01 January, 2011

07 July, 2010

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး




၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ တွင် စစ်တပ်၏ ဖောက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျောင်းသား သမဂ္ဂအဆောက် အဦ

ဒေါင်းလူငယ် ၊ ၊၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။

သို့ကလို စစ်တပ်မှ အာဏာသိမ်းယူလိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူတို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများမပြုလုပ်ကြရန် မေတ္တာရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲသတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ် တပ်က အာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာ ဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားလှပေသည်။

အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလားသူများနှင့် ကွန်မြူနစ်အရောင်အသွေးရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းမရှိစေကာမူ စစ်အစိုးရအလိုမရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦးနှင့် မဟာမိတ်အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန် ကြသည်။

ရဲဝံ့ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ် ကအာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့်အ ညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက်တွေ့ကြရလေသည်။

ထို့နောက် တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်းစည်းကမ်းသစ်များ ကိုထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသားဆန္ဒပြလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြ သည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင် ရာဇ၀တ်တရားသူကြီးက က မာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်းအမိန့် ထုတ် ပြန်လေသည်။

ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ်တခုလုံး တံခါးများကိုသော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီခံတပ်ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီတရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များသည် အနာပေါ် တုတ်ကျသည့်အလား နားမခံနိုင်သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့အသံလွှင့်စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့သည်။

ထိုစဉ်က တက္ကသိုလ်တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိ သည့် အ ဆောင်နေ ကျောင်းသားများကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ်သတ်ဖြတ်ကြသည်။

စစ်တပ်သည် ဂျီသရီးမောင်းပြန်သေနတ်သစ်များကို ပထမဆုံးစတင်အသုံးပြုကာ လက်တည့်စမ်းပစ်ခတ်ခဲ့ကြ သည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်းကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန် လက်ယားနေသူ ဗိုလ် နေ၀င်းအဖို့ အခွင့်အရေးရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။

တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦဖြစ်သည် သာမက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂၀ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ရုံးအဆောက်အဦကို ၀ံသာနုမြန်မာသူဌေးကြီး ဦးညိုက တည်ဆောက်လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စများကို အသုံးပြုရန်ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ်တက္ကသိုလ် အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသောခေါင်းဆောင်များသည် တကသခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှစတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံတပ်အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နက်နှင့် တိုက်ခိုက်နှင်ထုတ်မှုအထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်း ခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရအများစုသည် တက္ကသိုလ်ကျောင်းသားဘ၀က တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလိုဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသကျောင်းသားလှုပ်ရှားရာ ဘူမိနက်သန် တကသအဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲဆင်ကြံကြံရွယ်လျက်ရှိသည်။

ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင် များ သေဆုံးခြင်းမရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်းသိရှိသောအခါ တကသခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တော်လှန်ရေးကောင်စီက “စည်း မဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသ ကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက်အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့်သဘော သက်ဝင်၏။

ထို့ပြင် တကသအဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူက သတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွဲ့ကြီးကို ရင်ဆိုင်နေသည့်သဖွယ်ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့်ပြောကြားခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့်နိုင်ငံက အမွန်အမြတ်ထားသည့် တကသအဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီးဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီးဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ်ကို အမြောက်နှင့်ပစ်’ သလို ရာဇ၀င်ရိုင်းလုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။

မတရားကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူးတုန်လာကြသောအခါ တရားခံသည် မိ မိမဟုတ်ပါ။ တဦးကိုတဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင် ကြီးတို့သည် တဦးကိုတဦး တရားခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီး စစ်သားရင့်မာကြီးများဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှလောက်ပင် ညီညွတ်မှုမရှိ။ အမှားကို ၀န်ခံရန်သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။

ထိုစဉ်က ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန်ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မစစ်ပစ္စည်းသိုလှောင်ရေးမှာ သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ် မှူး ဗိုလ်ဝင်းကိုလိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေကတော့ ပြည်ထဲရေးဝန် ကြီးနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုးဖြစ်ပါတယ်။ တကယ်ဒိုင်းနမိုက်တွေ ဆင်ရတဲ့သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်း အားကြီးမှဖြစ်ပါတယ်။ လက်မှတ်ထိုးမည့်သူ အရာရှိ ကြီးကြီးမားမားမရှိလို့ ပြဿနာတက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာတာက ဗိုလ်မှူးကြီးသူရမင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာဖြစ်ပါတယ်။”

“ကျွန်တော်ဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ် လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့ လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ ဗိုလ်မှူးအောင်ကြီးသည် သူ၏စာတမ်းတွင် ဝေ့ လည်ကြောင်ပတ် ရေးသားဖြေရှင်းထားလေသည်။

ဗိုလ်နေ၀င်းကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံ တော့သဖြင့် မဆလဥက္ကဋ္ဌကြီးရာထူးမှ ထွက်ပေးရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ်ပါတီညီလာ ခံတွင် “အခု ပြည်မှာဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့ကစပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့ သိရ ပါတယ်။ (၁၇) ရက်နေ့ သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့် ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင်ဆိုတဲ့အထဲမှာ တပ်မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့အခါမှာ သုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည် မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း … စစ်တပ်ဝင်ပေ တော့ဆိုပြီးတော့ ကျွန်တော်ခွင့်ပြုလိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာရှိတယ်။ ကျွန် တော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အ ပြည့် ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်းမဖြစ်ရအောင် ဆက် ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တပြည်လုံး လူထုကို ကျွန်တော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေပြောပါတယ်”

လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ် သက်သည့် အချက်အလက်တွေ တင်ပြပြီးတဲ့နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီ တဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခုကို တင်ပြပါရစေ။

တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည် ကို အများသိပြီးဖြစ်ပါတယ်။ ပထမ ဇူလိုင်လ (၇) ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကို ဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း ပြည့်စုံမည်ဖြစ်၍ ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ် ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစု အား ဘေးကင်းသည့်နေရာသို့ ပို့ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရ ကြောင်း ပြန်ပြောပါတယ်။

ဆူပူသူကျောင်းသားခေါင်းဆောင်များကို မမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦအတွင်းတွင် အချို့ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရမရှိရအောင် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပေးညွှန်ကြားပါသည်။

(က) သမဂ္ဂအဆောက်အဦအတွင်းရှိသူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြော ရန်၊ ထွက်မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့်အချက် ထည့်ပြောရန်။

(ခ) အသာတကြည်ထွက်၍အဖမ်းမခံပါက (ရီကွိုင်းလက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။ အထက်ပါ အချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်းတို့တွင် ကျွန်တော်နဲ့ တော်လှန်ရေးကောင်စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟည်းသံကြီးကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါတယ်။ အခြားတော်လှန်ရေးကောင်စီ ၀င် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော်အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံ ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော အရာထမ်းများ ရောက်နေကြပါတယ်။

ထိုသူများမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသ မိန်)၊ ဗိုလ်မှူးကြီး ဘနီ၊ အရာရှိများထဲမှ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဦးဘအေး တို့ဖြစ် ပါတယ်။ ထိုသူတို့အပြင် အခြားလူတော်တော်များများလည်း ရှိကြပါတယ်။ ထိုဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအ ဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ ညနေက ကျွန်တော် က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်းလက် ဂန်း) ကို သုံးနိုင်သည် ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦ အဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက် သည်ဟုဖြေပါတယ်။ ဒီလိုဆိုရင်လည်း စုပေါင်းခေါင်းဆောင်မှုကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော် လှန်ရေးခေါင်းဆောင်အနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကို အသံလွှင့် လိုက်ပါတယ်။

နောက်သုံးလေးလကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂအဆောက်အဦကိုဖျက်ဖို့ အမိန့်ပေးတယ် ဟု နိုင်ငံခြားသတင်းစာဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အ ရက်မူးပြီး ဖျက်ဖို့အမိန့်ပေးတယ်လို့ ကျွန်တော်တယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။

အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲနေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက်အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦးတယောက်က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ် နေတယ်။ ဖျက်ပစ်လျှင် ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း) ကို အသိပေးပြီး၊ ဗိုလ်ချုပ်သဘောတူလျှင် ဖျက်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ထိုစဉ် ဗိုလ် အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘောတူမတူ အဖြေယူခဲ့မယ်ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့် ထွက်သွားပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူ လိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါ တယ်။ ထိုအဖြေကိုရပြီးနောက် ဗိုလ်အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေးကောင်စီဝင်များကိုခေါ်၍ ဗိုလ်အောင် ကြီး ကျွန်တော့်ကို မတင်ပြဘဲ အသံလွှင်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူလိုက်ပြီလို့ ပြောတဲ့အကြောင်း ကို တင်ပြခဲ့ပါတယ်။

ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက် ရန် ကျွန်တော်သဘောတူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင်နိုင်မယ်ထင်ရင် ကိုယ်ထွက်ပေးမယ်။ ကိုယ်ထွက်ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေ တော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်းပြန်သွားကာ ထွက်စာတင်ခဲ့ပါတယ်။

ကျွန်တော်တင်ပြတာကို မှန်ကြောင်းသက်သေအထောက်အထားများတင်ပြပါမယ်။ ပထမအထောက်အထား ဗိုလ်ချုပ်အောင်ကြီး ၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့်ရေးသည့် စာတမ်းစာမျက်နှာ (၂၄) ဒုတိယစာကြောင်း မှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ် ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန်ဟိုတယ်နားက တထပ်တိုက်ကလေးမှာ ဆရာကြီး ဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်း ဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော် စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆို ပြီး၊ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ်ဆိုတဲ့အချက်၊ ဒါ သူရေးထားတဲ့အထဲက ဒါပထမအချက်။ သက်သေခံ ဒုတိယ သက်သေအထောက်အထားက ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုခေါ်ပြီး၊ သူတို့သိတာတွေကို အမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါ ကျတော့ ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့ စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သ မဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် ဗိုလ်ချုပ်ကြီးဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန် တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်၍ သတင်းမေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများအရေအတွက်လည်း ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂအဆောက်အဦကို ဖျက်မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက်သွားပါတယ်။ ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ ဗိုလ်ချုပ် အောင်ကြီး က အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကား ပေါ်တက်ပါတယ်။ ကားပေါ်ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ်ဟိုကိစ္စမပြောရသေးဘူးလို့ သတိပေးပါတယ်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား (အိုကေ) ဟု ပြောလိုက် သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်တော်စောစော ကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကို ပြောလို့ ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတွေက ဖျက်လိုက်တာ အဲဒီတော့အထက်က အချက်တွေကို လေ့လာ ပြီးတော့ သမဂ္ဂအဆောက်အဦကို ဖျက်တဲ့ကိစ္စမှာ မည်သူတရာခံအစစ် ဖြစ်တယ်ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ်ကြပါတော့လို့ တင်ပြရင်း စကားပြောခြင်းကို အဆုံးသတ်လိုက်ပါတယ်ဟု ဗိုလ်နေ၀င်း က တိုင်းပြည်သို့ ရှင်းပြခဲ့လေသည်။

ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ်လုံးများ သာဖြစ်လေသည်။

ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ …

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ။ ကျောင်းသားတို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသဆောက်အဦမျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကိုပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစ်စိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသားထုတ်ပြန်ချက်တို့ကို လေ့လာကြည့်ပါက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော မုသားသာဖြစ်ပါ သည်။

(စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်း စားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန်ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ပင်ဖြစ် သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အ လုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသောမိန့်ခွန်းနှင့် တသံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။

(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေ ကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိကတရားခံသာဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။

မည်သို့ဆိုစေ ယခုအခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီးဖြစ်သော်လည်း လူထုတရပ်လုံးသည် ထိုသွေးစွန်းခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက်သွားသည့်တိုင် နှလုံးသားက ဥဒါန်းမကျေ အစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ်လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက် ရုန်းကန်တိုက်ပွဲနေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိစေရန် တပ်လှန့်နှိုးဆော်လိုက်ရပါသည်။

ဒီမိုကရေစီအရေးတော်ပုံးကြီး လုံးဝ (လုံးဝ) အောင်ရမည်။

(ကိုဖိုးဇေဘလော့မှ …)

17 June, 2010

ခေါင်းဆောင်များ မွေးနေ့

၂၀၀၇-ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရရဲ့ မွေးနေ့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ မွေးနေ့ဟာ ရက် တူပါတယ် - ဇွန်လ ၁၉-ရက်နေ့  ဖြစ်ပါတယ်။ 


၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ (၃၁) နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ် သ၀ဏ်လွှာ။

ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်မည့် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ မွေးနေ့  အတွက် -

အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ထောင်တွင်း၌ အကျဉ်းကျခံနေရသော အရှင်ဘုရားအား အရှင်ဘုရား၏ မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊ ဘုရားတပည့်တော်တို့ အဖွဲ့မှလည်း အရှင်ဘုရား၏ မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌ အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံး လွတ်မြောက် နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဦးနေမိန္ဒ

