12 January, 2009

နာခံမှုကိုစစ်ဆေးခြင်း (အနှစ်ချုပ်)


ရေးသူ-မိုးသီးဇွန်
(အနှစ်ချုပ်)
လောကနီတိကို နှစ်ပေါင်းတစ်ထောင်နီးပါး ဘယ်သူမှ ဝေဖန်ခဲ့တာမတွေဖူးဘူး။ အခု ကျနော်ဝေဖန်တာ ပထမဆုံးပါ။ ကျနော်ဝေဖန်ရတဲ့ အကြောင်းကတော့ လောကနီတိထဲမှာ ရှေးဟောင်း ဟင်ဒီနိုင်ငံရေးနဲ့ လူမှုရေး အယူအဆတွေက အကြီးအကျယ်လွှမ်းမိုးနေလို့ပါ။
မိုးသီးဇွန်

ဒီစာအုပ်မှာ အဓိကဆွေးနွေးထားတာက ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အကြောက်တရားတွေ လွှမ်းမိုးနေတယ်။ ရလဒ်ကတော့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်လာတယ်။ စစ်အုပ်ချုပ်မှုကြောင့် မြန်မာ့လူ့ အဖွဲ့အစည်း ကျဆုံးသွားတယ်။ ဒီလိုဖြစ်လာရတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ လူမှုအဘိဓမ္မာဖြစ်တဲ့ လောကနီတိထဲမှာ အကြောက်တရားတွေ၊ လက်စားချေမှုတွေ၊ အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာတွေကို သွပ်သွင်းပေးထားလို့ဖြစ်တယ်။ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ကြီးပွားဖို့အတွက် မေတ္တာတရား၊ ဆင်ခြင်တုံ တရား၊ အပြန်အလှန်လေးစားမှုနဲ့ အသိအမှတ်ပြုမှုတွေကို လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့လိုတယ်ဆိုတာ တင်ပြထားတယ်။
လောကနီတိကိုနှစ်ပေါင်း တစ်ထောင်နီးပါး ဘယ်သူမှဝေဖန်ခဲ့တာ မတွေ့ရဘူး။ အခုကျနော် ဝေဖန် လိုက်တာ ပထမဆုံးပါ။ ကျနော်ဝေဖန်ရတဲ့အကြောင်းကတော့ လောကနီတိထဲမှာ ရှေးဟောင်း ဟင်ဒီနိုင်ငံရေးနဲ့ လူမှုရေးအယူအဆတွေက အကြီးအကျယ်လွှမ်းမိုးနေလို့ပါ။
ဒီအယူအဆတွေက အာဏာရှင်စနစ်ကို အားပေးတဲ့ အယူအဆတွေ၊ အကြောက်တရား၊ လက်စား ချေမှုနဲ့ ရန်လိုမှုတွေကို သွပ်သွင်းထားတဲ့ အယူအဆတွေဖြစ်လို့ပါပဲ။ အချို့အယူအဆတွေမှာ မိဘကိုတောင် ရန်သူလို့ သတ်မှတ်ခိုင်းတာမျိုးတွေပါဝင်နေတာတွေ့ရတော့ စိုးရိမ်စရာကောင်းလှပါတယ်။
ကျနော်ဝေဖန်တဲ့ ရည်ရွယ်ချက်ကတော့ လူလူချင်းဆက်ဆံရေးမှာ မေတ္တာတရား၊ အပြန်အလှန်လေးစား မှုနဲ့ ဆင်ခြင်တုံတရားတွေ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှင်သန်စေချင်လို့ပါ။
ဒီထက်ရှင်းရှင်းပြောရရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်း ရေး၊ ကြီးပွားတို့တက်ရေးတွေကို မြန်မာ့လူ့အဖွဲ့အစည်းမှာထွန်းကားစေချင်လို့ပါပဲ။
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ သစ္စာတရားလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ မေတ္တာတရား၊ ငြိမ်းချမ်ရေးတရား တွေက ဒီနေ့ကမ္ဘာမှာ ခေတ်စားလာတဲ့ ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးတွေနဲ့ ထပ်တူရှိနေပါလျက်နဲ့ မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာထွန်းကားတဲ့ သဘာဝအရင်းအမြစ်တွေ ပေါများတဲ့နိုင်ငံက ဘာဖြစ်လို့ အကြမ်းဖက်မှုတွေ၊ လိမ်ညာ ချစားမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ တည်ရှိနေရတာလဲဆိုတာပဲ။
