေးနှစ်အရွယ် သမီးလေးရှိပါတယ်။ ဆော်ဒီ အာရေဗီးယား နိုင်ငံရဲ့ ဥပဒေအရ ကလေးဖြစ်သူ အသက်၁၈ နှစ် မပြည့်ခင်မှာ မိခင်ဖြစ်သူကို သေဒဏ်ပေးခွင့် မရှိသေးပါဘူး။ အာရိုယိုဟာ ဆော်ဒီ ဘုရင် အဗ္ဗဒူလာ နဲ့ ပြီးခဲ့တဲ့နှစ် (၂၀၀၆) မေလမှာ တွေ့ဆုံပြီး၊ ဆော်ဒီအာရေဗီးယားနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုဟာ သေဒဏ်ချထားခြင်းခံရသူ ဒီမတ်ထရာ အတွက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုတစ်ခု ဖြစ်ခဲ့ပါတယ်။

အသတ်ခံရသူ သူဋ္ဌေးမ မိသားစုက ဖိလစ်ပိုင်အစိုးရအား တရားခံ ဒီမတ်ထရာ ရဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းပေးဖို့ဆိုရင် ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်း (မလေးငွေ ရင်းဂစ် ၃.၄ သန်း) ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရနဲ့ ငွေကြေးလှူဒါန်းမည့်သူအချို့က ထိုအချက်ကို သဘောတူညီပြီး လူ့အသက်တစ်ချောင်း ကယ်တင်ရေးလှူဒါန်းငွေတစ်ရပ်အနေနဲ့ တရားလို မိသားစုကို ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်းကို ပေးလိုက်ပါတယ်။ ထို လှူဒါန်းငွေ ၄၈ သန်းထဲက ပီဆို ၈ သန်းကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေက စုပေါင်းလှူဒါန်း တာဖြစ်ပြီး၊ ပီဆို တစ်သန်းကို အရှေ့အလယ်ပိုင်း နိုင်ငံတွေက လှူဒါန်းတာဖြစ်ပါတယ်။ သမ္မတာ အာရိုယို ရဲ့ ဆော်ဒီ ခရီးစဉ် အပြီးမှာ၊ ဆော်ဒီ အာရေဗီးယား နိုင်ငံက ဖိလစ်ပိုင်အလုပ်သမား တစ်ထောင်ကို သူတို့ရဲ့အလုပ်ရှင်တွေက အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာ တွေကြောင့် ဖိလစ်ပိုင် နိုင်ငံကို ပြန်ပို့ပြီးဖြစ်တယ်လို့ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာန က အတွင်းရေးမှူးဖြစ်သူ အာတူရို ဘရီယွန် က မကြာသေးမီက ပြောပြခဲ့ပါတယ်။

အထက်ဖော်ပြပါ သတင်းကို ဖတ်ကြည့်လျှင် တိုင်းပြည်အုပ်ချုပ်သူရဲ့ မိမိ လူမျိုးအပေါ် (အိမ်ဖော်ပင် ဖြစ်လင့်ကစား) လူလူချင်း တန်ဖိုးထားတယ် ဆိုတာ ပေါ်လွင်နေပါတယ်။ နောက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုလည်း တွေ့ရမှာပါ။ ဒီမတ်ထရာ ဆိုသူ အိမ်ဖော်ရဲ့ တန်ဖိုး နဲ့ ထိုင်း - မလေးနယ်စပ်မှာ ရောင်းစားခံနေရတဲ့ ဗမာကျွန်တွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ အခြေအနေနှစ်ရပ်နဲ့ နှိုင်းယှဉ်ပြခဲ့ပါပြီ။