ဦးထာဝရ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့။

ကားလ်မာက်စ်ရေးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ဆောင်းပါး

( Freedom news group မှ ထပ်ဆင့်ဖော်ပြပါသည်။)
ဘုန်းသက်ပိုင်  ယခုအပတ်ထုတ် ပေါ်ပြူလာဂျာနယ် မှ ကူးယူဖော်ပြပါသည်။
ကားလ်မာက်စ်နှင့် သူ၏ဇနီးဆောင်းပါး၁၈ ရာစုမှာ စက်မှုထွန်းကား လာမှုနဲ့အတူ ပေါ်ပေါက် လာ ခဲ့တဲ့ အရင်းရှင်စနစ်ဟာ ၁၉ ရာစုအတွင်း မှာ အရှိန် အဟုန် နဲ့ တိုးတက်လာခဲ့ပါ တယ်။ စက်မှုထွန်းကား တဲ့အရင်းရှင် နိုင်ငံကြီးတွေဟာ သူတို့ရဲ့ ဈေးကွက် နဲ့ စား ကျက်မြေ တွေကို အပြိုင် အဆိုင် တစ်စတစ်စ ချဲ့ထွင်ခဲ့ကြ ရာမှာ ကမ္ဘာ့ နေရာ အနှံ့ အပြား က နယ်မြေတွေကို အလု အယက် နယ်ချဲ့သိမ်းပိုက်ခဲ့ကြပါတယ်။
နယ် ချဲ့ အရင်းရှင် စနစ်နဲ့ ပတ်သက်ပြီး လီနင်က အရင်းရှင်စနစ်ရဲ့ အမြင့် ဆုံးနဲ့ နောက်ဆုံး အဆင့်ဖြစ်တယ်လို့ ဆိုခဲ့သလိုပါပဲ။ အရင်းရှင် စနစ်ဟာ အရှိန်နဲ့ ဖွံ့ဖြိုးလာရာက လက်ဝါး ကြီးအုပ် အရင်း ရှင် စနစ်ဆီ ကူး ပြောင်းပြီး ကမ္ဘာ ကြီးကို အလု အယက် ခွဲဝေ သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးမှု နည်းပါး တဲ့၊ သယံဇာတ အရင်း အမြစ်တွေ ပေါကြွယ်လှတဲ့ နယ်မြေ အများ အပြားဟာ နယ်ချဲ့အရင်းရှင်နိုင်ငံ ကြီးတွေရဲ့ ကိုလို နီ နယ်တွေ ဖြစ် ကုန်ကြပါတယ်။ ဒီကမ္ဘာ့နယ်ချဲ့ စနစ် ရဲ့လှိုင်းကို မြန်မာနိုင်ငံဟာ လည်း ရှောင်လွှဲ မရနိုင် ခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ ဗြိတိသျှရဲ့ သုံးကြိမ်တိုင် စစ်ပြုတာကို ခံခဲ့ရပြီး ၁၈၈၅ မှာ ဗြိတိသျှ ကိုလိုနီ ဘဝ ကို ကျရောက်ခဲ့ပါတယ်။ ဗြိတိသျှတွေ ဟာ ၁၈၂၆ မှာ ပထမအကြိမ်၊ ၁၈၅၂ မှာ ဒုတိယအကြိမ်နဲ့ ၁၈၈၅ မှာ တတိယနဲ့ နောက်ဆုံးအကြိမ်စစ်ပြုခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက် ကိုလိုနီ ပြု ခဲ့ကြ ပါတယ်။ ဒါဟာ ကမ္ဘာ့အရင်းရှင်စနစ် အထိန်း အကွပ်မဲ့ ဖွံ့ဖြိုးလာမှုရဲ့ အကျိုးဆက် တွေပဲဖြစ်ပါတယ်။ ဒီလို အင်္ဂလိပ် – မြန်မာတတိယ စစ်ပွဲ ဆက်ဖြစ်ပြီး မြန်မာနိုင်ငံကို ကိုလိုနီပြုမယ့်အခြေ အနေကို ကမ္ဘာ ကျော်တွေးခေါ်ရှင် ကြီး ကားလ်မာ့က်စ်က ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးဆုံး စဉ်ကတည်းက နောက်ခံအခြေ အနေအရပ်ရပ်ကို သုံးသပ်ပြီး အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဟာ ရှောင်လွဲ မရနိုင် တော့ဘူး လို့ ဟော ကိန်း ထုတ်ခဲ့ပါတယ်။
ဒီသုံးသပ်ချက်ကို ကားလ် မာ့ခ်စ်က ၁၈၅၃ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရေးသားခဲ့ပြီး ၁၈၅၃ ဇူလိုင် ၂၅ ရက်နေ့ ထုတ် New York Daily Tribune မှာ ပထမ အကြိမ်အဖြစ် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဂျာမန်တွေးခေါ်ရှင် ကားလ်မာ့ခ်စ် ဟာ ၁၈၁၈ မေလ ၅ ရက်နေ့မှာ ဂျာမနီနိုင်ငံ တရိယာ (Trie) မှာ မွေး ဖွားခဲ့ပြီး အဲဒီမှာပဲ ကျောင်းတက်ခဲ့ပါ တယ်။ နောက် ဘွန်းတက္ကသိုလ်နဲ့ ဘာလင်တက္ကသိုလ်တို့ကို တက်ခဲ့ပြီး ဘာလင် တက္ကသိုလ်က ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ ၁၈၄၂ မှာ Rheini-sehe Zeiturg သတင်းစဉ်ရဲ့ အယ် ဒီတာချုပ်အဖြစ် ဆောင်ရွက် ခဲ့ပြီး ၁၈၄၃ မှာ အဲဒီစာစောင်ဟာ အပိတ် ခံရပါတယ်။ အဲဒီနှစ်မှာပဲ အိန်ဂျယ်နဲ့ တွေ့ဆုံခဲ့ပြီး ပါရီကို ပြောင်းရွှေ့ခဲ့ပါ တယ်။ အဲဒီနောက် ဘရပ်ဆဲလ် မှာ နေထိုင်ခဲ့ပြီး ဘရပ်ဆဲလ် မှာပဲ မာက်စ် ဝါဒရဲ့ အခြေခံအကျဆုံးတွေ ဖြစ်ကြ တဲ့ The Germen Ideology နဲ့ Theses on Feuerbach တို့ကို သူတို့နှစ်ဦး ရေးသားခဲ့ကြတယ်။ ၁၈၄၈ မှာ ဥရောပတစ်ခွင် ဖြစ်ပွား ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာ ရုံတင်မက ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံ အစိုးရက နှင်ထုတ်ခဲ့ပြီး ဂျာမန်ကို ပြန်ရောက် ခဲ့ပါတယ်။ ဂျာမနီတော်လှန်ရေးမှာ လည်း ပါဝင်ခဲ့လို့ ၁၈၄၉ မှာ ပြည် နှင်ဒဏ် ပေးခံခဲ့ရ ပြန် ပါတယ်။ ၁၈၄၉ မှာ ပါရီ၊ အဲဒီနောက် လန်ဒန်မှာ နေထိုင်ခဲ့ပါတယ်။ မာ့ခ်စ်ဟာ ၁၈၈၅ မှာ လန်ဒန်မှာပဲ ကွယ်လွန်ခဲ့ပါ တယ်။ မာ့ခ်စ်ဟာ လန်ဒန်မှာ ရှိနေ စဉ် New York Daily Tribune မှာ ဆောင်းပါးတွေ ရေးသားခဲ့ရာမှာWar in Burma – The Russian Question Curious Diplomatic Correspondence လည်း ပါဝင် ပါတယ်။ အဲဒီဆောင်းပါးဟာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး မကွေးမင်းကြီး ဦးဆောင်တဲ့ သံ အဖွဲ့က စစ်ပြေ ငြိမ်းစာချုပ်ကို လက်မခံဘဲ ပြန်သွားတဲ့သတင်း ရောက်လာတဲ့အချိန်မှာ ရေးသားခဲ့ တာပါ။ မာ့ခ်စ် ဒီဆောင်းပါးရေးတဲ့ နေ့စွဲက ၁၈၅၃ ဇူလိုင် ၁၅ ရက်နေ့ ဖြစ်ပြီး ဇူလိုင် ၃ဝ နေ့ထုတ် New York Daily Tribune မှာ ပထမ အကြိမ် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ အခု အဲဒီ ဆောင်းပါးထဲက မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့အပိုင်းကို ထုတ်နုတ် တင်ပြလိုက်ပါတယ်။ ရှားရှားပါးပါး ဆောင်းပါးတစ်ပုဒ်လည်း ဖြစ်တာ ကြောင့်ပါ။
x x x
အိန္ဒိယကနေ ကုန်းလမ်းက နောက်ဆုံးဝင်လာတဲ့စာအရ ဗမာ သံအဖွဲ့ဟာ ဗိုလ်ချုပ်ကြီး ဂေါ့ဒ်ဝင် အဆိုပြုထားတဲ့ စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မခံဘဲ ငြင်းပယ်ခဲ့ တယ်လို့ သိခဲ့ရပါတယ်။ ဗိုလ်ချုပ် ကြီးဟာ သူတို့ကို ပြန်လည်သုံးသပ် ဖို့ ၂၄ နာရီကျော်ကြာ အချိန်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ ဗမာတွေက ၁ဝ နာရီအတွင်းမှာပဲ ထွက်ခွာသွားခဲ့ပါ တယ်။ ရှည်လျားလှတဲ့ ဗမာပြည် စစ်ပွဲကြီးရဲ့ တတိယပိုင်းဟာ ရှောင် လွှဲမရတော့တဲ့ပုံပါပဲ။ အရှေ့ဘက်မှာ ဗြိတိသျှရဲ့ စစ်လိုလားတဲ့ စူးစမ်းရှာဖွေရေးအဖွဲ့ ဝင်တွေထဲက ဘယ်သူမှ ဗမာပြည် ကို တိုက်ခိုက်တာလောက် အကြောင်းပြချက် သိပ်မခိုင်လုံတဲ့ အခြေခံတွေအပေါ်မှာ တစ်ကြိမ် တစ်ခါမှ တာဝန်မယူခဲ့ဖူးပါဘူး။ အဲဒီ ဘက်ခြမ်းကနေ ကျူးကျော်မယ့် အန္တရာယ်ဆိုတာ ဖြစ်နိုင်ခြေ မရှိပါ ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ နေရာဟာ အနောက်မြောက်ဘက် ဘင်္ဂလားနယ်ဖြစ်ပြီး တောင်စဉ် တောင်တန်းတွေက ဗမာပြည် နဲ့ ပိုင်းခြား ထားလို့ ခြေလျင်တပ်တွေ ဖြတ်ကျော်ဝင်ရောက်နိုင်ခြင်းမရှိလို့ ပါပဲ။ ဗမာပြည်နဲ့ စစ်ဆင်ဖို့ဆိုရင် အိန္ဒိယအစိုးရဟာ ပင်လယ်ကို မလွဲမသွေ ဖြတ်ဖို့ လိုပါတယ်။ ဗမာ တွေက ရေကြောင်းကနေ ကျူး ကျော်ရန်စမှုတွေအကြောင်း ပြောရ တာ ရယ်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကုမ္ပဏီ (အရှေ့အိန္ဒိယ ကုမ္ပဏီ)ရဲ့ စစ်သင်္ဘောတွေနဲ့ သူတို့ ရဲ့ ကမ်းခြေသွားလှေငယ်တွေကို ရင်ဆိုင်စေတဲ့စိတ်ကူးဟာ လုံးဝမဖြစ် နိုင်လို့ပါပဲ။ ယန်းကီး တွေ(အမေရိကန် တွေ)မှာ ပဲခူးကိုအသုံးချဖို့ သိမ်းယူ လိုစိတ်တွေ အပြင်းအထန်ရှိနေခဲ့ တယ်ဆိုတဲ့ ပြောဆိုမှုဟာ တကယ့် အခြေအနေ မှန်တွေ အပေါ် အခြေပြု မထားပါဘူး။ ဒါကြောင့် ဆင်းရဲချို့တဲ့ နေတဲ့ မှူးမတ်အနွှယ်(အထက်တန်း လွှာ)အတွက် အလုပ်အကိုင်လိုချင် မှု၊ ရာထူး အဆင့် အတန်းလိုအပ်မှု ကလွဲလို့ တခြားအကြောင်းအချက် မရှိတော့ပါဘူး။ အင်္ဂလိပ်စာရေး ဆရာတစ်ဦး ပြောသလို သမား ရိုးကျအရည်အချင်းရှိ အလုပ် ပေးတဲ့ ဂေဟာ၊ ဒါမှမဟုတ် အရှေ့က Hampton Court မျိုးပါပဲ။ Hampton Court ဟာ လန်ဒန် အနီး သိမ်းမြစ်ကမ်းနဖူးမှာရှိတဲ့ နန်းတော် တစ်ခုပါပဲ။ ၁၆ ရာစုကနေ ၁၈ ရာစုအထိ အင်္ဂလိပ်ဘုရင်တွေ နေထိုင်ခဲ့တဲ့နေရာပါပဲ။ မာ့ခ်စ်တို့ ခေတ် ရောက်တော့ အငြိမ်းစား တော်ဝင် မျိုးနွယ်တို့ နေထိုင်ရာ နေရာဖြစ်ခဲ့ပါတယ်။ ပထမ ဗမာ ပြည်စစ်ပွဲ(၁၈၂၄-၂၆)ဟာ လေထဲ တိုက်အိမ်ဆောက်နေတဲ့ လော့ဒ် အမ်းဟာ့စ်တ် ရဲ့ အစိုးရ လက် ထက် မှာ ဖြစ်ပွားခဲ့တာပါ။ ဒီစစ်ပွဲဟာ ၂ နှစ်ကျော်လောက်ပဲ ကြာခဲ့ပေမယ့် အိန္ဒိယကြွေးမြီတွေထဲ ပေါင် ၁၃ သန်း ထပ်တိုးသွား စေခဲ့ပါတယ်။ စင်ကာပူ၊ ပီနန်နဲ့ မလက္ကာတို့မှာ အခြေချနေထိုင်မှုတွေကို ဆက်ထိန်း ထားတာဟာ (တပ်ဖွဲ့ဝင်တွေကို ပေးတဲ့လစာမပါဘဲ) နှစ်စဉ် အသုံး စရိတ် ဝင်ငွေပမာဏထက် ပေါင် တစ်သိန်းအထိ ကျော်လွန်နေစေပါ တယ်။ ၁၈၂၆ ခုနှစ်က ဗမာတွေ ဆီက သိမ်းယူခဲ့တဲ့နယ်မြေတွေဟာ အများကြီး ကုန်ကျပါတယ်။ ပဲခူး နယ်မြေဟာ ပိုမိုပျက်စီးနေဆဲရှိပါ တယ်။ အခုတော့ ဒါဟာ အင်္ဂလန် က ဥရောပမှာ အလိုအပ်ဆုံးစစ်ပွဲကို (အခု ရုရှကို ရင်ဆိုင်နေ သလို) လက် တွန့်နေပြီး တစ်ချိန်တည်းမှာပဲ အင်္ဂလန်ဟာ တစ်နှစ်ပြီးတစ်နှစ် အာရှမှာ အဆင်အခြင်အမဲ့ဆုံးစစ်ပွဲ တွေထဲ ဘာကြောင့် လှိမ့်ဝင်နေ သလဲဆိုတဲ့ အကြောင်းပါပဲ။ တိုင်း ပြည်ရဲ့ကြွေးမြီဟာ အင်္ဂလန်ကို ဥရောပမှာ စိုးရိမ်တုန်လှုပ်လာစေခဲ့ ပါတယ်။ အာရှမှာ ဆင်နွှဲနေတဲ့ စစ်ပွဲတွေရဲ့ ကုန်ကျစရိတ်ကို ဟိန္ဒူ တွေနဲ့ ပခုံးတွေပေါ် တင်ပေးထား ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဗမာ စစ်ပွဲရဲ့ကုန်ကျစရိတ်တွေ ပေါင်း ထည့် ထားပြီး ဘင်္ဂလားရဲ့ ဘိန်းနှစ် စဉ်ဝင်ငွေတွေ အခု ပျောက်ကွယ် လုနီးပါးဖြစ်မှုကနေ ကျွန်တော်တို့ မျှော်မှန်းနိုင်တာက အဲဒီအသုံးစရိတ် တွေဟာ အိန္ဒိယဘဏ္ဍာရေးထဲ အကျပ်အတည်းလိုမျိုးကို ဖြစ်ပေါ် စေမှာဖြစ်ပြီး အင်္ဂလန်က ပါလီမန် ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ ဟောပြော ချက်တွေ၊ စာတမ်းတွေ အားလုံးထက် အိန္ဒိယအင်ပါယာကြီး ရဲ့ လုံးဝပြောင်းလဲမှုကို ဖြစ်ပေါ်စေ လိမ့်မယ်ဆိုတာပါပဲ။
ဘုန်းသက်ပိုင်