ဗုဒ္ဓတရားတွေက လူတစ်ယောက်ဘ၀မှာရော၊ နိုင်ငံတစ်ခုဘ၀မှာပါ အခြေခံအုတ်မြစ်ကောင်းတွေအဖြစ် တည်ဆောက်လို့ရနိုင်ရဲ့သားနဲ့ ဘာ့ကြောင့်မတည်ဆောက်နိုင်ဘဲ ဖြစ်နေရတာလဲ။ ကျနော်လေ့လာ တွေ့ရှိတာ ကတော့ ဗုဒ္ဓတရားတွေဟာ လူတွေရွတ်ရုံလောက်သာဖြစ်နေရပြီး လောကနီတိထဲက စဏကျနီတ တရားတွေကတော့ မြန်မာတွေရဲ့ လူမှုရေး၊ နိုင်ငံရေး အတွေးအခေါ်တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စဏကျဒဿနအယူအဆတွေကို ဗုဒ္ဓဟောတဲ့ တရားအနည်းငယ်နဲ့ ရောမွှေပြီး လောကနီတိလို့ အမည်ပေးခဲ့ပါတယ်။
လောကနီတိက မြန်မာလူမျိုးတွေရဲ့ လူမှုရေးကျမ်းတစ်ခုအဖြစ် ထည်ဝါစွာ တည်ရှိခဲ့တယ်။ ကော့နဲလ်တက္ကသိုလ်စာကြည့်တိုက်က မြန်မာ့လူမှုအဘိဓမ္မာ(Burmese Pholosoph)လို့ ခေါ်တဲ့ စာအုပ် အမျိုးအစားမှာ ထည့်သွင်းသတ်မှတ်ထားတယ်။
လောကနီတိကိုပြုစုတဲ့ ဆရာတွေ၊ ဘုန်းတော်ကြီးတွေက မြန်မာ့လူ့အဖွဲ့အစည်း ကောင်းကျိုးကို လိုလားတဲ့ ဆန္ဒနဲ့ပြုစုခဲ့တယ်ဆိုတာကိုတော့ ငြင်းစရာမရှိဘူး။ တစ်ချိန်က မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးချမ်းသာ ပေးကောင်းပေးပါလိမ့်မယ်။ ဒီနေ့မှာတော့ လောကနီတိရဲ့ သင်ကြားချက်တွေက ခေတ်နဲ့မလျှော်ညီတာကိုတွေ့ရမယ်။ လောကနီတိမှာပါတဲ့ စဏကျရဲ့ အယူအဆတွေက မြန်မာ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေပါတယ်။
စဏကျရဲ့အယူအဆတွေမှာ လူမျိုးကြီးဝါဒတွေ၊ အကြောက်တရားတွေ၊ လူလူချင်းခွဲခြားဆက်ဆံမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပရိရာယ်မာယာတွေ၊ ပဋိပက္ခတွေမှာ အပြတ်ရှင်းရေးဆိုတဲ့ အယူအဆတွေနဲ့ ပြည့်နှက်နေတယ်။ နှစ်ပေါင်းတစ်ထောင်ကျော် လောကနီတိကိုနည်းမျိုးစုံ ပို့ချခံထားရတဲ့ မြန်မာတွေရဲ့ မသိစိတ်ကို ဒီအတွေးအခေါ်တွေက လွှမ်းမိုးထားတယ်။ ရလာဒ်ကတော့ အာဏာရှင်စနစ်နဲ့ အကြောက်တရားကို အမွေရလိုက်တယ်။
ဒီနေ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ၊ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံးနိုင်ငံ၊ လူ့အဖွဲ့ အစည်းအတွင်း ချစားမှုများ အကျင့်စာရိတ္ထ ပျက်ယွင်းမှုများနဲ့ မတည်ငြိမ်မှုများ ဘေးကပ်ဒုက္ခများနဲ့ ဒုက္ခပင်လယ်ဝေတဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းက သတ်မှတ်ခြင်းကိုခံရတယ်။ ရလာဒ်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အဖက်ဖက်ကဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ တစ်ခုတော့ ပြောစရာရှိပါတယ်။
မြန်မာနိုင်ငံလို လောကနီတိကို မကျင့်သုံးတဲ့ အာဖရိကတစ်ချို့နိုင်ငံတွေနဲ့ ခရစ်ယာန်ဘာသာကို ကျင့်သုံးတဲ့ အရှေ့ဥရောပလိုနိုင်ငံတွေ၊ မူဆလင်နိုင်ငံတစ်ချို့တွေမှာလည်း ဘာဖြစ်လို့ လူမှုဒုက္ခတွေကို ရင်ဆိုင်ရတာလဲလို့ ဆန့်ကျင်ဘက် ဆွေးနွေးနိုင်ပါတယ်။ ကျနော့်ရဲ့လေ့လာ တွေ့ရှိချက်ကတော့ ဆင်းရဲတဲ့နိုင်ငံမှာ ဘာသာအယူအဆတွေ မတူညီကြသော်လည်း အာဏာရှင်စနစ်ကို အခြေတည်တဲ့ အကြောက်တရားကို အခြေခံတာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ခွဲခြားဆက်ဆံတာ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးဖိနှိပ်တာ အထက်ကလူတွေကို အလွန်အမင်းရိုသေကြောက်ရွံ့ရတာ စတဲ့ လူမှုရေးတန်ဖိုး သတ်မှတ်ချက်တွေ တူညီနေတာကိုတွေ့ရပါတယ်။