ကျွန် ဆိုရာ၌ စိတ်ပိုင်းဆိုင်ရာ ကျွန် နှင့် အခြေအနေအရ ကျွန်ဟူ၍ နှစ်မျိုး နှစ်စား ခွဲပြီးပြောချင်ပါသည်။ အထက်ဖော်ပြပါ ကျွန်အမျိုးအစားမှာ မိမိ ၏ စားဝတ်နေရေးအခြေအနေအရ သူများထံတွင် ကျွန်ခံပြီး အလုပ်လုပ်နေရသော သူများသာ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျွန်ဆိုသည်မှာ မိမိလူမျိုးအချင်းချင်း ဖိနှိပ်၊ ညှဉ်းဆဲသူ။ လွတ်မြောက်နိုင်သည့် လမ်းကြောင်း ကို မရှာဖွေချင်သူ။ မရှာဖွေသူ။ တစ်နေရာထဲတွင် မှီခိုကာ လွတ်မြောက်ရေးလမ်းကို မရှာဖွေသူသည်လည်း စိတ်ဓာတ်ရေးရာအားဖြင့် ကျွန်စိတ်ဓာတ်ဟု ဆိုချင်ပါသည်။ ရှင်းရှင်း ဆိုရသော် လွတ်လမ်းမရှာဘဲ မှီခိုချင်သည့် စိတ်ဓာတ်သည် ကျွန်စိတ်ဓာတ်သာလျှင်ဖြစ်သည်။ ဗမာ ကျွန်ရှိနေသ၍၊ ကိုယ်သည် ဗမာတစ်ယောက် (ဗမာနိုင်ငံဖွား) တစ်ယောက် ဖြစ်နေသ၍ ကိုယ်လည်းဘဲ ကျွန်မျိုး၊ ကျွန်နွယ်ဝင်ဖြစ်နေမည်။ ထို့ကြောင့် မိမိလူမျိုးအချင်းချင်း စာနာထောက်ထား၍၊ အားလုံးဝိုင်းဝန်း၍ ဗမာကျွန်စနစ် ပပျောက်သွားအောင် ၀ိုင်းဝန်းကြိုးပမ်းကြမှသာ ဗမာကျွန် ဟူသော စကားလည်းပပျောက်သွားမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

ကျော်သိင်္ခ

တစ်လက်စ တည်း ကဗျာ ဆရာ ကောင်းကင်ကို ရဲ့ ကျွန် ကဗျာလေးကိုလည်း ဖတ်သွားစေချင်ပါသည်။ ရင်ကို ကိုင်လှုပ်သော ကဗျာတွေထဲက တစ်ပုဒ်ပါ။

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

(ကောင်းကင်ကို)


(ဤဆောင်းပါးအား ကိုမိုးသီးဇွန်ဘလောဂ့် မှ ထပ်ဆင့်ဖော်ပြပါသည်။)