14 June, 2010

မျက်ဝန်းများနှင့် နားလည်မိခြင်း

(မဇျွိမ သတင်းဌာနမှ ဖော်ပြသည်။)

“မျက်ဝန်းများနဲ့ပြောပါ
ဒါ အလှဆုံးစကားထက်
ပိုပြီးလှနေမယ်
ဒီမျက်ဝန်းများနဲ့ နားလည် ….”
(ထူးအိမ်သင်၏ ‘စကာလုံးမရှိတဲ့ ကောင်းကင်’ တေးစီးရီးမှ သီချင်း)

(က)
တပါးသူများကဲ့သို့ပင် ကျနော့်တွင်လည်း မျက်ဝန်းတစုံရှိ၏။ မျက်ဝန်းက နက်နက်မှောင်မှောင်၊ သူငယ်အိမ် ကျဉ်းခြင်း၊ ကျယ်ခြင်း၊ စွေခြင်း၊ စောင်းခြင်း၊ မရှိသည့်အတွက် ကျနော့် မျက်ဝန်းတစုံက သာမန်အားဖြင့် ကောင်းမွန်သည့် မျက်လုံးများဟု ဆိုရမည်။

ကျနော့် မျက်ဝန်းတစုံဖြင့် တပါးသူတို့၏ မျက်ဝန်းများအား ကြည့်မိ၏။ ဤတွင် ကျနော်သည် တပါးသူတို့၏ မျက်လုံးများအား ကျနော့် မျက်လုံးများဖြင့် မြင်ရ၏၊ တွေ့ရ၏။

ကျနော် ပထမဦးစွာ ကြည့်မိ၍ မြင်တွေ့ရသည့် မျက်ဝန်းတစုံက ကျနော့်မိခင်၏ မျက်လုံးများဖြစ်မည်။ မိခင်၏ ရင်ခွင်အတွင်း နို့ချိုစို့သောက်ရင်း ကျနော်သည် မိခင်၏ မျက်ဝန်းတစုံအား ငေးမော၍ မမှိတ်မသုန်နှင့် ကြည့်နေမိခဲ့မည်။ မိခင်သည်လည်း သားငယ်အား ရင်ခွင်တွင် ထွေးပွေ့၍ နို့ချိုတိုက်ကျွေးရင်း သားငယ်အားငုံ့၍ တရှိုက်မက်မက် ကြည့်နေမည်ပင်။

မိခင်၏ မျက်ဝန်းက ကျနော့် မျက်ဝန်းကဲ့သို့ပင် နက်နက်မှောင်မှောင်၊ ကြည်လင်ရွှန်းလဲ့သည့် မိခင်၏ မျက်ဝန်းတစုံအတွင်း၌ နွေးထွေးမှု အကြင်နာတရားနှင့် အနန္တမေတ္တာတို့အား ကျနော် မြင်ရ၏။ ကျနော် မြင်နေရသည့် မိခင်၏ မျက်ဝန်းတစုံက ကျနော့်အတွက်မူ တုနှိုင်း၍ မရနိုင်သည့် မျက်ဝန်း၊ ပြီးလျှင် ကျနော့်အတွက် အလိုအပ်ဆုံးသော မျက်လုံးများဟု ဆိုရမည့် အမေ့မျက်ဝန်း။

(ခ)
ကျနော် စတုတ္ထတန်းနှစ်တွင် မျက်ဝန်းနှစ်စုံအား ထပ်မံ၍ တွေ့ရှိမိ၏။ ကျနော် ပညာသင်ကြားနေခဲ့သည့် အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအုပ်ဆရာမကြီးတို့၏ မျက်ဝန်းများဖြစ်၏။

ဦးရွှေသောင်းက ဤမူလတန်းကျောင်းလေးတွင် ကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျနော် သူငယ်တန်းလေး၊ သူငယ်တန်းကြီးမှ စတုတ္ထတန်းရောက်သည်အထိ ဆရာကြီးဦးရွှေသောင်းသည် ကျနော်တို့ကျောင်း၏ ကျောင်းအုပ်ကြီး။ ကျနော့်အကိုများ၊ အမများ လက်ထပ်တွင်လည်း ဆရာကြီးသည်ပင် ဤကျောင်းလေးတွင် ကျောင်းအုပ်ကြီးပင် ဖြစ်ခဲ့၏။ အနေအထိုင် ရိုးကုတ်၍ အလုပ်တာဝန်အား လေးစားပြီး စည်းစနစ်တွင် တိကျသည့် ဆရာကြီးကို၊ တပည့်သစ်များက ချစ်ကြောက်၍ တပည့်ဟောင်းများက ရိုသေပြီး ကျောင်းသားမိဘများက လေးစားခြင်းခံရသည့်  အနန္တဂိုဏ်းဝင် ဆရာတဦးအဖြစ် အသိအမှတ်ပြုခံရ၏။

ပထမအစမ်းစာမေးပွဲများ ဖြေဆိုရန်ပြင်ဆင်နေသည့် ကာလအတွင်းမှာပင် ဆရာကြီး၏ ပြောင်းရွှေ့မိန့်ကျသည် ဟူသည့် သတင်းအား ရုတ်ချည်းကြားရ၏။ ဆရာကြီး ပြောင်းရွှေ့ရမည့်ဒေသက ‘အမဲရောင်နယ်မြေ’ ဟု သတ်မှတ်ထားသော မြို့လေး၏ အရှေ့တောင်ဘက်တွင် ရှိသည့် တောင်တန်းကြီးများပေါ်က တောင်ပေါ် ကရင်ရွာငယ်လေးတရွာဆီသို့။

ပြောင်းရွေှ့မည့် ဆရာဦးရွှေသောင်း၏ နှုတ်ဆက်ပွဲအား ကျနော်တို့ ကျောင်းလေးတွင် ပြုလုပ်ကြ၏။ ဆရာ၊ ဆရာမများနှင့် ကျောင်းသားအားလုံးက ဆရာကြီးအား လက်အုပ်ချီ၍ ရှိခိုးကြ၏။ ဆရာဦးရွှေသောင်းက ကျနော်တို့ ကျောင်းသားများအား ဆုံးမစကားဆို၏၊ သြဝါဒစကားပြော၏။ ဆရာကြီး၏ အသံက တည်တည်ငြိမ်ငြိမ်၊ ငြိမ့်ငြိမ့်အေးအေး။ ကျနော် လက်အုပ်ချီထားရင်းမှ ဆရာကြီး၏ မျက်ဝန်းတစုံအား ကြည့်မိ၏။ ဆရာကြီး၏ မျက်ဝန်းက ရွှန်းရွှန်းလဲ့လဲ့၊ ကြည်ကြည်လင်လင်။ ကြည်လင်ရွှန်းလဲ့သော မျက်ဝန်းအတွင်း ရီဝေမှုက စွတ်၍နေ၏။ နှုတ်မှ ဖွင့်ဟမိန့်ဆိုခြင်း မရှိသည့် စကားများအား ဆရာကြီး၏ မျက်ဝန်းအတွင်း၌ ကျနော်မြင်မိ၏။ ပြီးလျှင် ကျနော်မြင်နေမိသည့် ဆရာကြီး၏ မျက်ဝန်းများက ကျနော့်မိခင်၏ မျက်ဝန်းအစုံကဲ့သို့ပင်။

(ခး ၁)
ဆရာဦးရွှေသောင်း ပြောင်းရွှေ့သွားပြီးသည့်နောက်တွင် ကျနော်တို့၏ မူလတန်းကျောင်းလေးသို့ ကျောင်းအုပ်ဆရာမကြီး တဦးရောက်လာ၏၊ ဆရာမ ဒေါ်ခင်ဖုန်းညွှန့်။

ကျောင်းအုပ်ဆရာမကြီးအသစ် ဒေါ်ခင်ဖုန်းညွှန့်က ကျနော်တို့မြို့လေး၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီယူနစ် အတွင်းရေးမှူး၏ ဇနီးဖြစ်သည်။ ပြီးလျှင် ဆရာမ ဒေါ်ခင်ဖုန်းညွှန့်၏ ဖခင်သည်လည်း တခေတ်တခါက ကျနော်တို့ မြို့လေး၏ ပျူစောထီးတပ်များ၏ တပ်မင်း ဗိုလ်မှူးဖေညွှန့် ဖြစ်သည်။ ပျူစောထီးတို့၏ လက်ဇောင်းထက်မှုကြောင့် ဗိုလ်မှူးဖေညွှန့် ဟူသည့် အမည်က ခန့်ငြားခဲ့၏။

‘ဒီနေရာပေါ့ သေနတ်ထိပြီး ဗိုလ်ဖေညွှန့် ကျသွားတာ’ ဟူ၍ ဗိုလ်မှူးဖေညွှန့်၏ ‘ဗျူးပက်’အား သိမီလိုက်သည့် သူများထံမှ သက်ကြီးစကား ကြားနာရ၏။ ကျောင်းအုပ်ဆရာမကြီးအသစ် ဒေါ်ခင်ဖုန်းညွှန့်က ကျောင်းသို့လာရာ၌ ခင်ပွန်းသည်၏ အဆောင်အယောင် အာဏာစက်၊ ဖခင်ဖြစ်သူ၏ ရာဇမာန်တို့အား ပခုံးထက်၌ ခြုံ၍ လာတတ်၏။

ကျနော်တို့က ကျောင်းပိတ်ရက်များတွင် ကျောင်းရှေ့ရှိ ကွက်လပ်ငယ်လေး၌ ဘောလုံးကစားကြ၏။ ကစားကွင်းက ကျဉ်း၏။ တဖက်အနားသတ်က ကျောင်း၏ အရှေ့စာမျက်နှာ၊ ဤကျဉ်းကြပ်သော ကစားကွင်းလေးမှာပင် ကျနော်တို့ ကျောင်းပိတ်ရက်များ၌ ‘W’ ဘောလုံးငယ်လေးနှင့် ဂိုးကျဉ်းကန်ကြ၏။ ဘောလုံးက တခါတရံ ကျောင်းနံရံကိုလည်း ထိ၏၊ တခါတရံတွင်လည်း ကျောင်း၏ ခေါင်မိုးထက်သို့ ရောက်၏။ ဤသို့ ကစားခဲ့ကြသည်မှာလည်း ကြာပြီ။ ‘W’ ဘောလုံးငယ် ထိမှန်မှုကြောင့် ကျနော်တို့၏ ကျောင်းငယ်လေးသည်လည်း မည်သည့်ပျက်စီးမှုမျှ မရှိခဲ့။ ဤအတွက်ကြောင့်ပင် ဤကွင်းလေး၌ ကျောင်းပိတ်ရက်တိုင်း ကျနော်တို့ ဘောလုံးကန်မြဲ။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖုန်းညွှန့်သည် ကျနော်တို့ ဘောလုံးကစားနေရာသို့ ရောက်လာပြီး၊ ဘောလုံးကစားနေသည်အား ရပ်ခိုင်း၏၊ ပြီးလျှင် ကျနော်တို့အားလုံးအား ရပ်ကွက်ကောင်စီရုံးသို့ ခေါ်သွားပြီး၊ အရေးယူပေးပါရန် ရပ်ကွက်ကောင်စီ ဥက္ကဠ အား တိုင်ကြား၏။

ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌက ‘ဆရာမကြီးရယ်၊ ဆရာမကြီးရဲ့ တပည့်တွေပဲ ဆရာမကြီးပဲ ရိုက်နှက်ပြီး ဆုံးမလိုက်လည်း ရပါတယ်’ ဟု အမှု၏ အတိမ်အနက်အား ချင့်တွက်၍ ဖျောင်းဖျရှာ၏၊ မရ။ ကျနော်တို့၏ ကျောင်းအုပ်ဆရာမကြီးက မရ။

“ကျောင်းချိန်မှာသာ သူတို့ဟာ ကျမရဲ့ တပည့်၊ ကျောင်းချိန် မဟုတ်ရင်တော့ သူတို့ဟာ ကျမ တပည့်တွေ မဟုတ်ဘူး၊ ရပ်ကွက်နဲ့သာ ဆိုင်တယ်။ ဒါကြောင့် ရပ်ကွက်ကောင်စီက အရေးယူပေးပါ။ ပြီးတော့ သူတို့ဟာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးဖို့ ကြံရွယ်တာဖြစ်တယ်”