ဒီတန်ဖိုးသတ်မှတ်ချက်တွေက လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး နယ်ပယ်ထဲကို ဘယ်အတိုင်းအတာအထိ ပျံ့နှံ့ဝင် ရောက်နေသလဲ။ နယ်ပယ်တွေအားလုံးထဲကို ၀င်ရောက်လေလေ လူ့အဖွဲ့အစည်းက ပိုပြီးတော့ဆင်းရဲလေ ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ချို့နိုင်ငံတွေမှာ နယ်အားလုံးကို ၀င်နေတယ်။ တစ်ချို့က စီးပွားရေးနယ်တွေမှာ လွတ်လပ်နေတယ်။ ဒါကြောင့်ဒီနိုင်ငံတွေက စီးပွားရေးအရ တိုးတက်မှုကိုခံစားရတယ်။ ဥပမာ စင်္ကာပူလိုနိုင်ငံမျိုး။
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်စလင်နဲ့ ဟင်ဒီဘာသာတွေမှာ ကမ္ဘာလုံးဆိုင်ရာတန်ဖိုး(Global Value)တွေ ရှိနေတယ်။ ဒေသဆိုင်ရာ စံနှုန်းတွေအပေါ် (Local) မဟုတ်ကြပါဘူး။ ဒါပေမယ့် ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတွေက ဒေသဆိုင်ရာ လူမှုတန်ဖိုးတွေကို သွပ်သွင်းတဲ့ အတွက် ဘာသာတရားတွေဟာ တစ်ချို့ နိုင်ငံတွေမှာ ပုံဖျက်ခံရတာဖြစ်ပါတယ်။ ဘာသာတရားရဲ့ အနှစ်သာရတွေလဲ မထွန်းကား၊ တိုင်းပြည်တွေလဲ မကြီးပွား ဖြစ်သွားကြပါတယ်။
စစ်အစိုးရဆန့်ကျင်ရေးမှာ အယူအဆတစ်ခုကတော့ စစ်အစိုးရဟာ ဘုံရန်သူ၊ ပြဿနာအားလုံး ရဲ့တရားခံဟာ စစ်အစိုးရပဲ ဆိုတဲ့အယူအဆ တစ်ခုပါပဲ။ ဒီအယူအဆက မှန်တယ်။ သို့သော်သူတို့မှာ ပြင်ဆင်မှု မရှိတာကိုတွေ့ရတယ်။ ဒါကတော့ ဒီမိုကရေစီစနစ်ကို လေ့ကျင့်ခြင်းမရှိတာပဲ ဖြစ်တယ်။ ဒီမိုကရေစီစံနှုန်းတွေက ဘာတွေလဲ။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်း မပြုတာ၊ ကလေးသူငယ်တွေကို မရိုက်နှက်တာ၊ တိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တာ၊ အခွင့်အလန်းတွေကို တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိတာ၊ ပုဂ္ဂလိကလွတ်လပ်မှုကိုတန်ဖိုးထားတာ စသဖြင့်တွေပေါ့။ ဆုံးဖြတ်ချက်တွေမှာ လူနည်းစုနဲ့ အမျိုးသမီးတွေကို ထည့်သွင်းတာ၊ စစ်အစိုးရလိုပဲ အာဏာရှင်စနစ် ယဉ်ကျေးမှုတွေကို လူမှုရေးနဲ့နိုင်ငံရေးမှာ ဆက်လက် ကျင့်သုံးနေတာရှိနေလို့ပါ။ ၁၉၈၈ ခုနှစ်က ပါတီ ၂၀၀ကျော် ပေါ်ပေါက်လာခဲ့ပေမယ့် ပါတီတွေအားလုံးဟာ အလွန်အမင်း ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးနေဆဲ၊ လူမှုရေးစံနှုန်းဟောင်းတွေအပေါ်မှာ သာယာနေဆဲ ဖြစ်တယ်။
ပျဉ်းမနား စစ်အာဏာရှင်စနစ်ကလည်း လောကနီတိလို လူမှုရေးစံနှုန်းတွေကို ကျင့်သုံးနေတယ်။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေကလည်း လောကနီတိထဲက လူမှုရေးစံနှုန်းတွေကို ကျင့်သုံးနေတယ်။ ဘာထူးမှာလဲ။ ဘာမှမထူးဘူး။ ဒီတော့ သေချာပေါက်ပြောနိုင်တာကတော့ ဘယ်သူပဲနိုင်နိုင် မြန်မာ့လူ့အဖွဲ့ အစည်းဟာ သေချာပေါက် ကြီးပွားတိုးတက်လာနိုင်မှာမဟုတ်တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ဦးစလုံးဟာ လူမှုရေးစံနှုန်းဟောင်းတစ်ခုတည်းကို ကျင့်သုံးနေလို့ပါ။ ဒါကတော့ လောကနီတိဖြစ်တယ်။ လောကနီတိကို အင်အားစုနှစ်ခုလုံးက ကျင့်သုံးနေကြတယ်။ ရန်သူကို နိုင်ချင်ရင် ရန်သူနဲ့အတွေးအခေါ်တူညီနေလို့ မရဘူး။