မြန်မာတွေ ရောင်းစားခံနေရမှု မလေးအရာရှိများ ပါဝင်

မြန်မာပြည်မှာ စီးပွားရေးကျပ်တည်းတာကြောင့်မိုလို့ မလေးရှားနိုင်ငံကို စွန့်စွန့်စားစား ထွက်အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတချို့ဟာ မလေးရှားအာဏာပိုင်တချို့ရဲ့ ဖမ်းဆီးတာကို ခံရပြီးတော့ မလေးရှားနဲ့ ထိုင်းနယ်စပ်တွေမှာ လူမှောင်ခိုပွဲစားတွေရဲ့ လက်ထဲကို ရောင်းစားတာ ခံနေရပါတယ်။ မလေးရှားနိုင်ငံမှာ ရောင်းစားခံနေရတဲ့မြန်မာတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ ရှိနေပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တွေက လူပွဲစားတွေထံကို ရောင်းစားနေကြောင်း အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီရဲ့ တွဲဖက် အတွင်းရေးမှူး ကိုကျော်ထူးအောင်က အခုလို ပြောပါတယ်။ “လ၀က က ထိန်းသိမ်းပြီးတော့ သူတို့ကို နယ်စပ်ခေါ်သွားတယ်။ နယ်စပ်ရောက်လို့ရှိရင် အဲဒီခေါ်သွားတဲ့ လ၀က တွေကပဲ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲကို ဒီ ပြန်ပို့ခံရတဲ့သူတွေကို လွှဲပေးလိုက်တယ်။ ပိုက်ဆံငွေရေးကြေးရေးကအစ သူတို့ ဘယ်အချိန်မှာ လူဘယ်နှစ်ယောက်လာပို့မယ် ဆိုတာကအစ သူတို့ နောက်ကွယ်မှာ ရှိနေတယ်။ နောက်ကွယ်ကနေ သူတို့ အဆက်အသွယ် လုပ်ထားပြီးတော့မှာ သူတို့ သွားပို့တယ်။ သွားပို့ပြီးတော့ လွှဲပေးပြီးတော့မှ ပြန်လာတယ်။ ပြန်လာပြီးတဲ့ နောက် အဲဒီနောက်ပိုင်း ပြန်ဝင်လာတဲ့အချိန်မှာလည်း ဒီနိုင်ငံက အစိုးရ၀န်ထမ်းတွေ ပါဝင်ပတ်သက်မှု ရှိနေတယ်။ အဲဒါကို လည်း ကျနော်တို့က သက်သေအထောက်အထားတွေ ဘာတွေ ရထားပြီးပြီ။ ဒီမှာရှိတဲ့ အစိုးရကို ကျနော်တို့ ကိုယ်တိုင်က တော့ ပြောလို့မရဘူးပေါ့။ ဒီမှာရှိတဲ့ အဲန်ဂျီအိုတွေနဲ့ ပေါင်းပြီးတော့ သူတို့ကို ပြန်ပြီးတော့ ပြောမယ်။” ထိုင်း-မလေး နယ်စပ်မှာ မြန်မာတွေ လူပွဲစားတွေလက်ထဲ ရောက်သွားခဲ့ရတဲ့ အခြေအနေတွေကို ပြောပြခဲ့ရာမှာတော့ - “သူတို့ကို လ၀က ကနေပြီးတော့ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲကို လွှဲပေးလိုက်ပြီဆိုရင် သူတို့က သုံးခုကို သူတို့ ပြောပြ တယ်ပေါ့။ တစ်နည်းက ဒီမလေးရှားထဲကို ပြန်ဝင်မလား၊ နောက်တစ်နည်းက မြန်မာပြည်ကို ပြန်သွားမလား၊ နောက် တနည်း က ပိုက်ဆံမပေးနိုင်လို့ရှိရင် လှေမှာ အရောင်းစားခံမလား။ အများသောအားဖြင့် ရောင်းစားတာက ယောက်ျား လေးတွေဆိုရင် ငါးဖမ်းလှေကို ရောင်းတယ်။ မိန်းကလေးတွေဆိုရင် ပြည့်တန်ဆာလုပ်ငန်းတွေဘက်မှာ သူတို့ ရောင်းပစ် လိုက်တယ်ပေါ့။ ဒီ ထိုင်းဘက်က။ အကုန်လုံးက ပြန်ဝင်လာတဲ့သူတွေပဲ များတယ်။ မြန်မာပြည်ကိုလည်း သူတို့ မပြန်ဘူး။ ပိုက်ဆံမရှိလို့ရှိရင်တော့ လှေမှာ အရောင်းစားခံရတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ဒီမှာ သူငယ်ချင်း အဆက်အသွယ်၊ ဆွေမျိုးမိဘ အဆက်အသွယ်တွေကနေတဆင့် အကူအညီတောင်းပြီးတော့ မလေးရှားထဲကို ပြန်ဝင်လာကြတယ်။” ငွေကြေးမပေးနိုင်တဲ့သူတွေဟာ ရိုက်နှက်ခြင်းကိုပါ ခံရတယ်လို့ ဆိုပါတယ်။ “ပိုက်ဆံမပေးနိုင်တဲ့သူတွေဆိုတာတောင်မှ အဲဒီလို မပေးနိုင်တဲ့သူတွေထဲမှာ သူတို့သတ်မှတ်ထားတဲ့ ရက်ပြည့်လို့မှ သူတို့ ဖုန်းဆက်လို့ ပိုက်ဆံပေးဖို့မသေချာဘူး ဆိုလို့ရှိရင် အရိုက်ခံရတာတွေ ရှိတယ်။ အဲဒီလိုမျိုးလူတွေလည်း ကျနော်တို့ဆီမှာ ရှိနေတယ်။ အရိုက်ခံရတာတို့ အထိုးခံရတာတို့၊ သူတို့ ပိုက်ဆံရဖို့ ရက်နည်းနည်းကြာသွားလို့ရှိရင် ဒီလူတွေကို ထမင်းတွေ ဘာတွေ မကျွေးတော့ဘဲ အငတ်ထားတဲ့ဟာမျိုးတွေပါ ရှိပါတယ်။” တခြားနိုင်ငံသားတွေကို ဖမ်းမိတဲ့အခါမှာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ယူပြီး ပြန်ပြီးတော့ လက်ခံတာတွေ ရှိနေပေမဲ့ မြန်မာကတော့ လက်ခံတာတွေ မရှိတဲ့အတွက် ရောင်းစားတာကိုပဲ ခံနေရကြောင်းတွေကိုလည်း ပြောပြသွား ပါတယ်။