ကျနော်တို့၏ မူလတန်းကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းသား ကျနော်တို့အား စွဲချက်များတင်နေ၏၊ အသံက မာ၏၊ အသံက စွာ၏။ ပျူစောထီးဗိုလ်၏ သမီး၊ ယူနစ်ကော်မတီ အတွင်းရေးမှူး၏ ဇနီး ဟူသည့် သွေးတို့က ဆရာမကြီး၏ ခန္ဓာအတွင်း ဆူပွက်နေသည့်ဟန်ကြောင့် ဆရာမကြီးသည် နတ်ဝင်သည်တဦးကဲ့သို့။

ကျနော်က နတ်ဝင်သည်တဦးကဲ့သို့ ဖြစ်နေသည့် ဆရာမ ဒေါ်ခင်ဖုန်းညွှန့်၏ မျက်ဝန်းတစုံအား ကြည့်မိ၏။ မီးကျည်ခဲအလား။ ဒေါသ၊ မာန်မာန၊ အတ္တ တို့က ဆရာမကြီး၏ မျက်ဝန်းအစုံ၌ ပန်းစကြာမှန်ပြောင်း လှည့်သကဲ့သို့ တလှည့်စီ၊ လှည့်ပြောင်းလျက်။

(ဂ)
၁၉၉၈ ခုနှစ်၊ ပွင့်လင်းရာသီ၏ တနေ့။

ရေးမြို့နယ်အတွင်းရှိ ‘လိပ်ပုတ်’ ရွာလေးသို့ ကျနော်တို့စစ်ကြောင်း ရောက်နေ၏။ စစ်ကြောင်းက ဗိုလ်မှူးစောဂျိုးဇက်၏ KNLA တပ်ရင်း ၁၆ ၊ ကျောင်းသားတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့ စုဖွဲ့ထားသည့် နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး စစ်ကြောင်းဖြစ်သည်။ အင်အားက ၂ဝဝ ခန့် ရှိမည်။ ၆ဝ မီလီမီတာနှင့် ၈၂ မီလီမီတာ လက်နက်ကြီးများလည်း ပါ၏။ ရည်ရွယ်ချက်က လိပ်ပုတ်ရွာလေးတွင် လူထုစည်းဝေးပွဲ ပြုလုပ်မည်။ လက်ရှိနိုင်ငံရေး အခြေအနေအား ရှင်းပြမည်။ စစ်အုပ်စုနှင့် မပူးပေါင်း၊ မဆောင်ရွက်ရေး (Non Co-operation) လှုပ်ရှားမှုအား လူထုအနေနှင့် ဆောင်ရွက်ရန် ဟောပြောမည်။ ပြီးလျှင် နိုင်ငံရေးအံတုမှုတိုက်ပွဲ နည်းနာများအား လူထုအား ဆွေးနွေးမည်။ တဖက်တွင်က စစ်ကြောင်းနှင့်အတူ ပါလာသည့် ‘နယ်လှည့်ကျောပိုးအိတ် ဆေးအဖွဲ့’ (Mobil Medical Back Pack Team) က လိပ်ပုတ်ရွာ၏ စာသင်ကျောင်းငယ်အတွင်း ယာယီဆေးခန်းဖွင့်၍ လူထုကျန်းမာရေးအား ပြုစုကုသစောင့်ရှောက်ကြမည်။

လိပ်ပုတ်ရွာ၏ အနောက်တောင်ဘက် ၄ မိုင်မျှ အကွာတွင်က ‘ကျောင်းရွာ’ရှိ၏။ ကျောင်းရွာတွင် ရန်သူ၏ လှုပ်ရှားစစ်ကြောင်းတကြောင်းနှင့် စခန်းထိုင်တပ်ခွဲ တခွဲရှိ၏။

ကျောင်းရွာနှင့် ရေးက မော်တော်ကားလမ်း ပေါက်သည်ဖြစ်၍ ရေးရှိ တပ်ရင်းသည် ကျောင်းရွာသို့ အချိန်နှင့်အမျှ စစ်ကူအင်အား ဖြည့်လာနိုင်၏။ ကျနော်တို့အဖွဲ့ လိပ်ပုတ်သို့ဝင်ခြင်းက စစ်ရေး၊ ရည်မှန်းချက်မပါ။ သို့သော် ရန်သူနှင့် နီးကပ်လွန်းသည့် ဒေသဖြစ်၍ တပ်အင်အားနှင့် တိုးဝင်လာကြရ၏။ လူထုဆွေးနွေးပွဲနှင့် လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကင်းတို၊ ကင်းရှည် အထပ်ထပ်ကာရံ၍ လုပ်ဆောင်ကြရခြင်း ဖြစ်၏။

ကျနော်တို့ လိပ်ပုတ်တွင် ရောက်နေသည့်သတင်းအား ကျောင်းရွာမှလည်း ရမည်၊ ‘ရေး’ မှလည်း သိမည်ပင် ရေးမှ စစ်ကူအချို့ ကျောင်းရွာသို့ ရောက်လာ၏။

လိပ်ပုတ်ရွာ၏ ဘုန်းတော်ကြီးကျောင်းအတွင်း လူထုစည်းဝေးပွဲအား ပြုလုပ်၏။ နဝတ ၏ ပညာရေး ဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သားများလည်း တက်ရောက်ကြ၏။ ဆွေးနွေးပွဲက အားရကျေနပ်စွာနှင့်ပင် ပြီးဆုံးခဲ့၏။ ကျောင်းရွာရှိ စစ်ကြောင်းက ရေးမှ စစ်ကူလာသည့် တပ်ဖွဲ့နှင့် ပူးပေါင်းပြီး ကျောင်းရွာမှ ထွက်ရန် ပြင်နေသည့်သတင်းအား ကျနော်တို့ ရ၏။ ရန်သူ၏ ဦးတည်ရာက ကျနော်တို့ရှိရာ လိပ်ပုတ်ရွာသို့။

စစ်ကြောင်းမှူးက လိပ်ပုတ်မှ ပြန်လည်ဆုတ်ခွာရန် အမိန့်ပေး၏။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ‘နယ်လှည့်ကျောပိုးအိတ်ဆေးအဖွဲ့’ (Mobil Medical Back Pack Team) ကိုလည်း ကုသမှု့များအား လက်စသတ်၍ သိမ်းဆည်းရန် ညွှန်ကြား၏။ ဤတွင် လိပ်ပုတ်ရွာ စာသင်ကျောင်းအတွင်း ကျန်းမာရေး ကုသမှုပေးနေသည့် (Mobil Medical Back Pack Team) မှ အရေးကြီးလူနာတဦးအား ကုသမှု ပေးနေရသည်ဖြစ်၍ အချိန် ၃ နာရီခန့် ပေးပါရန် တင်ပြလာ၏၊ ခက်ပြီ။

ကျောင်းရွာက ရန်သူသည် တနာရီအတွင်း လိပ်ပုတ်သို့ ရောက်လာနိုင်၏။ ရန်သူက မိုက်မိုက်ကန်းကန်း တိုးဝင်လာပါက လိပ်ပုတ်ရွာအတွင်း၌ပင် တိုက်ပွဲဖြစ်နိုင်မည်။

ကျနော်တို့ လူနာအခြေအနေအား သိရန် စာသင်ကျောင်းလေးဆီသို့ ထွက်လာခဲ့ကြ၏။ စာသင်ခုံတန်းရှည်များအား ဆက်ထားသည့် ယာယီကုတင်ပေါ်၌ အသက် ၁၂ နှစ်ခန့်ရှိမည့် ကလေးမလေးသည် မေ့မြော၍နေ၏။ လူနာ၏ လက်နှစ်ဖက်မှ ဆေးရည် ၂ ပုလင်းအား အစက်ချ၍ သွင်းပေးထား၏။ နှလုံးခုန်နှုန်းက မမှန်။ ခက်ခက်ခဲခဲ အသက်ရှူ နေရသည့်အတွက် လူနာ၏ ရင်ဘတ်လေးသည် နိမ့်ချည်၊ မြင့်ချည်နှင့်၊ ကလေးမလေး၏ အခြေအနေက ၅ဝ ၊ ၅ဝ ၊ အခြေအနေ။ အရာအားလုံးသည် ငြိမ်သက်၍နေ၏၊ ဆေးမှူးများက သူတို့၏ ပြုစုကုသမှုအား တိတ်ဆိတ်စွာနှင့်ပင် ဆောင်ရွက်၍နေကြသည်။

လူနာ၏ ဘေး၌ ကလေးမလေ၏ မိခင်သည် ကျုံ့ကျုံ့လေးထိုင်ရင်း သမီး၏ နဖူးပြင်ပေါ်သို့ ရေဖတ်အုပ်ပေး၍ နေ၏။ ရေဖတ်အုပ်ပေးရင်း သူမသည် မေ့မျောနေသည့် သမီးငယ်၏ မျက်နှာလေးအား ကြည့်၏၊ ကျနော်တို့အား ကြည့်၏။ ကုသမှုပေးနေသည့် ဆေးမှူးလေး ၂ ဦးအား ကြည့်၏။ ပြီးလျှင် ကျောင်းရွာမှ စစ်ချီလာမည့် ရန်သူ့စစ်ကြောင်းဆီသို့ စိတ်ရောက်သွားဟန် တူသည်။ ကျောင်းဝင်း၏ အဝင်လမ်းဆီသို့ တွေ၍ကြည့်နေပြန်သည်။

ကျနော်က သူမ၏ မျက်ဝန်းအစုံအား ကြည့်မိ၏။ မျက်ဝန်းအစုံက စိုစိုစွတ်စွတ်၊ အရည်လဲ့၍နေသည်၊ ပြိုမည့်မိုးပမာ။ ပူပင်သောကသည် လူနာရှင်မိခင်၏ မျက်ဝန်းအစုံ၌ အရောင်းအသွေးစုံစွာနှင့် ဖျက်ကနဲ၊ ဖျက်ကနဲ ပြောင်း၍နေ၏။

ကျောင်းရွာမှ စစ်ကြောင်းရောက်လာပြီး ရွာအတွင်း တိုက်ပွဲဖြစ်မည်ကို ပူပန်သည့်သောက၊ သမီးလေးအား ကုသပေးနေသည့် ဆေးမှူးလေးများ သမီးငယ်လေးအား ထားခဲ့ပြီး ထွက်ခွာသွားမည်ကို စိုးရိမ်သည့် ပူပင်သောက၊ ပြီးလျှင် သမီးလေးအပေါ် ပူပင်သည့်သောက။

ကျနော်တို့စစ်ကြောင်းမှူးနှင့် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြ၏။ လူနာအား ထမ်းစင်နှင့်ထမ်း၍ စစ်ကြောင်းနှင့်အတူ ခေါ်သွားမည်။ ရွာအပြင် စိတ်ချရသည့် နေရာတွင် စစ်ကြောင်းနားပြီး လူနာအား ဆက်၍ကုသမှုပေးမည်။ ကျနော်တို့၏ အစီအစဉ်အား လူနာရှင်၏ မိခင်အား ပြောပြ၏။ လူနာရှင်မိခင်၏ မျက်ဝန်းအတွင်းမှ လျှပ်လက်သကဲ့သို့ ဖျတ်ကနဲ ဝင်းလဲ့သွားသည်ကို ကျနော် မြင်လိုက်မိ၏။

(ဃ)

တပါးသူများကဲ့သို့ပင် ကျနော့်တွင် မျက်ဝန်းတစ်စုံရှိ၏။ အမြင်အာရုံတွင် သာမာန်အားဖြင့် ကောင်းမွန်သည့် မျက်ဝန်းတစုံ။ ဤမျက်ဝန်းနှင့် ကျနော်သည် တပါးသူတို့၏ မျက်ဝန်းများအား ရှာဖွေ၍ ကြည့်ရှုပြီး စကားလုံးမရှိသည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖော်နေမိခဲ့၏၊ ကျနော် မြင်မိ၏၊ ကျနော် တွေ့မိ၏၊ ကျနော် နားလည်ခဲ့မိသည်ဟု ထင်ခဲ့၏။

ဤသို့ပင် ကျနော့်မျက်ဝန်းအစုံနှင့် ဆုံတွေ့ခဲ့ကြရသည့် မျက်ဝန်းများသည်လည်း ကျနော့်မျက်ဝန်းအတွင်းမှ စကားလုံးမရှိသည့် မည်သည့်အကြောင်းအရာများအား အဓိပ္ပာယ်ဖော်ခဲ့ကြလေးသနည်း ကျနော် သိချင်နေမိ၏။
 

26 May, 2010

ကဗျာဆရာ စောဝေ လွတ်ပြီ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ချစ်သူများနေ့ကဗျာမှာ ရေးသားခဲ့သော ကဗျာဆရာ စောဝေ ရမည်းသင်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်လို့ ရန်ကုန်မှ လာတဲ့ သတင်းများမှ သိရပါတယ်။
ကိုစောဝေရဲ့"ဖေဖော်ဝါရီ တစ်ဆယ့်လေး" ကဗျာမှာ အစ စာလုံး များဖြင့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့် ရေးသားထားပြီး ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ရေးသားခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

အမေရိကန် လွတ်တော် အမတ် Jim Webb မြန်မာပြည် ထပ်မံသွားမည်..

တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ပစ်ခတ်မှု ၊ ထိုင်းနိုင်ငံ ပြည်တွင်းရေး မတည်ငြိမ်မှုနဲ့မြန်မာ့နိုင်ငံရေး အကျပ်အတည်း အခြေအနေမှာ အမေရိကန်အနေနဲ့ ၀င်ရောက် တာဝန်ယူ ဖြေရှင်းပေးဖို့ လိုနေပြီဆိုတာကို ပြသနေတယ်လို့ ဂျင်ဝပ် ကပြောကြားကြောင်း သတင်းများမှာ ဖော်ပြကြပါတယ်။
ဂျင်ဝပ်ဟာ မေလ ၂၉-ရက်နေ့မှ ဇွန် ၆-ရက်နေ့အထိ တောင် ကိုရီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်တယ် လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

18 May, 2010

လည်ပြန်ငေးမှ ပြန်မြင်ရသည်




ကျနော်ငယ်ငယ်တုန်းက စာသိပ်ဖတ်ခဲ့တယ်။ လူကစာသိပ်ဖတ်ပေမယ့် ဂျွတ်ဆတ်ဆတ် ၊လက်ယဉ်ယဉ်၊ ထောင့်သိပ်မကျိုးတဲ့ လူပေါ့။
တကယ်တန်းကျနော့်မှာ သူငယ်ချင်းတွေ ဒုနဲ့ဒေးရှိခဲ့ပေမယ့် ရွယ်တူသူငယ်ချင်းတွေဟာ ကျနော့်အတွက်
စကားပြောဖော်ဖြစ်ခဲ့တဲ့ကောင် များများ မရှိခဲ့ဘူး။

လက်ဖက်ရည်ဆိုင်တူတူထိုင်ဖော်ထိုင်ဖက်ဖြစ်တာပဲများတယ်။လက်ဖက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်ဆိုတာကလည်း ဒီလိုပါ။
ကျနော်ဟာ ကိုယ့်လက်ဖက်ရည်ဖိုးကိုယ်ပေးနိုင်တဲ့ကောင်မဟုတ်ခဲ့ဘူး။ လက်ဖက်ရည်ဖိုး မပေးနိုင်တော့ ကိုယ့်ဟာနဲ့ကိုယ်ဆို လက်ဖက်ရည်ဆိုင်ဖက်မသွားဘူးပေါ့ဗျာ။
 
ဒါပေမယ့် အားလုံးက တက်သစ်စ ဆယ်ကျော်သက် တွေချည်ပဲကိုး။ ဖိုသတ္တ၀ါတို့ ရဲ့ ဟိုမုန်းသိပ်ကြွယ်ဝတဲ့ကာလဆိုတော့ ၊ မြို့ပေါ်က ရှပ်ပြာ လူးစိန် စပ်စလူးလေးတွေကလဲ
စက်ဘီးကလေးတွေကိုယ်စီနဲ့ ညနေ ညနေ ကျူရှင်ဖြုတ်ချိန်ဆို အိမ်တန်းမပြန်ပဲ မြို့လည်မှာစက်ဘီးနဲ့ တပါတ်လောက်တော့လှည့်ပြီး ဟန်ရေးပြရမှ လူကြည့်ခံရမှသူတို့မှာ
ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ မာနရေချိန်လေးမြှင့်ရတာကိုး။ ခုတော့လဲ အဲဒီ စပ်စလူးလေးတွေ ထဲက အထက်တန်းပညာရေးမဆုံးခင်လေးနဲ့ လင်နောက်လိုက်ပြေးကြသူတွေထဲက လဲ
ကလေးသုံးလေးယောက်အမေတွေဖြစ်လို့ သူတို့ သားသမီးတွေတောင် တချို့ကောလိပ်တက်နေကြပါပြီ။

အဲသလို မြို့ကလေးရဲ့ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေ နွေခေါင်ခေါင်လှည်းလမ်းကြောင်းဖုံထူထူပေါ်မှာ အဖြူရောင် ခြင်ထောင်ဇာလို စကပ်ကြီးဝတ် ၊ ထိပ်ဦးက ချွန်ထက်နေတဲ့
လေဒီရှူးအဖြူရောင်ကိုစီးပြီး နှုတ်ခမ်းနီ ပါးနီတွေအပြတ်ချယ်သပြီး မိချောင်းတံဆိပ်စက်ဘီးတို့  ပန်းကမ္ဘာစက်ဘီးတို့နဲ့ ခြေကလေးခွင်ခွင်ပြီး ဟန်ရေးပြရင်း မြို့ထဲ ထွက်ထွက်နင်းကြတဲ့
အပျိုတွေကလဲ အများကြီးဗျ တချို့ဆို ဂျပန်လိုနိုင်ငံမှာတောင်ရောက်နေကြပြီ။ လင်နဲ့သားနဲ့ဖြစ်ကုန်ကြပြီပေါ့ဗျာ။

မြို့မှာလွတ်လပ်ရေးနေ့ပွဲ အတွက် စတိတ်ရှိုးတွေ က စပြီးသီချင်းတိုက်ကြပြီဆိုလဲ သူတို့တွေ က အကဲသားဗျ။ စင်ပေါ်တက်ချင်ကြတာကိုး။ ကျနော်တို့ကလည်း တီးဝိုင်းတစ်ဝိုင်းရှိတယ်။
ကျနော်ကတော့တခါမှမဆိုခဲ့ဖူးပါဘူး။ သီချင်းတပုဒ်ဆိုဖို့ ငွေနှစ်ရာ ထည့်ဝင်ရတာကိုး။ ငွေနှစ်ရာဆိုတာကျနော့်အတွက်က ဘယ်လိုမှအိပ်မက်မက်လို့ မဖြစ်နိုင်တဲ့ ပမာဏကြီးဖြစ်နေတယ်လေ။
တဖက်ကလည်း ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို လိုအပ်ပြန်တာကလည်းရှိတယ်။ ဒီကောင်တွေက ဂစ်တာကို သေချာ ဂီတသင်္ကေတနဲ့မတီးတတ်ကြပြန်ဘူး။
ဒီတော့ကျနော့်အလုပ်က သူတို့နဲ့ ဆိုမယ့်သီချင်းတွေကို ကက်ဆက်နဲ့နားထောင် ၊ တပိုဒ်ခြင်းပေါ့ဗျာ ပြီးတော့ မှ တီးသွားတဲ့ လိဒ် တို့ ၊ ကီးဘုတ်ဝင်သွားတာတို့ ကို ပြန်ပြီး
စာရွက်ပေါ်မှာ ၀မ်းတူးသရီး(ဒိုရေမီဖာစသဖြင့်)နုတ်စ်နဲ့ ပြန်ရေးပေးရတဲ့အလုပ်ဗျ။
စတန်းဒတ်နိုတေးရှင်း ဂျီ ကလစ်ဖ်တို့ ဘာတို့ နဲ့ဆို သူတို့ ဘယ်ဖတ်နိုင်မလဲဝေလာဝေးပေါ့ဗျာ ။
 အဲဒီလို ကျနော်က လုပ်ပေးတော့ သူငယ်ချင်းတွေကလဲ ကျနော့်ကို ဂီတမှူးဆိုပြီး ခန့်တယ်ဗျတခါမှစင်ပေါ်တက် ပြီး မိုက်ခွက် မကိုင်လိုက်ဖူးတဲ့ဂီတမှူးပေါ့ဗျာ။
  စင်ပေါ်တက် ပြီး ဘောင်းဘီရှည်နဲ့  ဂစ်တာကို ကိုင်တော့မယ်ဆိုကတည်းက လေးရာထည့်ရတော့မှာဆိုတော့ ဘယ်တတ်နိုင်မတုန်းကျနော့်အတွက်က။
သူငယ်ချင်းတွေကအ တီးတော့ကောင်းသားဗျ၊ ကိုယ်ပိုင်လျှပ်စစ်ဂစ်တာတွေရှိကြတာကိုး။ကျနော့်မှာက ၀တ်ဘို့ဘောင်းဘီရှည်တောင်မှ ကျနော့်အဘိုး ၀တ်ခဲ့တဲ့ ဘီအိုင်အေခေတ်က စစ်ရောင်သက္ကလပ်
ဘောင်းဘီကြီးပဲရှိတာကိုး ။ ရှိုးထုတ်ဖို့ ဆိုတာ အင်မတန်ဂွကျတဲ့ကိစ္စဗျ။ တခါတလေများ မြို့လည်ဖက် ကို လမ်းလျှောက်ပြီးသွားတုန်း စီးနေတဲ့သားရေဖိနပ်က အကြင်နာကင်းကင်း နဲ့ လူကို ပြတ်ပြတ်စဲစဲလုပ်လာပြီဆိုရင်
ဖိနပ်ကလေးခါးထိုးပြီး အိမ်ဖက်ပြန်လာ၊ တူကလေးနဲ့ ပလိုင်ယာကလေးနဲ့ သံမှိုလေးတွေနဲ့ကိုယ့်ဟာကိုယ်ပြန် ထုနှက် ချုပ် ပြင်ပြီးတော့ စီးရတာ။
 အဲသလို ဖိနပ်များ ပြတ်သွားချိန်မှာ ကံများ မကောင်းရင်တော့စောစောကလိုဟန်ရေးပြနေတဲ့ငနဲမလေးတွေစက်ဘီးဖြတ်နင်းလာတာနဲ့ကြုံပြီဆိုလို့ ရှိရင်များ ၊
ဂေါ်သဇင်တွေလှိုင်လှိုင်ပွင့်တတ်တဲ့ဆောင်းတွင်းမနက်ကြီးတွေမှာတောင် ချွေးက ပျံတာများ ပေါင်ကြားထိ စီးသွားမယ်ဗျို့။

ထားပါတော့လေ စောစောက လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်ဖိုးမပေးနိုင်ပဲရောက်ရောက်သွားရတဲ့အဖြစ်ကတော့ ဒီလိုဗျ။
ဟန်ရေးပြနေတဲ့စကပ်တဖားဖားကောင်မလေးတွေကို ဂျင်းဘောင်းဘီတကားကားနဲ့ ကျနော့်သူငယ်ချင်းများက မေတ္တာစာကမ်းချင်သကိုး။ ဒီတော့ ကျနော်ကသူတို့ရဲ့မေတ္တာစာကို ပင်တိုင်ထိုင်ရေးပေးရတဲ့အလုပ်ကို
အလိုလိုရသွားတော့တာပေါ့ဗျာ။ အဲသလို ဖောက်သည်တွေသိပ်များလှတော့လဲ ကျနော် လက်ဖက်ရည်ဆိုင်ကို ကိုယ့်ငွေနဲ့ ကိုယ်မထိုင်နိုင်ပေမယ့် ကပ်သောက်ရတယ်ဆိုတာမရှိလှပါဘူး ။

ဒါပေမယ့်အဲသလိုမဟုတ်တဲ့သူငယ်ချင်းတယောက်ကတော့ အရင်းအချာထဲကအရင်းအချာပေါ့ဗျာ ၊ သူကတော့ အမြဲ တန်း အိမ်လာပြီး ကျနော့်ကို လက်ဖက်ရည်ဆိုင်သွားဖို့ ခေါ်သလိုသူပဲ အိပ်စိုက်တိုက်တယ်ဗျ။
ဒီကောင်က လူတော်လူကောင်းဗျ။ စာလဲသိပ်ဖတ်တယ်။ ဒါပေမယ့်သူ့မှာ နာခံတတ်တဲ့စိတ်ကပိုများတယ် ။ ကျနော်နဲ့ကွာသွားတာအဲဒီအချက်ပဲ ။
 ကြောက်ဖို့ ကောင်းတဲ့တချက်ကတော့ လောကကြီးကကိစ္စအားလုံးကို စမ်းသပ်ချင်တဲ့စိတ်သူ့မှာရှိတယ်။
ကျနော်ကတော့အဲသလိုမဟုတ်ဘူး။သိပ်များများစားစားကို လိုက်စိတ်မ၀င်စားဘူး ။ စာဖတ်တယ် ။ တယောက်ထဲ သိပ်ညဥ့်နက်ချိန်တွေမှာမှ အမှောင်ထဲမှာဂစ်တာတီးတယ်။ အဲဒီလိုဂစ်တာတီးချိန်တွေမှာ ၀ါကျင့်ကျင့် လမ်းမီးတိုင်ဘေးကအုန်းလက်ကိုင်းတွေလေတိုက်တိုင်း ယိမ်းပြီး အရိပ်တွေမှောင်သွားလိုက်လင်းသွားလိုက်နဲ့ မြင်ကွင်း ကြားထဲက ဖြိုးဖြိးဖျောက်ဖျောက် ကြယ်ကလေးတွေကိုမော့ကြည့်မိတိုင်း လူငယ်တယောက်ရဲ့ ဘာမှန်းမသိတဲ့အနာဂါတ်ကို ကျနော့်လက်ကျနော့်ခြေ နဲ့ဖန်တီးယူချင်စိတ်ကိုတောင့်တခဲ့ဖူးတယ်။

ကျောင်းပိတ်ရက်တွေမှာဆို ကျနော်ဟာ ဘုန်းကြီးကျောင်းမှာရှိနေတတ်တယ်။ ဘာသာရေးသိပ်ကိုင်းရှိုင်းလွန်းခဲ့လို့ တော့မဟုတ်ဘူး။
ဘုန်းကြီးကျောင်းဆိုတာ အင်မတန်မှ ဆီဦးထောပတ်နဲ့ ၀က်သားတုံးကြီးတွေများ အိစက်ညက်ညောအဆီဝင်းနေလို့။
ကြက်သား ဟင်းနံ့များဆို ခုထိတောင်တွေးရင် သွားရေ ယိုရတုန်း ဗျ။    အဲဒီတော့ ကျောင်းပိတ်ရက်များမှာ ဘုန်းကြီးကျောင်းမှာ နေ့လည်စာ ညစာ သွားဝါးတယ် သိမ်ထဲမှာ တရေးတမောနှပ်တယ်။ ညနေဆို ငြိမ်းချမ်းရေးစေတီလေးဘေးကရေတွင်းကြီးမှာရေချိုးတယ်။ အဲသလိုရေချိုးရင်းများ ဘုန်းကြီးကျောင်း ၀န်းကျင်က ညီအမတွေကို လှမ်း လှမ်း ငန်းရတာလဲ အမောပါပဲဗျာကြိုက်လို့ ချစ်လို့ များလားဆိုတော့လဲ ဟုတ်သေးဘူးဗျ
ရိုးရိုးမျက်စိအရသာ ခံယုံလောက်ပါပဲလေ။

အဲဒီဘုန်းကြီးကျောင်းမှာက ပိတ်ရက်တွေဆို များသောအားဖြင့်တရား ပွဲတွေ အဘိဓမ္မာဆွေးနွေးပွဲတွေ ရှိတတ်တယ်ဗျ။
တနေ့တော့ ဗိုက်ခွေးနမ်းလောက်အောင် မျိုဆို့ပြီး ဆရာတော် စွန့် ထားတဲ့ မုန့် ဘိုးနဲ့ကွမ်းယာလေးတစ်ရာဝယ်ပြီး ငြင်းခုန်ဆွေးနွေးနေကြတဲ့ ကျနော်တို့မြို့က လူ့ဂွစာလို့ လူအများယူဆကြတဲ့အဘိုးကြီးတွေအုပ်ထဲ အသာလေး ကွမ်းမြုံ့ရင်းသွားထိုင်နားထောင်နေမိတယ်ဗျ။
အဲဒီမယ် ငြင်းကြခုန်ကြပြောကြကိုးကားကြနဲ့ပေါ့ဗျာ ။ ဂေါတမဘုရားရှင်ရဲ့ တရားတော်တွေပါ ။ သီဟိုဠ်ဆရာတွေက ဘုရားရှင်ရဲ့တရားတွေကိုနောက်ပိုင်းမယ် ဘယ်လို ဘယ်နည်းကွန့် တာ ဖြစ်တယ် စသဖြင့်ပေါ့။ အဲသမှာ တောင်တွင်းက အဘိုးကြီးတစ်ယောက် ပြောခဲ့တဲ့ပုံပြင်လေးကို ခုထိအမှတ်ရစရာတွေဖြစ်လာစေတဲ့အကြောင်းတွေက ရှိတုန်းမို့ပြောရဦးမယ်ဗျ။

ပုံဝတ္တုကလေးကတော့ဒီလို

တခါတုန်းက တော်တော့်ကိုအေးချမ်းသာယာတဲ့ကျေးရွာကလေးတစ်ရွာရှိသတဲ့ဗျ။ အဲဒီရွာကလေးဟာချောင်းနဖူးမှာ တည်ရှိပြီး မြို့ကိုသွားမယ်လာမယ်ဆိုရင်ဖြင့် ရွာသူရွာသားတွေဟာ အဲဒီချောင်းကူးတံတားကလေးကပဲကူးပြီးသွားလာကြရသတဲ့။
အချိန်ကာလအားဖြင့်ကလည်းမိုးတွင်းဖြစ်နေတော့ လယ်ယာလုပ်ငန်းခွင်တွေနဲ့အလုပ်တွေလဲများနေကြတာပေါ့ဗျာ။ အဲဒီရွာမှာသိပ်ပြီးကျပ်မပြည့်တဲ့ သူတယောက်ရှိသတဲ့ ။ အဲဒီ တယောက်ကို တရွာလုံးက အစကတော့ ချစ်ချစ်ခင်ခင်ပေါ့ဗျာ။သူကလဲ ရွာထဲမှာနွေဆို မီးကင်းစောင့်တာတို့ ဘာတို့ ကို လုပ်ပေးတတ်တဲ့ကင်းသမားတစ်ယောက်ပေါ့ ။

တနေ့သားမှာတော့ အဲဒီဆရာသမားဟာ ဘာမပြောညာမပြောနဲ့ ထပြီးကြမ်းတော့တာပဲဗျို့။  ရွာလည်ကဖြတ်လာတဲ့ ကျောင်းဆရာကို လက်သီးနဲ့ထိုးလိုထိုး ၊
 ဆွမ်းခံထွက်လာတဲ့ကိုရင်တွေကို ခဲနဲ့ ပေါက်လိုပေါက် ၊ ရွာထဲ အပျိုမတွေကို ညနေချောင်းကမ်းပါးရေချိုးဆိပ်မှာ မဖွယ်မရာတွေလုပ်ပြလိုလုပ်ပြနဲ့ပေါ့ဗျာ။

ရွာသားတွေဟာ သည်းညည်းခံနိုင်စိတ်တော့ကုန်သွားပြီဗျဒါပေမယ့်လဲအရူးနဲ့ဖက်ပြီးရန်မဖြစ်ချင်ကြဘူးလေ ။ အဲသလိုနဲ့တနေ့ မှာ အဲဒီအရူး ဟာ ကိုင်းခုတ်ဓါးကြီးထမ်းပြီး ချောင်းကိုဖြတ်ဆောက်ထားတဲ့တံတား ထိပ်မှာရပ်နေသတဲ့ဗျာ။ ပြီးတော့ ၀ါးလုံးတစ်လုံးကို လဲ ကန့် လန့် လှဲချထားရင်း နဲ့ "သတ္တိရှိတဲ့ကောင်ဖြတ်ရဲ ဖြတ်ကြည့်ကွာ ငါ့အကြောင်းသိသွားစေရမယ်"အော်တယ်တဲ့။
ပြီးတော့ အဲဒီနေရာက မရွေ့ တန်း ကို စောင့်နေတာတဲ့ ။ အဲဒီ တံတားနဲ့မနီးမဝေးက ဘုန်းကြီးကျောင်းမှာ ဆာရင်သွားစားတယ် ပြီးရင်ပြန်လာတယ်ပြီးရင်တော့ ထုံးစံအတိုင်း ကိုင်းခုတ်ဓါးကြီးထမ်းပြီး
စောင့်နေတော့တာပဲတဲ့ဗျို့။ အဲသလိုနဲ့ ရွာက လူတွေမှာလဲ မြို့ကိုမသွားရဲ ။ ဆန်ဆီဆေးဝါး ငါးခြောက်ငါးခြမ်းကလေးတွေ မြို့တက်ဝယ်ဖို့ က တော်တော်အခက်အခဲဖြစ် ဘယ်သူမှ လဲ အရူးရဲ့ဓါးနဲ့လည်ပြတ်မှာမခံရဲပေါ့ဗျာ။

အကျိုးနဲ့အကြောင်းနဲ့သွားပြီး အရူးကိုဖျောင်းဖျတော့လဲ အရူး ကဘာပြောလဲဆိုတော့ "ဟောဒီတရွာလုံးရဲ့လုံခြုံရေးကိုအသက်နဲ့လဲပြီး ငါက တာဝန်ယူခဲ့တာကွ။ အဲဒီကျေးဇူးကိုမသိပဲ ငါ့ကို အာခံပြီး ဟောဒီ ၀ါးလုံးကို ကျော်ရဲတဲ့ကောင်ကျော်ကြည့် " လို့ ပဲပြန်ဖြေသတဲ့။အမှန်တော့နေစရာမရှိ လို့ ကင်းတဲ သွားအိပ်နေတဲ့အရူးပါ။ အဲဒီမှာတင် ရွာထဲ က တဆိုင်ထဲသော ကုန်စုံဆိုင်ကလဲ ဈေးတွေတင်လာ၊ ဗိန္ဒောဆရာလဲ မြို့တက်ဆေးမ၀ယ်နိုင်၊ ကျောင်းပိတ်တုန်းရွာပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေလဲကျောင်းပြန်မသွားနိုင်ပေါ့ ဖြစ်နေပုံက ။

အဲသလိုနဲ့ရက်နည်းနည်းကြာလာတော့ ပန်းပဲထုနေတဲ့ ခပ်ပေပေလူတစ်ယောက်ဟာ သည်းမခံနိုင်တော့ဘူး တဲ့ ။
ဒါနဲ့သူတွေးတယ် ဒီကောင် ဘာကောင်မို့ လဲပေါ့။ အရူး ကို လူတွေကလဲ ၀ိုင်းပြီး ကြောက်နေကြတယ်ပေါ့ တွေးပြီးတခါထဲ ခါးတောင်းကိုမြှောင်အောင်ကျိုက်လိုက်တာမှ
ငယ်ငယ်က ၀ဲပေါက်ခဲ့တဲ့အမာရွတ်တွေတောင် တင်ပါးမှာအထင်းသားနဲ့တဲ့ဗျား။

အဲဒါနဲ့ ပန်းပဲသမားဟာ အရူးမျက်နှာကိုစေ့စေ့ကြည့်ပြီး တကယ်လို့ များ အရူးက ကိုင်းခုတ်ဓါးနဲ့ ပိုင်းလာရင်တော့ ၀င်လုံးမယ်ပေါ့လေ အဲသလိုတွေးပြီး သတိနဲ့ အရူး ချထားတဲ့ဝါးလုံးကို ကျော်ပြီး သွားမယ်ပေါ့။ အဲဒီလို ပန်းပဲဆရာက အရူး တားထားတဲ့ဝါးလုံးကိုကျော်ပြီးသွားတော့မယ်ဆိုတာကိုလဲတရွာလုံးကို ပန်းပဲဆရာက ပြောခဲ့လိုက်တော့ အကုန် ၀ိုင်းလာပြီးခပ်လှမ်းလှမ်းက စပ်စုကြတာပေါ့ဗျာ။တချို့အရူး စိတ်ချမ်းသာအောင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့ဖို့ တရွာလုံးကိုတရားချနေတဲ့သူတွေကလဲ  ပန်းပဲဆရာရဲ့အပြုအမူကို အင်မတန်မှမိုက်မဲတဲ့ကိစ္စပေါ့၊ ဘယ်ကျမ်းဂန်အလာအရဆိုဘယ်လိုဘယ့်နှယ်ပေါ့ဗျာ သူတို့က
 ရွာရဲ့ ဘယ်သူမှခန့် မထားတဲ့က၀ိတွေကိုးဗျ။
အဲသမှာပန်းပဲဆရာဟာ စကားများများပြန်မပြောပဲသူ့ ဆုံးဖြတ်ချက်အတိုင်းအရူးဆီရောက်အောင်သွားတော့တာပေါ့။ချောင်းကူးတံတားကိုရောက်တော့
ပန်းပဲဆရာဟာ ၀ါးလုံးကိုကျော်ပြီး အရူးကို "ကဲ ဟေ့ကောင် ငါကျော်လိုက်ပြီ ဘာဖြစ်လဲ ပြောစမ်း"   လို့ နပမ်းဝင်လုံးဖို့ အသင့်အနေအထားနဲ့မေးလိုက်ချိန်မှာ အရူးက "ကျော်လိုက်တော့လဲရောက်သွားတာပေါ့ကွာ" လို့ပြောပြီးဝါးလုံးကို ကောက်ထမ်းရင်း ဆွမ်းကျန်ဟင်းကျန်တွေဝါးဖို့ ဘုန်းကြီးကျောင်းဖက်လှည့်သွားပါလေရောတဲ့ဗျာ။


ခုလဲ ကျနော်တို့ တိုင်းပြည်အခြေအနေက အရူးနဲ့ပူးပေါင်းဆောင်ရွက်ရေး အရူး စိတ်မညစ်ရေး အရူး ဘုံမြှောက်ရေးကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုးတွေ အလုပ်တွေရှုပ်နေကြပုံတွေနဲ့ ဆိုတော့ ကဲလေ..... မိတ်ဆွေလဲ မျက်စိညောင်းလောက်ရောပေါ့ နောက်တပါတ်ကြုံမှပဲကျနော့်ဘ၀ဖြတ်သန်းမှုအစုစုနဲ့တွေ ခဲ့ကြုံခဲ့ ကြားနာ ခဲ့တာလေးတွေကိုဆက်ရေးပါဦးမယ်ဗျာ...။

ခင်မင်လျှက်

ကိုထွေးညို(တမာတန်း)

နောက်ဆုံးအနည်းဆုံး အာဖရိက

(၁)
မြို့ပေါ်လမ်းမတွေမှာ အမှိုက်သိမ်းဖို့မှောင်နဲ့မဲမဲ  သူမအိပ်ရာထပြီးနောက်….
နှစ်ဒေါ်လာထက် နည်းတဲ့ငွေနဲ့ အစားအသောက်ဝယ်ဖို့ သူမနှစ်နာရီလောက်လမ်းလျှောက် ပြီးနောက်…
 ပူပြင်းတဲ့ မွန်းတည့်နေမှာ    သူမနှစ်နာရီလောက် ချက်ပြုတ်ပြီးနောက်၊ ဖန်တာ လင်ဂနီဟာ သူ့ မိသားစုအတွက် တစ်နေ့တာရဲ့ တစ်နပ်ထဲသောထမင်းပွဲကို ဖြည့်စည်းပေးခဲ့တယ်။   ဦးစွာ သူမဟာ သစ်ရွက် ငါးခြောက်နဲ့ ပြာမှုန့်တို့ ခပ်ထားတဲ့ ပြောင်းနှစ်မုန့်ပြားတစ်ဒယ်ကို ကလေးငယ် ၁၁  ယောက်အတွက်တည်တယ်။ကလေး တွေကလက်ဗလာနဲ့ ဖဲ့စားကြတယ်။

ဒီနောက်သူ့ယောကျာ်းအတွက် တစ်ဒယ်တည်တယ်။ ကလေးကြီး တစ်ဒါဇင်အတွက် နှစ်ဒယ်တည်တယ်။ လူတိုင်းအတွက်ပြီးမှ နောက်ဆုံးသူ့အတွက် တစ်ဒယ်တည်တယ်၊ သူမဟာ အမြဲတမ်း နောက်ဆုံးမှစားတယ်။
အစားအသောက်ဈေးတွေ နှစ်ဆနီးပါးတက်မလာခင် လွန်ခဲ့တဲ့နှစ်က  လင်ဂနီဟာ တစ်နေ့သုံးနပ်ကို အသား ဆန် ဟင်းသီးဟင်းရွက်တို့နဲ့ စားနိုင်တယ်။ ယခုအခါမှာတော့  မုန့်ပြါးသက်သက်  ပလုပ်ပလောင်း နှစ်လုပ်စာနဲ့   နောက်နေ့အထိ   ခံအောင်နေကြရတယ်။
နှုတ်ခမ်းသားနီနေတဲ့    မျက်လုံးများကို   ပွတ်လိုက်ပြီး  မြေကြီးပေါ်ကျနေတဲ့ သစ်ရွက်ညွန့် တစ်ခက်ကို   ကောက်ဝါးပြီးနောက်  လင်ဂနီဟာ   သူမရဲ့ နောက်ဆုံး မုန့်တစ်ဖဲ့ကို ကလေးတွေကို ကြွေးလိုက်တယ်။

