22 October, 2009

မင်းကိုနိုင် (သို့မဟုတ်)

ယုံကြည်မှုအတွက် ဘ၀၏အကောင်းဆုံးအချိန်များကို နံရံလေးဖက်ကြား ရင်းနှီးမြှပ်နှံသူ...
သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအတွက် ချက်ကြိုး အဖြတ်ခံခဲ့ရသော မျိုးဆက်တစ်ခုကို ကိုယ်စားပြု နေသူလည်း ဖြစ်တယ်။
၂၀၀၇-ခုနှစ် မေလ၂၇-ရက်နေ့ ရွှေတိဂုံဘုရားခြေတော်ရင်းက လူထုဟောပြောမှုတစ်ခုမှာ စစ်အာဏာရှင် ခြိမ်းခြောက်မှုကို ရဲရဲရင့်ရင့် စိန်ခေါ်ခဲ့ဖူးသူဖြစ်တယ်။

စစ်အစိုးရက ၁၉၈၉ ခု မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး နေအိမ်သို့အပြန် မင်းကိုနိုင်ကို ဖမ်းဆီးပြီး ၂၀၀၄-ခုနှစ် နိုဝင်ဘာ(၁၉)ရက် ထောင်မှပြန်လွတ်လာခဲ့တယ်။ သူဟာ (၁၆)နှစ် တိုင်တိုင် လူငယ်ဘ၀ကို စစ်အစိုးရရဲ့ ထောင်ထဲမှာ ဖြတ်သန်းခဲ့ရပြီး ထောင်မှ လွတ်မြောက်လာခြင်းမှာပင်
“မျက်ရည်တွေသိမ်းနိုင်မှ ကျနော် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာ အဓိပ္ပာယ် ရှိပါလိမ့်မယ်ဗျာ။ အမေ့အိမ်ကို ညည့်နက်ညမှာ တံခါး လာခေါက်တဲ့ လူဟာ အလည်လွန်နေတဲ့ သားလေးပဲ ဖြစ်သင့်ပါတယ်။ သားလေးကို အမေ့ရင်ခွင်ထဲက လာပြီးတော့ ခေါ်သွားတာမျိုးတော့ မဖြစ်စေချင်တော့ပါဘူး”
ဟု ပြောခဲ့ဖူးသည်။ သူရဲ့ (၄၇)နှစ်မြောက်မွေးနေ့ကို အောက်တိုဘာလ ၁၈-ရက်နေ့မှာ ပြည်တွင်းရော ပြည်ပမှာပါ ကျင်းပခဲ့ပါတယ်။ စိတ်မကောင်းစရာတာက သူမွေးနေ့ပွဲမှာလည်း စစ်အစိုးရရဲ့ မတရား အကျဉ်းကျခံနေရတဲ့ဘ၀နဲ့ ပြန်ဖြစ်နေတာပါ။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုမှာ သူဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရတယ်။ ပထမအကြိမ်နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပေမယ့် လွတ်မြောက်မှု နောက်ပိုင်းမှာ သူဟာ ကျောင်းသားခေါင်းဆောင် တစ်ယောက်ထက် အမျိုးသားသွေးစည်ညီညွတ်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်က ရပ်တည်ရင်း စေ့စပ်ညှိနှိုင်းရေးကို ပြောင်မြောက်တဲ့နိုင်ငံရေး လှုပ်ရှားမှု အသွင်နဲ့လုပ်ဆောင်ခဲ့ပါတယ်။
သူဟာ အနုပညာကို ဖန်တီးသူတစ်ယောက်ဖြစ်တယ်။ သူရေးခဲ့တဲ့ထောင်တွင်း ကဗျာများဟာ တော်လှန်ရေးသီချင်းအချို့အဖြစ် လူများကသီဆိုခဲ့ကြပါတယ်။
အဲဒီနောက်၂၀၀၆ ခု စက်တင်ဘာ (၂၇) ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခု ဇန်န၀ါရီလ (၁၁) ရက်မှာ ပြန်လည်လွတ်လာကာ ၂၀၀၇ ခု သြဂုတ် (၂၁) ရက်ညမှာ ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅) နှစ် ကျခံနေရဆဲဖြစ်တယ်။
၁၉၉၉ ခုနှစ်က ကနေဒါနိုင်ငံမှချီးမြှင့်သည့် JohnHumphreyFreedomAward(Canada) ဆုကို မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်အတူ စတင်ရရှိခဲ့ပြီး အဆိုပါဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သည့်ဆု (၇) ဆု ရရှိထားသူဖြစ်တယ်။ နောက်ဆုံးရရှိသည့်ဆုကတော့ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံးဆုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေး ဆုပါ။

0 comments:

Post a Comment

Followers

Blog Archive