23 April, 2009

မလေးရှား အခွန်တိုးမြှင့်မှု မြန်မာ အလုပ်သမားတွေ ထိခိုက်



မလေးရှား အစိုးရက နိုင်ငံခြားသား အလုပ်သမား ကုမ္ပဏီများကို အခွန်နှစ်ဆခန့် စည်းကြပ်မည့် အစီအစဉ်သည် မလေးရှားတွင် လုပ်ကိုင်လျှက်ရှိသော မြန်မာ အလုပ်သမား များကိုလည်း ထိခိုက်နစ်နာမှု ဖြစ်လာမည်ဟု ရန်ကုန် မြို့ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောသည်။

လတ်တလော စီးပွားရေးကျဆင်း နေမှုကြောင့် နိုင်ငံသား အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ အတွက် နိုင်ငံခြားသား အလုပ်သမားများ လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ အခွန်နှစ်ဆ တိုးမြှင့်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ယင်းအေဂျင်စီများက ဆိုသည်။

“အခုလို အခွန်နှစ်ဆ တိုးလိုက်ရင် နိုင်ငံခြားသား အလုပ်သမား ငှားခတွေ အရမ်းမြင့်သွားနိုင်တယ်၊ ကျနော်တို့ ပြည်တွင်း အလုပ်သမားတွေငှားဖို့ကို မျှော်လင့်ရတော့မှာပဲ”ဟု မလေးရှား လူအရင်းအမြစ် ၀န်ကြီးဌာန ၀န်ကြီး Datuk Dr S Subramaniam ကလည်း မလေးရှား အလုပ်သမားများကို ပြောဆိုကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံခြားသား အလုပ်သမား တဦးအတွက် တနှစ်လျှင် အခွန် မလေးရှား ရင်းဂစ် ၁၂၀၀ မှ ၁၈၀၀ အထိ အလုပ်သမား ကုမ္ပဏီများက အစိုးရကို ပေးဆောင်နေ ရကြောင်း၊ ယခု ပေးဆောင်ရမည့် အခွန်နှစ်ဆသည် ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များနှင့် အိမ်ဖော်လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ မပါဝင် သေးကြောင်းလည်း မလေးရှားရှိ မြန်မာအလုပ်သမား အသိုင်းအ၀န်းက ပြောသည်။