၁၉၈၉ခုနှစ်မှာ ရုရှားပြည်သူတွေက အာဏာရှင်စနစ်ကို ဖြုတ်ချလိုက်တယ်။ ဒါပေမယ့် အာဏာရှင် အကြီးကြီးကိုဖြုတ်ချပြီး အာဏာရှင်အသေးစားပြန်ရလိုက်တာပဲ ဖြစ်နေမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတင်လို ဒီမိုကရေစီခေါင်းဆောင်တွေဟာ အာဏာရှင်စနစ်ယဉ်ကျေးမှုကို ဆက်လက်မြတ်နိုးနေသေးလို့ ဖြစ်ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို ရုရှားလူထူက ဖျက်သိမ်းလိုက်နိုင်ပေမယ့် အခြေခံဥပဒေ အာဏာရှင်စနစ်(Autocracy)အောက်ကို ပြန်လည်ကျရောက်နေဆဲ ဖြစ်ပါတယ်။
အော်တိုကရေစီအောက်မှာ အခြေခံဥပဒေတွေရှိတယ်။ ရွေးကောက်ပွဲရှိတယ်။ ပါတီတွေရှိတယ်။ ဒီတော့လူထုမျက်စိလည်သွားတယ်။ ငါတို့မှာ ဒီမိုကရေစီရှိပြီလို့ထင်သွားတယ်။
ဒါပေမယ့် အာဏာရပါတီက အမြဲတမ်းအနိုင်ရနေတယ်။ သူက လုပ်ပိုင်ခွင့်၊ ခံသစားပိုင်ခွင့်တွေကို တစ်ပါတီထဲကဆက်လက်ချုပ်ကိုင်ထားတယ်။ အတိုက်အခံတွေက ဘာအခွင့်အရေးမှ မရတော့ တဖြေးဖြေးနဲ့ ချည့်နဲ့လာတယ်။ လူထုအတွင်းထဲမှာ အသင်းအပင်းတွေ တည်ထောင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ အမျိုးသမီးအခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားများအရေးဟာ ဆက်လက်ငြင်းပယ်ခံနေရပြီးနိုင်ငံရဲ့အာဏာဟာ လူနည်းစုလက်ထဲမှာပဲ ပြန်လည်ကျရောက်နေပါတယ်။ မလေးရှား၊ စင်္ကာပူနိုင်ငံတွေမှာ ကျင့်သုံးတဲ့စနစ်မျိုးတွေ ဖြစ်ပါတယ်။
ဒီနိုင်ငံတွေက အာဏာကို လူနည်းစုလက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ဖို့ ဒီမိုကရေစီစနစ်ကို အမည်ခံသာ ကျင့်သုံးချင်တယ်။ ဒီမိုကရေစီကို ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးအဖြစ် ပြည်သူတွေကို မိတ်ဆက်မပေးချင်ကြပါဘူး။ ဒီမိုကရေစီတန်ဖိုးတွေ လူထုထဲမှာ အကျယ်အပြန့် သုံးလာလေလေ သူတို့အာဏာ အ၀န်းအ၀ိုင်းက ကျဉ်းမြောင်းလာလေလေ ဖြစ်မှာကို သူတို့စိုးရိမ်ကြပါတယ်။
ဒီအတွက် သူတို့က ဒေသဆိုင်ရာ ယဉ်ကျေးမှုတွေနဲ့ ခုခံလာတယ်။ အာရှတန်ဖိုးဆိုတာနဲ့ လူထုကိုမှိုင်းတိုက်လာလာပါတယ်။ အာရှတန်ဖိုးဆိုတာကတော့ ၁၉၉၀ နောက်ပိုင်းမှာ ခေတ်စားလာတဲ့အယူအဆပါ။ စစ်အေးတိုက်ပွဲအပြီး ကမ္ဘာကြီးဟာ အတွေးအခေါ်လစ်ဟာသွားတယ်။ အနောက်တိုင်းပညာရှင်တစ်ချို့ အထူးသဖြင့် ဖရန်စစ်ဖူကီယားမားရဲ့ သမိုင်းနိဂုံးချုပ်သွားပြီ (End of The History)မှာ အတွေးအခေါ်ဝါဒကို အခြေပြုတဲ့ပဋ္ဋိပက္ခဆုံးသွားပြီး ပိုမိုပွင့်လင်းတဲ့ လစ်ဘရယ် အတွေးအခေါ် တွေက ကမ္ဘာကြီးမှာ ပိုပြီးလွှမ်းမိုးလာတော့မယ်လို့ ကောက်ချက်ချပါတယ်။ လစ်ဘရယ်ဝါဒကို စိန်ခေါ်နေတဲ့ ၀ါဒနှစ်ခုကတော့ ကွန်မြူနစ်နဲ့ ဖက်ဆစ်ဝါဒဖြစ်ခဲ့ပါတယ်။ သူကဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်ဝါဒကျဆုံးသွားတယ်။ စစ်အေးတိုက်ပွဲမှာ ကွန်မြူနစ်စနစ် ကျဆုံးသွားတယ်လို့ ကောက်ချက်ချပါတယ်။ ဒါပေမယ့် သူက ဘာသာရေးအစွန်းရောက်အယူဝါဒ အခြေခံတွေ အစွန်းရောက်အမျိုးသားရေးဝါဒတွေ၊ လူမျိုးခွဲခြားမှုတွေက လစ်ဘရယ်ဝါဒရဲ့ ချိန်းခြောက်မှုအသစ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားတယ်။ ဒီနေရာမှာသူ့သုံးသပ်ချက်က လွန်တယ်လို့ပြောလို့မရဘူး။ နိုင်ငံရေးအတွေးအခေါ်အရ တိုက်ပွဲကပြီးဆုံးသွားတဲ့ အစွန်းရောက်အမျိုးသားရေးနဲ့ ဘာသာရေးတွေက ဒီမုကရေစီလှုပ်ရားမှုတွေကို အဓိကဆန့်ကျင်သူတွေအဖြစ် ရှေ့တန်းကိုရောက်လာကြလို့ပဲ။ အရှေ့အလယ်ပိုင်းမှာ မွတ်စလင်အခြေခံဝါဒီတွေနဲ့ အရှေ့တောင်အာရှက အာဏာရှင်ကလပ်အဖွဲ့ဝင်တွေဟာ အမာခံတွေဖြစ်လာတယ်။ မြန်မာပြည်မှာစစ်အစိုးရလို အစွန်းရောက် အမျိုးသားရေး ၀ါဒသမားတွေ ခေါင်းထောင် ထလာတယ်။
ထူးဆန်းဖို့ ကောင်းတာကတော အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေနဲ့ သူပုန်တွေကြားမှာရော လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ လူမှုစံနှုန်းတွေဟာ ဒီမိုကရေစီစနစ်မှာ ပျောက်ကွယ်သွားမလားဆိုတာကို ပူပင်ကြမိလို့ပါ။ သူတို့ရနေပြီးသား အဆင့်နေရာ ပျောက်ကွယ်သွားမှာ ပူပင်ကြမိလို့ဖြစ်တယ်။ သူတို့ရနေပြီးသား အဆင့်နေရာ ပျောက်ကွယ်သွားမှာ ပူပင်လာ ကြတယ်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်တွေဖြစ်လာတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ကိုယ်ရဲ့ ရပ်တည်ချက် ဘောင်ကျဉ်းကျဉ်းလေးကပဲ လုပ်ဖို့ဆန္ဒရှိကြတယ်။ ဒီတော့ ရလာဒ်က ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေးဟာ နှေးကွေးလာတယ်။
ဒီမိုကရေစီအင်အားစုတွေနဲ့လူထုဟာ အဆက်ပြတ်ထွက်သွားတယ်။ ဒီမိုကရေစီအင်အားစုတွေဟာ မဟာသမုဒ္ဒရာရေပြင်ကျယ်ထဲကို မရောက်တော့ပဲ မြစ်ကျိုးအင်းတစ်ခုအဖြစ်နဲ့ ပြတ်ကျန်ရစ်ခဲ့တယ်။ ကြာလာတာနဲ့အမျှတိမ်လာမယ်။ ကောသွားမယ်။ နောက်ဆုံးပျောက်သွားမယ် ဒါကိုကျနော် အစိုးရိမ်ဆုံး။
အာဏာရအစိုးရတွေက အာရှတန်ဖိုးဆိုတာကို တညီတညာတည်း ကြွေးကြော်လာတယ်။ သူတို့ဒီလို ကျောချင်းကပ်လိုက်ကြတော့ အာရှတန်ဖိုးက သူတို့အတွက်အကျိုးအမြတ်တွေကို အကြီးအကျယ် ခံစားနေရလို့ဖြစ်တယ်။ သူတို့ဆိုတာက ရန်ကုန်စစ်အုပ်စု၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ အရှေ့အလယ်ပိုင်းကနိုင်ငံတွေ၊ အိန္ဒိယနဲ့ ဂျပန်က တစ်ချို့နိုင်ငံရေး အင်အားစုတွေပါဝင်တယ်။
အာရှတန်ဖိုးဆိုတာကြီးကို အကြီးအကျယ်ဝေဖန်သူကတော့ ပညာရှင်တွေထဲမှာ အိန္ဒိယနွယ်ဖွား စီးပွားရေးပညာရှင် အမာတီယာဆန် (Amartya Sen)၊ တိုင်ဝမ်သမ္မတ (Lee Teng-Hui)၊ တောင်ကိုရီယား သမ္မတဟောင်း ကင်ဒေးဂျုံ (Kim Dae Jung) တို့ဖြစ်တယ်။ အမာတီယာဆန်က အာရှတန်ဖိုးဆိုတာက လွတ်လပ်မှုထက် အမိန့်ပေးတာ စည်းကမ်းကလနားတွေကိုသာ ပိုပြီး အလေးထားနေတာဖြစ်တယ်လို့ ထောက်ပြ တယ်။