"ငါမဆာဘူး"လို့ သူမကပြောတယ်။
အနောက်အာဖရိကရဲ့ အလယ်မှာရှိတဲ့ ဘာကီနာဖာဆို  Burkina Faso   လို ဆင်းရဲတဲ့နိုင်ငံမှာ ထမင်းစားချိန်ဟာ အမျိုးသမီးများကို  ပူပင်သောက     ရောက်စေတယ်။ သူတို့ဟာ အစားအစာ ရှာရတယ်၊ ရေခပ်ရတယ်၊ ဈေးသွားရတယ်၊ ထမင်းချက်ရတယ်။ ဒါပေမဲ့ စားချိန်တန်တဲ့အခါ ယောက်ျားနဲ့ကလေးများက   အရင်စားပြီးအမျိုးသမီးများက နောက်ဆုံးနဲ့ အနည်းဆုံးပဲ စားတယ်။
ကုလသမဂ္ဂ   ကမ္ဘာ့စားနပ်ရိက္ခာ  စီမံကိန်း (WFP)ရဲ့         ထုတ်ပြန်ချက်အရ ယမန်နှစ်က အစားအစားနဲ့ လောင်စာဈေးတွေ မြင့်တက်လာမှုက အာဖရိက အာရှနဲ့ လက်တင်အမေရိက တစ်ဝှမ်း မှာရှိတဲ့ လူဦးရေ သန်း ၁၃၀-ကျော်ကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့တယ်။    ဒါပေမဲ့ သန်းပေါင်းများစွာသော ယောက်ျားများနဲ့ ကလေးများဟာ ငတ်မွတ်နေတာ မှန်သော်လည်း အမျိုးသမီးများဟာ အငတ်ဆုံးနဲ့ အရေအထူဆုံးဖြစ်တယ်။

"ဒါဟာယဉ်ကျေးမှုဖြစ်နေတယ်၊ကလေးတွေ ဆာလောင်လာပြီ ဆိုရင်သူတို့ဟာ အမေတွေဆီ သွားကြတယ်၊ အဖေတွေဆီ မသွားဘူး  ။  နောက်ပြီး အစားအစာ နည်းနည်းပဲရှိတော့ရင်၊   အမျိုးသမီးတွေဟာ  အနည်းဆုံးစားသူတွေဘဲဖြစ်တယ်"လို့
အထောက်အကူပေးရေး ဝန်ထမ်းတွေက ပြောတယ်။

လောလောလတ်လတ် လေ့လာမှုတွေအရ"ဘာကီနာဖာဆို"ရှိ  လူအများအပြားဟာ  သူတို့ဝင်ငွေရဲ့ ၇၅%  ကျော်ကို အစားအစာအတွက် သုံးစွဲကြရပြီးကျန်းမာရေး
ကျောင်းလခ၊ အဝတ်အစားစတဲ့   တခြားလိုအပ်ချက် အတွက်  အနည်းအပါးသာ သုံးစွဲပြီး ရပ်တည်နေကြရတယ်။

(၂)

သံမံတလင်းပေါ်မှာအိပ်တဲ့  လင်ဂနီရဲ့တနေ့တာဟာ မနက်လေးနာရီ  အိပ်ရာထတာနဲ့ စတင်တယ်၊ အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်  အဝတ်လဲတယ်၊     သူမ ပတ်ပတ်လည်မှာ ကလေးတွေဟာ အမိုးနိမ့်နိမ့်အောက် သမံသလင်းပေါ်မှာ အိပ်ပျော်နေကြတယ်။  ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း ၁၇၇ ရှိတဲ့အနက် အဆင့် ၁၇၆ ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖို့ ဒီအခြေအနေဟာ အဆန်းမဟုတ်ပါဘူး။
မနှစ်ကဆိုရင် လင်ဂနီ အနေနဲ့ မီးသေးသေးဖိုပြီး ကာဖီကြဲကြဲတစ်ခွက်တော့ ဖျော်သောက်နိုင်ပါလိမ့်မယ်။    ခုအခါမှာတော့ ကာဖီကြဲကြဲတစ်ခွက်ဟာ ဈေးသိပ်ကြီးလှတယ်။
ဒီလိုဆိုးဝါးတဲ့  အခြေအနေကြောင့် ဖေဖေါ်ဝါရီမှာ မြို့တော် Ouagadougou နဲ့ နိုင်ငံတစ်ဝှမ်းမြို့များမှာ ရိက္ခာအဓိကရုန်းတွေဖြစ်ပွားလာတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်ပြီး အစိုးရ အဆောက်အဦး တွေကို  မီးရှို့ဖျက်စီးတဲ့အတွက်  လူရာပေါင်းများစွာ အဖမ်းခံရတယ်။လင်ဂနီအတွက်တော့ တိုက်ပွဲဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်း ခက်ခဲလာတယ်။ နေမထွက်ခင်ကတည်းက တိုက်ပွဲကစပြီ။
သူမအသက် ၅၀ ရှိပြီဆိုတဲ့ လင်ဂနီဟာ သူ့ယောက်ျားနဲ့ ကလေးများ အိပ်နေတဲ့ အခန်းနှစ်ခန်းပါ တဲအိမ်ကို ထားခဲ့ပြီးညစ်ပတ်နေတဲ့ ခြံဝင်းကိုဖြတ်ပြီးလျှောက်လာတယ်။ ညလုံးပေါက် မိုးရွာထားသဖြင့် ညစ်ပေနေတဲ့ လမ်းမဟာ ရွှံ့တွေဗွက်တွေ ထနေတယ်။
မှောင်မိုက်တဲ့လမ်းပေါ် နာရီဝက်လောက် လမ်းလျှောက်ပြီးနောက် သူမဟာ အလုပ်ဆင်း သတင်းပို့တယ်။  မြို့တော်စီမံချက်အဖြစ်     ဆင်းရဲတဲ့အမျိုးသမီးများအတွက် လမ်းပေါ်တံမြက်လှည်း အမှိုက်သိမ်း အလုပ်ဖြစ်တဲ့   အစိမ်းရောင်အလုပ်တပ်ဖွဲ့ရဲ့ အလုပ်ချိန်ဝတ် အပေါ်အင်္ကျီအစိမ်းကို ဝတ်တယ်။ဒီစီမံကိန်းကဆင်းရဲတဲ့ အမျိုးသမီးများကို ရက်သတ္တတစ်ပတ်လျှင် နှစ်မနက်အတွက် တစ်ရက် ၁.၂ ဒေါ်လာနဲ့ ညီတဲ့ လုပ်အားခကိုပေးတယ်။
လင်ဂနီဟာ မြက်ခြောက်တံမြက်စည်းငယ် နှစ်ချောင်းနဲ့ အမှိုက်သိမ်းလှည်းကို တွန်းပြီး ကျယ်ပြောလှတဲ့   လူသူကင်းရှင်းတဲ့  လမ်းအတိုင်း       ထွက်လာတယ်။
လိမ္မော်ရောင် မှုန်ပြပြ  လမ်းမီးရောင်အောက်မှာ သူမဒူးက သူမခေါင်းထက် မြင့်တဲ့အထိ ခါးကို ညွတ်ကွေးကာ အမှိုက်လှည်းတယ်။
တရှဲရှဲနဲ့  တံမြက်စည်းလှည်းသံ ထွက်လာတယ်။  ကြက်ဖတစ်ကောင်တစ်လေ တွန်သံနဲ့ ညလုံးပေါက် အရက်ဆိုင်မှ အရက်သမားတွေရဲ့ မကြာမကြာ  ရယ်မောသံမှအပ ဘာသံမှမကြားရ။ သူမ တာဝန်ကျတဲ့ ကိုက်-၁၅၀ လောက်ရှည်တဲ့လမ်းပိုင်းကို သူမ သန့်ရှင်းရေးလုပ်ရတယ်။ တစ်ဒါဇင်လောက်ရှိတဲ့ မျိုးသမီးတပ်ဖွဲ့ဟာလည်းသူ့အပိုင်းနဲ့သူ လုပ်နေကြတယ်။ ထရပ်ကားတစီးဟာ အရှိန်နဲ့မောင်းလာ ပြီးသူမမျက်နှာကို  ဖုန်လုံးတွေ လွင့်စင်လာစေတယ်။  သူမစုပုံထားတဲ့ အမှိုက်ပုံကလေးကိုလဲ လွင့်စင်သွားစေတယ်။ သူမချောင်းဆိုးတယ်၊ ပန်းရောင်ခေါင်းစည်းပ၀ါနဲ့ မျက်နှာကို စည်းလိုက်ပြီးအမှိုက်တွေ ပြန်လှည်းတယ်။
နေထွက်ပြုလာချိန်အထိ လင်ဂနီဟာ တံမြက်စည်းလှည်းတယ်။ သူမပုံထားတဲ့ အမှိုက်တွေကို  ဂေါ်ပြားနဲ့ကျုံးပြီး အမှိုက်လည်းပေါ် တင်တယ်။ဒါပေမဲ့ အမျိုးသားကြီးကြပ်ရေးမှူးက  အလုပ်ကို လာစစ်ဆေးတာကို တစ်နာရီလောက် စောင့်ရတယ်။
သူမအတွက် လစာငွေ ၁၀ ဒေါ်လာအောက် ရတယ်။