မလေးရှားတွင် မြန်မာအလုပ်သမား ၁ သိန်းခန့် အပါအ၀င် နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့် နေထိုင် လုပ်ကိုင်နေပြီး ၎င်းတို့သည် များသောအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ရာဘာစိုက်ခင်းများ၊ တခြားသော စက်ရုံအလုပ်ရုံများနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား တဦး၏ တလ ၀င်ငွေမှာ ရင်းဂစ် ၅၅၀ ခန့်ရှိ၍ စားသောက်ဆိုင်များတွင် လုပ်ကိုင်သည့် အလုပ်သမား တဦးက ရင်းဂစ် ၇၅၀ ခန့်ရရှိပြီး မလေးရှားတွင် လာရောက် အလုပ်လုပ်ကိုင်ရန် အတွက် အလုပ်ရှာဖွေရေး အေဂျင်စီများသို့ အကျိုးဆောင်ခ ကျပ် ၁၆ သိန်းနှင့် အထက် ပေးကြရကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကလန်မြို့ရှိ မြန်မာ အလုပ်သမား တဦးက “အစိုးရ အခွန်အတွက် လစာရဲ့ ၂၀ ရာနှုန်းလောက် အထိ ပေးနိုင်ပါတယ်၊ အခုက ၄၀ ရာနှုန်းလောက် ပေးရမှာ”ဟု ပြောဆိုသည်။

လက်ရှိ အခြေအနေအရ မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား အများစုမှာ မြန်မာနိုင်ငံသို့ ပြန်နေကြကြောင်း မလေးရှားရှိ မြန်မာ အသိုင်းအ၀န်း၏ ပြောဆိုချက်များအရ သိရသည်။