လူထုလှုပ်ရှားမှုတွေဆင့်ကဲဖြစ်လာမှာကို စိုးရိမ်တော့ အာရှတိုက်က အာဏာရှင်ပေါက်စတွေဟာ ကျောချင်းကပ်လိုက်ကြတယ်။သူတို့ပြောနေတဲ့ အာရှတန်ဖိုးရဲ့ အဓိကကတော့ ကွန်ဖြူးရှပ်တွေးအခေါ်နဲ့ ဟင်ဒီ လူမှုရေးစံနှုန်းတွေကို ဘတ်လပိုင်ရောမွှေထားတာတွေပါ။ အာရှတန်ဖိုးဆိုတာက လူ့အဖွဲ့အစည်းမှာ ဆင်ခြင်တုံတရားထက် အထက်အောက် ရိုသေရတာ၊နာခံရတာ။ ပုဂ္ဂလိကလွတ်လပ်မှုတွေထက်စာရင် တိုင်းပြည်အကျိုးကိုဦးစားပေးရတာဆိုတာတွေဖြစ်တယ်။ ဒီတန်ဖိုးတွေက အာရှတိုက် ကြီးပွားတိုးတက်ရေး အတွက် ပိုပြီးကိုက်ညီတယ်။ ဒီမိုကရေစီဆိုတာ အနောက်တိုင်းကကျင့်သုံးမှုတွေ၊ အနောက်တိုင်ယဉ်ကျေးမှုတွေ ဒါတွေက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တိုးတက်ရေးကိုထိခိုက်တယ် စသဖြင့်ပေါ့။ အာရှတန်ဖိုးကို သူတို့ အသံအကျယ်ဆုံး ကြွေးကြော်ခဲ့ပေမယ့် အနောက်တိုင်းက ခေတ်မီသိပ္ပံနည်းပညာကိုတော့ သူတို့က လက်ခံတယ်။ ခံစားနေကြတယ်။ ဒါကလဲ ခေတ်မီနည်းပညာကို အာဏာရဲ့ ဒေါက်တိုင်အဖြစ်နဲ့ အသုံးချ နိုင်ခဲ့လို့ပါ။ ဒါပေမယ့် အင်တာနက်လို ခေတ်မီ ဆက်သွယ်ရေး သိပ္ပံနည်းပညာကိုကျတော့ လူထုတွေ သုံးစွဲမှာကိုတော့ သူတို့က စိုးရိမ်ကြပြန်တယ်။
ခေတ်မီသိပ္ပံနည်းပညာတွေနဲ့ တိုင်းပြည်ကိုဖွံ့ဖြိုးအောင် လုပ်လို့ရတယ်လို့ သူတို့စိတ်ကူး ယဉ်ကြတယ်။ ခေတ်မီနည်းပညာသုံးစွဲတာ ကောင်းပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးပါတယ်။
ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ အသက်သွေးကြောဖြစ်တဲ့ နိုင်ငံရေးစနစ်က ပိုပြီးခေတ်မီဖို့လိုတယ်။ ရုရှားနိုင်ငံဟာ သိပ္ပံပညာမှာ ရှေ့တန်းရောက်ခဲ့တဲ့နိုင်ငံပါ။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မကျင့်သုံးတဲ့အတွက် ဆိုရှယ်လစ်ရုရှားက ကျဆုံးသွားခဲ့ပြီမဟုတ်ပါလား။ အာရှတန်ဖိုးဟာ အသုံးမ၀င်တော့တဲ့ ဖော်မြူလာဖြစ်တယ် ဆိုတာကိုတော့ ၁၉၉၇ ခုနှစ်မှာဖြစ်တဲ့ အာရှဘဏ္ဍာရေး အကျပ်ရိုက်မှုကြီးက သက်သေပြခဲ့တယ်။
ထူးဆန်းတာက တစ်ချိန်က ယဉ်ကျေးမှုတော်လှန်ရေးနဲ့ ကွန်ဖြူးရှပ်ဝါဒကိုဆန့်ကျင်ခဲ့တဲ့ တရုတ်ပြည်က ကွန်ဖြူးရှပ်ဝတ်ရုံကို ဖုံခါပြီး ပြန်ဝတ် လာတယ်။ ဖော်ထုတ်လာတယ်။ ဂျက်လီပါတဲ့ သူရဲကောင်း (Hero)လို ရုပ်ရှင်ကို တရုတ်ကွန်မြူနစ်ပါတီက နောက်ကနေ လူအင်အားတွေ ကူညီစေပြီး ရိုက်ကူးစေလာတယ်။ ဒီလိုအာရှတန်ဖိုးတွေကို သွပ်သွင်းထားတဲ့ သူရဲကောင်းလို ရုပ်ရှင်ကားတွေကို ပြန်လည်ဖော်ထုတ် လာတာကတော့ ရှင်းပါတယ်။
၁၉၈၉ ခုနှစ် တီအန်ယင်မင် အရေးအခင်းက တရုတ်အစိုးရရဲ့ အာဏာကို လူထုက အတိအလင်း စိန်ခေါ်လာလို့ပါပဲ။
၁၉၈၈ခုနှစ် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမပေါ်က မြန်မာကျောင်းသားတွေ ကြွေးကြော် လိုက်တဲ့ ကြွေးကြော်သံတွေက အာရှတိုက်ကိုတုန်လှုပ်သွားစေခဲ့တယ်။ ရန်ကုန်တက္ကသိုလ်က ဗဟိုပြု ထွက်သွားတဲ့ ဒီငလျှင်ဟာ တရုတ်ပြည်ကိုရိုက်ခတ်သွားတယ်။ ထိုင်းနိုင်ငံကိုအဖျားခတ်တယ်။ အင်ဒိုနီးရှားက ဆူဟာတိုကို အိပ်မက်ဆိုးတွေမက်စေခဲ့တယ်။ အရှေ့တီမောကို နိုးကြားလာစေခဲ့တယ်။