(၃)
လင်ဂနီ နာရီဝက်လောက်လမ်းလျှောက်ပြီးအိမ်ပြန်ရောက်တဲ့အခါ  အိမ်သားတွေနိုးစပြုပြီ။သူမဟာ အလုပ်ဝတ် အပေါ်အင်္ကျီစိမ်းကို ချွတ်ပြီးဖိနပ်ဘူး အရွယ်လောက်ရှိတဲ့ ဈေးခြင်းကိုဆွဲလိုက်တယ်။ ဈေးချိန်ပဲ။သူမနဲ့ နောက်ထပ်မယားပြိုင်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ အက်ရှတာ ဇာဂရီ တို့ အလှည့်ကျ ဈေးဝယ်ထွက်တယ်။
သူ့ယောက်ျားရဲ့တခြားမယားဖြစ်တဲ့မယားသုံးယောက်အနက်မယားကြီးဖြစ်သူမှာမျက်စေ့ကွယ်လုနီး ဖြစ်နေသဖြင့် အိမ်မှုကိစ္စ မလုပ်နိုင်တော့ပါ။
အာဖရိကဒေသအများစုမှာမယားအများမပြားယူတာအဆန်းမဟုတ်တော့ဘူး။
ဒီအိမ်ရဲ့ အိမ်ဦးနတ်ဟာ အငြိမ်းစားရဲအရာရှိဟောင်း တဦးဖြစ်တဲ့ အသက် ၆၃ နှစ်ဟာမာဒို ဇိုရိုမီ ဖြစ်တယ်။ သူ့ရဲ့ပင်စင်လစာဟာ မိသားစုရဲ့အဓိကဝင်ငွေဖြစ်တယ်။
ဒါပေမဲ့ သူ့လစာဘယ်လောက်ရသလဲဆိုတာ သူ့မိန်းမများကို အသိမပေးဘူး။
ကုလသမဂ္ဂ အဆိုအရ လူဦးရေ ၁၅-သန်းအနက် ၇၅% နီးပါးဟာ  တနေ့ ၂-ဒေါ်လာအောက် နိမ့်တဲ့နှုန်းထားနဲ့  နေထိုင်ကြရတဲ့ ဘာကီနာ ဖာဆိုလို ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံအဖို့၊  အလယ်အလတ်အဆင့် ဝန်ထမ်းတဦးရဲ့     ပင်စင်လစာဟာ အတော်အတန် လျှောက်ပတ်မှုရှိပါတယ်။
ဇိုရိုမီက အလုပ်လုပ်တဲ့    သူ့မယားနှစ်ဦး  လစာထုတ်လာတဲ့အခါ   တဦးစီထံမှ ဆင့် ၆၀ ဘောက်ဆူး တောင်းလေ့ရှိတယ်။  သူနှစ်ခြိုက်တဲ့ သူဝါးနေကျ  ကိုလာစေ့ ဝယ်ဖို့ဖြစ်တယ်။   လင်ဂနီ နဲ့အတူ ဇါဂရီ ဟာ  တံမြက်စည်းလှည်းတဲ့ အလုပ်လုပ်ကြပြီး၊  သူတို့က ယောက်ျားဖြစ်သူ ဇိုရိုမီက ပြောင်းလို အခြေခံရိက္ခာဝယ်ဖို့ ငွေအနည်းအပါးကိုသာ မသဒ္ဓါရေစာ ပေးလေ့ရှိတယ်လို့ ပြောတယ်။ မိသားစု အစားအစာအတွက် အဓိကကုန်ကျစရိတ်ကို မယားများရဲ့တံမြက်လှည်းလစာမှ ကျခံကြရတယ်။ ဈေးဝယ်ထွက်ဖို့  ပြင်နေစဉ် လင်ဂနီ ဟာ   သူ့ခြေကျင်းဝတ်နဲ့    ခြေထောက်တွေကို  ကုန်းပြီး နှိပ်နယ်ပေးနေရတယ်။  နှစ်ရှည်လများ အမှိုက်လှည်း ရလို့ ခြေထောက်တွေ နာကျင်နေတယ်လို့  သူမကပြောတယ်။ သူမကိုယ်အလေးချိန် တစ်ခါမှ ချိန်မကြည့်ဖူးပေမဲ့ ဝိတ်လျော့သွားပြီး အားနည်းလာတယ်လို့       သိသိသာသာ ခံစားရကြောင်းပြောတယ်။
ယခင်လက တံမြက်လှည်းလစာဟာ  ကုန်သွားပြီ၊      သူ့ယောက်ျားထံ သွားတောင်းတော့ ကုန်မျိုးစုံဝယ်ဖို့   နှစ်ဒေါ်လာခွဲပဲ    ပေးတယ်။   သူ့ယောက်ျားက ၇၅ ဆင့်ထက် ပိုမသုံးဖို့နဲ့ ကျန်ငွေကို နောက်နေ့အတွက် ချန်ထားဖို့ပြော  တယ်။
"မိန်းမတွေဟာ မိသားစုကိုကျွေးဖို့ ဆိုတဲ့အလုပ်နဲ့ မွေးဖွားလာတာဖြစ်တယ် "
လင်ဂနီ က ရွံ့ရေအိုင်ကို ပတ်လျှောက်ရင်းပြောတယ်။   
 "ယောက်ကျားကိုလဲ သူရသင့်တာ ရစေရမယ်၊ နောက်ပြီးကလေးတွေကိုလဲ သူ့ဝေစုနဲ့သူ ရသင့်တာရစေ ရမယ်၊ ဒါကြောင့်ကျမတို့ လျှော့စားကြတယ်" ။
လင်ဂနီက မိသားစုထဲက ဘယ်ယောက်ျားလေးမှ တည်ငြိမ်တဲ့ အလုပ်မရှိဘူးလို့ ပြောတယ်။ဒီဆင်းရဲတဲ့မြို့မှာ အလုပ်ရဖို့ ခက်ခဲတဲ့အတွက် ကောင်လေးတွေဟာတောက်တိုမယ်ရ အလုပ်တွေလုပ်ရင်း   ဒါမှမဟုတ် ဘောလုံးကစားရင်း အချိန်တွေကုန်ကြတယ်လို့ ပြောတယ်။ ငွေအနည်းအပါးရရင် သူတို့ဘာသာ မုန့်စားပစ်တာ ဘီယာသောက်ပစ်တာပဲလို့ သူမကပြောတယ်။
လင်ဂနီ ဟာ   အမျိုးသမီးတွေ   ကလေးမလေးတွေ ရောင်းတဲ့  သစ်သီးတန်းနဲ့ဖျော်ရည်တန်းကို  ဖြတ်လျှောက်လာတယ်။    ယောက်ျားတချို့က   မီးသွေးအိပ်တွေ ရောင်းနေပေမယ့် အများစုက နေရိပ်ထဲထိုင်ပြီး လေပန်းနေကြတယ်။
"ယောက်ျားနဲ့မိန်းမဟာ သူတို့ကလေးများအတွက် အတူတကွ ရုန်းကန်ရမယ် "
လင်ဂနီ က ပြောပါတယ်။ "အကယ်၍ ယောက်ျားလုပ်သူက အဲဒီလိုမလုပ်ရင် မိန်းမတွေက သူတို့ဖာသာ ရုန်းကန်ရမှာဘဲ "
လင်ဂနီရဲ့ယောက်ျား ကိုရိုမီက ယခုလိုပြောတယ်၊     ယောက်ျားတွေက ဈေးဝယ်တာ ချက်ပြုတ်တာမှာ မကူညီဘူး၊      ဘာဖြစ်လို့လဲဆိုတော့ "ဒါဟာမိန်းမတွေရဲ့ အလုပ်ပဲ" ။  ဆုံတွေ့ရတဲ့ ယောက်ျား အများလိုဘဲ ၊   အာဖရိကယဉ်ကျေးမှုကရှင်းရှင်းလင်းလင်း  ပြဋ္ဌာန်းထားက ယောက်ျားက  အိမ်ပြင်ထွက်   အလုပ်လုပ်ဖို့နဲ့မိန်းမက  ကလေးထိန်းချက်ပြုတ်ဖို့ ဖြစ်တယ်လို့   သူကပြောလေရဲ့။  သူဆက်ပြောတာက ယောက်ျားတွေဟာ  အလုပ်လုပ်ချင်ပါတယ်၊  ဒါပေမဲ့  အလုပ်ကရှားတယ် သူ့မိန်းမတွေ တံမြက်စည်း မလှည်းစေချင်ပါဘူး။  ဒါပေမဲ့ "ခုအခါမှာ ဘဝဟာ ပိုအဖိုးတန်တယ်"။
"မနှစ်ကဆိုရင် ကျွန်တော်တို့ ကောင်းကောင်းစားနိုင်သေးတယ်၊     အခုတော့ ဒါတွေ မေ့ပစ်လိုက်ပါပြီ"
 "ကျွန်တော့်သားတွေ အလုပ်မရှိကြဘူး၊ ဒီတော့ လူ ၂၅ယောက်ကိုကြွေးဖို့  ကျွန်တော့အပေါ် ပုံကျနေတာပေါ့ ၊ဒါကြောင့်ပဲ မိန်းမတွေတံမြက်စည်းလှဲနေကြရတာ၊   ကျွန်တော်တို့မှာ ဘာမှမရှိဘူး၊  ဒါကြောင့်သူတို့ လုပ်ကြရတာ၊ ဒါဟာဘဝပဲ "။
ဈေးသွားရင်းနဲ့ လင်ဂနီ က အကျည်းတန်တဲ့ သင်္ချာအကြောင်း ရှင်းပြတယ်။
မနှစ်ကဆိုရင် ၇၅ ဆင့်နဲ့     မိသားစုကို  အသား  ဟင်းသီးဟင်းရွက် ပဲထောပတ်တို့နဲ့ အဟာရဖြစ်အောင် ကျွေးနိုင်ခဲ့တယ်။   အခုအခါမှာတော့ အများကြီး အဆင့်နိမ့်တဲ့ ဟင်းလျာအတွက် ငွေနှစ်ဆလောက်ကုန်တယ်။
အခြေခံစားသောက်ကုန်တွေ ဈေးနှစ်ဆတက်သွားတယ်။   ဓါတ်ဆီဈေး နှစ်ဆကျော် တက်သွားတဲ့ အတွက်   ကုန်းတွင်းပိတ် ဘာကီနာဖာဆို သို့     အစားအသောက်သယ်လာတဲ့ ကုန်ကားတွေ ပို့ဆောင်စရိတ် တက်လာလို့ စားကုန်သောက်ကုန်တွေလဲ ဈေးတက်ကုန်တယ်။
အမဲသားဆိတ်သားက အခု ဈေးသိပ်ကြီးတယ်၊  ၁.၂၀ ဒေါ်လာဖိုးဆိုရင် နည်းနည်းလေးဘဲရတယ်။ ဒါကြောင့် မိသားစု အနေနဲ့ အသားလုံးဝ မစားတော့ဘူး။
ဈေးသက်သာတဲ့ ငါးခြေါက်ပဲ စားတော့တယ်။အသီးအရွက် မြေပဲ နဲ့ ချဉ်ရည်ဟင်းမလုပ်နိုင်တော့ဘူး။ အခု ဆဟာရတောင်ပိုင်းမှာ အလေ့ကျပေါက်တဲ့     "ဘိုဘာ"ရွက်ကိုဘဲ သုံးတော့တယ်။
ဘိုဘာရွက်ကို နူးနပ်ပြီးအချဉ်ပေါက်လာအောင် လင်ဂနီ ဟာ      ပိုတက်စ် နဲ့ ပြာ ရောထားတဲ့ အနှစ်ကိုသုံးတယ်။
"အရင်ကဆိုရင် ငွေဟာ တစ်လသုံးလောက်ပြီး     လက်ထဲအနည်းအပါး ကျန်သေးတယ်။ အခုတော့ ငွေရတာနဲ့ ကုန်တာပဲ"။
ညစာစားတဲ့အခါ   အားလုံးစားသောက်ပြီးနောက်   စားစရာနည်းနည်းပဲ ကျန်တော့တယ်။ ဒါဟာမိန်းမတွေအတွက် စားလောက်ရုံကလေးပါပဲ။
"ကလေးတွေက ထပ်တောင်းရင် ကျွန်မတို့ သူတို့ကိုကျွေးလိုက်တယ်"။ 
သူမကပြောတယ်
"ငါတို့ဟာ အမေတွေပဲ" တဲ့။

(၄)

"ဒါဘဲလား မယူတော့ဘူးလား"  
 "လောက်ပါ့ မလား"
ဟင်းသီးဟင်းရွက်သည်က လင်ဂနီကို မေးတယ်။   အိမ်နားက  လူစည်တဲ့ဈေးထဲမှာ  သူမဟာတိုးဝှေ့ရင်းဘိုဘာရွက် ဆင့်၃၀ ဖိုးဝယ်တယ်။   နောက်တစ်နေရာမှာ ကြက်သွန်ဖြူဥ သေးသေးလေးလုံး ဝယ်တယ်။ သူမသွားခါနီးမှာ ဈေးသည်က နားလည်စာနာတဲ့ အပြုံးနဲ့ တစ်လုံးအပို ထပ်ပေးလိုက်တယ်။သူမကကျေးဇူးတင်တဲ့ အပြုံးနဲ့ တုန့်ပြန် တယ်။လူအုပ်ထဲ တိုးဝှေ့ရင်း လင်ဂနီဟာ ငါးခြောက် တစ်ထုပ်၊ ဆားအထုပ်ကလေး တစ်ထုပ်၊ အမဲဆီအချောင်းငယ် နှစ်ချောင်း၊ ပိုတက်စ်တစ်ထုပ်နဲ့ ပြာနှစ်တို့ကို ဝယ်တယ်။
ဆယ်မိနှစ်အတွင်း သူမဈေးဝယ်လို့ ပြီးသွားတယ်။သူမရဲ့ တနေ့တာ ဘတ်ဂျက် ၇၅-ဆင့်ရဲ့ နှစ်ဆလောက် ကုန်သွားတယ်။အပူချိန် ၉၀ ဒီဂရီ ကျော်တဲ့ နေပူအောက်မှာ နာရီဝက်လောက် လမ်းလျှောက်ပြီးအိမ်ပြန် ရောက်တဲ့အခါ လင်ဂနီနဲ့ ဇါဂရီ တို့ ချက်ပြုတ်ဖို့ ပြင်ကြတယ်။
"တကယ်တော့  ဒါထက်ပိုကောင်းကောင်း  စားချင်တာပေါ့။  ဒါပေမဲ့ အားလုံးစားလောက်ဖို့အတွက် ဒါဟာဈေးအသက်သာဆုံးပဲ" လင်ဂနီက ပြောတယ်။
ချက်ပြုတ်လို့ နှစ်နာရီလောက် အကြာမှာ  သူမဟာ ရနံ့ကင်းတဲ့    ဟင်းလျာခြောက်အိုး ချက်ပြီးသွားခဲ့တယ်။ ပထမအိုးက   ယောက်ျားဖြစ်သူ ဇိုရိုမီ အတွက်ဖြစ်ပြီးသူ့ထံ သွားပို့ရတယ်။     သူကတစ်ယောက်ထဲစားတယ်။  ပြီးတော့ပြောလိုက်သေးတယ်
ငိုက်တောင်လာပြီတဲ့။
တခြားအိုးတွေကတော့ ကလေးများအတွက်ပါပဲ။   နောက်ဆုံးအိုးဖြစ်တဲ့ သူ့ယောက်ျားထက် နည်းနည်းလေးပိုကြီးတဲ့ မုန့်ပြားအိုးကို လူဆယ်ယောက် စားကြတယ်။လင်ဂနီ ဇာဂရီ နဲ့ ကလေးငယ်ရှစ်ယောက်တို့ ဖြစ်တယ်။    နောက်ဆုံးအိုးကို ဆာလောင်မွတ်သိပ်နေတဲ့ အငယ်ကောင် ငါးကောင် လုယက်မစားမီ လင်ဂနီ က မုန့်နှစ်ကိုက်လောက် ယူကိုက်လိုက်တယ်။
အိမ်ပေါက်ဝမှာတော့ ကလေးဒါဇင်ဝက်လောက် ဝိုင်းထိုင်ပြီးထမင်း ဟင်းချက်တမ်း ကစားနေကြတယ်။အုတ်ကျိုးအုတ်ပဲ့တွေနဲ့ ကစားစရာမီးဖိုလုပ်ပြီးအမှိုက်ပုံက ကောက်လာတဲ့ ပလပ်စတစ်ခွက် အကျိုးအပဲ့များနဲ့ ဟင်းချက်ကြတယ်။
 "ငါတို့ ထမင်းနဲ့ အသားဟင်း ချက်မယ်"။
သူတို့အဖေ ဇိုရိုမီ က ကြည့်ပြီးရယ်တယ်။ ဒီနေ့ရှင်ထပ်စားဦးမလား လို့ လင်ဂနီ ကမေးတော့ " အေး " လို့ သူကဖြေတယ်။ လင်ဂနီ က သူ့ယောက်ျားကို ညစာ ဆန်နည်းနည်း ပြုတ်ကျွေးမယ်လို့ ပြောလိုက်တယ်။ အနားမှာရှိတဲ့ သမီးငယ်များက ကြားသွားပြီးအော်ကြဟစ်ကြတယ်။ " ဘာပြောတယ်၊ ဘာပြောတာလဲ"
"ဘာလို့ပြောတာလဲ ၊ ဆန်လဲမရှိဘဲနဲ့"။

ဇိုရိုမီ က မချိပြုံး ပြုံးရင်း မုသားစကား ပြောတယ်။   
"ငါတို့ စားစရာရှိလာတဲ့တစ်နေ့၊ ခါးပတ်တင်းအောင်စားကြတာပေါ့ကွာ။ ဒါပေမဲ့ အခြေအနေ မကောင်းတဲ့အခါ ယောက်ျားတစ်ယောက်အဖို့ အတော်ခက်ခဲပါတယ် "။
လင်ဂနီ ဟာ ပြောင်တလင်းခါနေတဲ့ အိုးဘေးမှာ ထိုင်နေတုန်းဘဲ။သူမရဲ့ လက်သီးဆုပ်လောက်ရှိတဲ့ မုန့်တစ်တုံးကို ကလေးတွေဝိုင်းလုမစားခင် ဖယ်ထား လိုက်တယ်။
"တစ်နာရီ နှစ်နာရီ လောက်ဆိုရင် အငယ်ကောင်တွေ ငိုလိမ့်မယ်၊ ဒါကြောင့်ချန်ထားရတာ" လို့ သူမကပြောတယ်။သူမအသံဟာ တိုးတိတ်ညင်သာ လှတယ်။သူမဟာမြေနီမှုန့်တွေကို ငုံ့ကြည့်ရင်း ပြောလိုက်တယ်။
"ကျမ သိပ်ဝမ်းနည်းတယ်"
"ကျမ တအားစဉ်းစားတယ်"။။

[Africa's Last and Least  by  Kevin Sullivan. The Washington Post,
July 20, 2008.]
မြစမ်းအေး

Followers