18 April, 2009

ရုပ်ရှင်ကြည့်ရင်း အမှတ်တမဲ့

မလေးရှားရဲ့ လူသိနည်းတဲ့ အတွေ့အကြုံတွေထဲမှာ ရုပ်ရှင်ကြည့်တာကလည်း တစ်ခု အပါအ၀င် ဖြစ်လိမ့်မည် ထင်ပါတယ်။ မြန်မာ အလုပ်သမားများအနေနဲ့ အလုပ် မအားလပ်မှုရယ် DVDနဲ့VCD တွေ နေရာအတော်များများမှာလွယ်လင့်တကူ ၀ယ်နိုင်တာကြောင့်ရယ် တကူးတက အချိန်မပေးရတဲ့ အိမ်တွင်းအပမ်းဖြေမှုစနစ်တွေက ရုပ်ရှင်ကိုရုံကြီးများတွင် မကြည့်ဖြစ်တာ ဖြစ်နိုင် ပါတယ်။ မြန်မာပြည်မှာတော့ ပြည်တွင်းရုပ်ရှင်ရုံများ၏ ၀န်ဆောင်မှုနဲ့ ၀င်ငွေနည်းပါးမှု အပေါ် မူတည် ပါတယ်။ ဆင်ဆာအဖွဲ့က တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ ဇာတ်ညွှန်းတားမြစ်ချက်များ၊ ရိုက်ကွင်းနေရာ ကန့်သတ်ချက်များဟာလည်းဟာ ဒီခေတ်ရဲ့ကြည့်ရှုသူပရိတ်သတ်ကို စွဲဆောင်မှု နည်းစေခဲ့တယ်။ ဒါက မြန်မာပြည်မှာပါ။
မလေးရှားမှာတော့ ရုပ်ရှင်လုပ်ငန်းလုပ်ငန်းရဲ့ ၀န်ဆောင်မှုဟာ မြန်မာပြည်နဲ့ ပြောင်းပြန် ကွာဟနေပါတယ်။ ရုပ်ရှင်ရုံတစ်ရုံမှာတစ်နေ့ထဲ ရုပ်ရှင် ၄-၅ ကား လောက်တင်ထားပေးပြီး သက်ဆိုင်ရာကားကို သတ်မှတ်ထားတဲ့ သီးခြားအခန်းကျယ်ကြီးများမှာ တစ်ပြိုင်နက်ပြသပေးတာပါ။ လက်မှတ်စနစ်ကတော့ တိုက်ရိုက်ဝယ်လို့ရသလို ခုံနေရာကိုလည်းရွေးချယ်နိုင်ဖို့ ကောင်တာ အတွင်းမှာရော လက်မှတ်ဝယ်သူဘက်မှာပါ monitor တစ်ခုစီထားပေးပါတယ်။ လက်ရှိရုံတင်ထားဆဲ ရုပ်ရှင်ကားများရဲ့ Trailer များကိုတော့ အပြင်ဘက်မှာ မြင်ကွင်းကျယ် ပြသပေးထားပါတယ်။ Member Card စနစ်နဲ့လည်းကြည့်ရှုနိုင်ပါတယ်။ member-တွေကတော့ လက်မှတ်ကို ရုပ်ရှင်ရုံအ၀င်မှာရှိတဲ့ ATM လို စက်များမှာ တိုက်ရိုက်ဝယ်နိုင်ပါတယ်။
လက်မှတ်ဝယ်သူ အရေအတွက်ဟာ တစ်ယောက် နှစ်ယောက်ထဲရှိတယ် ဆိုပေမယ့်လည်း ဒီပွဲကို ပြပေးပါတယ်။ ရုပ်ရှင်ရုံထဲမှာ လူတွေမသိတဲ့ လူသိနည်းတဲ့ အကြောင်းအရာတစ်ခုလဲ ရှိပါသေးတယ်။ အဲဒါကတော့ ရုပ်ရှင်ကြည့်သူများရဲ့လုံခြုံရေးအတွက် CCTV ကင်မရာများဖြင့်ရုံအတွင်း စောင့်ကြည့်ပေးထားခြင်း ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားမျိုးနဲ့ အခြားပြဿနာများကို အကာအကွယ် ဖြစ်ဖို့အတွက် စောင့်ကြည်တာမျိုးဖြစ်နိုင်ပါတယ်။ လုံခြုံရေးကင်မရာ စောင့်ကြည့် နေတာမျိုးကို ကြိုတင်သိထားခြင်းလည်းမရှိ၊ ရုပ်ရှင်ရုံအတွင်းတွင် မိမိတို့ ဂုဏ်သိက္ခာ ကျစေမည့်အပြုအမူမျိုး ပြုမည်ဆိုလျှင် သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်လာပါလိမ့်မည်။
အမှတ်တမဲ့နှင့် အလွယ်တကူ လုပ်မိတတ်တတ်တာကတော့ ဖုန်းကင်မရာဖြင့် ပြသနေသည့် ရုပ်ရှင်အားရိုက်ကူးခြင်း ခြင်းဖြစ်ပါတယ်။ ဒါဟာ အရေးမကြီးဟုထင်ရသော်လည်း မလေးရှား၏ Copy Right ဥပဒေအရ ရုပ်ရှင်မန်နေဂျာမှတစ်ဆင့် ရိုက်ကူးသူအား သက်ဆိုင်ရာရဲလက်သို့ လွှဲအပ်နိုင်ပြီးမလေးရှားရဲမှ အမှုဖွင့်အရေးယူနိုင်ပါတယ်။ ဖုန်းကင်မရာဖြင့် ရိုက်ကူးခြင်းသည် နှစ်မိနစ်၊ သုံးမိနစ်မျှသာဟုဆိုနိုင်သော်လည်း ဥပဒေအရ တားမြစ်ခြင်းကို ချိုးဖောက်သူဟုအကျုံးဝင်သဖြင့် သတိမမူမိပဲ အပြစ်ပေးခံရနိုင်ပါသဖြင့် အထူး သတိပြုရှောင်းရှားသင့်ပါသည်။

15 April, 2009

တခါက သင်္ကြန်

ကိုအံဘွယ်ကျော်၊ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဋ္ဌေးကြွယ် တို့ ၂၀၀၇ နှစ်ဆန်းတစ်ရက်နေ့တွင် ငါးလွှတ်နေစဉ်

Followers