တရုတ်ပြည်က ထိပ်တန်းကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ၀မ်တန်းကို ကျနော်တွေ့တော့ ခင်ဗျားတို့ တရုတ်ကျောင်းသားလှုပ်ရှားမှုဟာ ရုရှားက မီခေး ဂေါဘာချော့ဗ် (Mikhail Gorbacheve) အလည်လာတာရဲ့ရိုက်ခတ်မှုလား၊ သူ့ရဲ့ပြုပြင်ပြောင်းလဲမှုတွေက ခင်ဗျားတို့ကိုစွဲဆောင်ခဲ့လို့လားမေးတော့ သူက “မဟုတ်ပါဘူး၊ မြန်မာကျောင်းသားလှုပ်ရှားမှုကြီးကသူတို့ကိုစွဲဆောင်လိုက်တာပါ”လို့ ပြောခဲ့ဖူးတယ်။
အာရှတိုက် ဒီမိုကရေစီ လှုပ်ရှားမှုက အာဏာရသူတွေကိုသာ အကျိုးပြုနေတဲ့ အာရှတန်ဖိုးကို စိန်ခေါ်နေပါပြီ။ အာရှတန်ဖိုးဆိုတာနဲ့ ပိန်မသာ လိမ်မသာရှိတဲ့ လောကနီတိကိုစစ်အုပ်စုက ပြန်လည် ပွဲထုတ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာပါ။ သူတို့ သုရားတည်တာတွေ ကျောင်းဆောက်တာတွေကို အကြီးအကျယ်လုပ်ပြခဲ့ကြတယ်။ ဒီလိုနိုင်ငံတော်က ဦးဆောင်ပြီးလုပ်တဲ့ ဘာသာရေး အခမ်းအနားတွေမှာ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ လောကနီတိစာအုပ်တွေကို လက်သိပ်ထိုး ဖြန့်ဝေလေ့ရှိခဲ့ကြတယ်။
တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုတွေကို အကြီးအကျယ်နှိပ်ကွပ်၊ သူတို့ကပဲ မြန်မာ နိုင်ငံတော်နဲ့ မြန်မာယဉ်ကျေးမှုကို ကာကွယ်ပေးတဲ့ သူရဲကောင်းတွေလိုပုံဖော်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး လူငယ်ကျောင်းသားတွေရဲ့ ယဉ်ကျေးမှုအနုပညာလုပ်ငန်းတွေ တီထွင်ဆန်းသစ်ချက်တွေကို အပြင်းအထန် ပိတ်ပင်ကြ။ ဒီတော့ ဒီနေ့မြန်မာ စတီရီယို အနုပညာရှင်တွေရဲ့ စွဲမက်စရာတေးသံတွေက မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ထုတ်လွှင့်ခွင့်မရတဲ့ လမ်းဘေးဂီတအဖြစ် အဆင့်နှိမ်ခံရတယ်။ သရုတ်ပျက်ယဉ်ကျေးမှုဆိုတဲ့ ပြင်းထန်တဲ့စွဲချက်တွေနဲ့ ထိုးနှက်တိုက်ခိုက်တာကို ခံနေရတယ်။
ကိုဇာဂနာက ဘီဘီစီနဲ့ ၂၀၀၆ခုနှစ် နှစ်သစ်ကူးအင်တာဗျူးမှာ သရုပ်ပျက်ယဉ်ကျေးမှုလို့ ပိတ်ပင်နေရင် သရုပ်မှန်ကဘာလဲ ပြပါလားလို့ မေးခွန်းထုတ်ဖူးခဲ့ပါတယ်။ တကယ်က စစ်အစိုးရသတ်မှတ်ထားတဲ့ သရုပ်မှန်ယဉ်ကျေးမှုဆိုတာကတော့ လူငယ်တွေက ရေခဲရေနဲ့ လောင်းထားတဲ့ မျက်နှာ အလွန်အမင်း ပျပ်ဝပ်ကျိုးနွံနေရတာသာဖြစ်တယ်။ ယုံကြည်မှု၊ ဆန်းသစ်တီထွင်မှု၊ တက်ကြွမဲ့ ဟုတ်ကဲ့ဘ၀မျှသာ။
ထူးဆန်းတာကတော့ လူငယ်တွေရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေက ဒီမိုကရေစီ အင်အားစုတွေရဲ့ မီဒီယာတွေမှာ ယနေ့လူငယ်ရော့ခ်ဂီတသမားတွေရဲ့ သီချင်းသံစဉ်တွေဟာ မကြားရသေး သလောက်ပါပဲ။ ဒီလူမှုစံနှုန်းတွေတူနေတဲ့ အင်အားစုနှစ်ခု ဖြစ်နေတဲ့ပဋ္ဋိပက္ခမှာ အင်အားကြီးတဲ့သူကလဲ နောက်ဆုံးမှာ အနိုင်ရသွားမှာ ဖြစ်ပါတယ်။ ဒီအင်အားစုကြားမှာ ဖြစ်နေတဲ့ ပဋ္ဋိပက္ခဟာ လူထုနဲ့ ကင်းကွာသွားမှာ ဖြစ်တယ်။ လူထုတွေက လောကနီတိထဲက အကြောက်တရားတွေကို မလိုချင်တော့ပါဘူး။ လူတွေက လွတ်လပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊မြေယာနဲ့ အစားအသောက်တွေကိုလိုချင်နေပါတယ်။ အပြောင်းအလဲကို လိုချင်နေပါပြီ။ ဒါ့ကြောင့် ၈၈ အုံကြွမှုကြီး ဖြစ်ခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် မေလ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့တာဖြစ်တယ်။
ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက ဒီမိုကရေစီစနစ်ကို လိုချင်ရင် ပါတီတွေ တည်ထောင်ခွင့်ရရုံ၊ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရုံနဲ့ ဒီမိုကရေစီဟာ ရှင်သန်မလာဘူး။ တိုင်းပြည်ဟာ ကြီးပွားလာမှာမဟုတ်ဘူး။ ဒီမိုကရေစီတန်ဖိုးတွေကို စနစ်တကျကျင့်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိမှာ ဖြစ်ပါတယ်။ အောင်မြင်သွားတဲ့ ကြီးပွားတိုးတက်လာတဲ့ နိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုလုပ်ရပါတယ်။ ဟောင်းနွမ်းတဲ့ လူမှုရေးစံနှုန်းတွေ နိုင်ငံရေးနဲ့ စီးပွာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုလုပ်ရတယ်။ ဒီအထဲမှာ အခြေခံကျတဲ့ ခေတ်မမီတော့တဲ့ လူမှုရေးစံနှုန်းတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ကိုလုပ်ခဲ့ရတာ ဖြစ်တယ်။ ဥပမာ ၁၉၂၀ ၀န်းကျင်မှာ တူရကီနိုင်ငံမှာ မူဆလင်ဘာသာရေးအတွင်း ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့ရတယ်။ ၁၈၆၈ခုနှစ် ဂျပန်နိုင် မေဂျီခေတ်(Meiji era) ပြုပြင်ပြောင်းလဲမှုဆိုတဲ့ နိုင်ငံရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရတယ်။ ဒီလှုပ်ရှားမှုက ဂျပန်စက်မှုတော်လှန်ရေးရဲ့ အဓိက အသက်သွေးကြော ဖြစ်စေခဲ့ရတယ်။
မြန်မာနိုင်ငံ မင်းတုန်းမင်းခေတ်မှာ စက်မှုပြုပြင်ပြောင်းလဲမှုကို ကနောင်မင်သားလုပ်ဖို့ ကြိုးစားခဲ့တယ်။ ကနောင်မင်းသားကြီးရဲ့ စက်မှုတော်လှန်ရေးလှုပ်ရှားမှုဟာ ဂျပန်မေဂျီခေတ်နဲ့ ခေတ်ပြိုင် နီ်းပါးဖြစ်ခဲ့တယ်။ ဒါပေမယ့် သူရဲ့ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး စမ်းသပ်မှုတွေက ဘာသာရေး အစွန်းရောက် ဘုန်းတော်ကြီးတစ်ပါးကြောင့် ရပ်ဆိုင်းလိုက်ရတယ်။
မြန်မာနိုင်ငံကတော့ နယ်ပယ်အားလုံးထဲကို ဒီလို အာဏာရှင်ယဉ်ကျေးမှုက ၀င်ရောက်နေတယ်။ ဒါ့ကြောင့်မြန်မာပြည်ဟာ တစတစ ဆုတ်ယုတ်လာတယ်။ နောက်ဆုံးမှာအမှောင်ခေတ်ကို ကျရောက်သွားတယ်။ ဒါကို ကျနော်တို့လက်ပိုက် အရှုံးပေးစရာမလိုဘူး။ အောင်မြင်တဲ့နိုင်ငံတစ်ခုကို ကျနော်တို့ ပြန်လည်တည်ဆောက်ကြမယ်။ အောင်မြင်တဲ့လူမျိုးတွေဟာ အောင်ပွဲခံသူတွေရဲ့စိတ်ထားထားတတ်ရမယ်။ အောင်စိတ်ဆိုတာ သတ္တိ၊ အကြောက်တရားမဟုတ်။ သတ္တိဆိုတာ မေတ္တာတရား၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ ဆင်ခြင်တုံတရားဖြစ်တယ်။ လူတွေကို အကြောက်တရားသွပ်သွင်းတဲ့ လောကနီတိလိုသင်ကြားချက်တွေက အာဏာရှင်ယဉ်ကျေးမှုကို သက်ဆိုးရှည်စေတယ်။ ခေတ်မီတိုးတက်တဲ့ မြန်မာနိုင်ငံတော်သစ်တည်ဆောက်ဖို့အတွက်….
၁။ အာဏာရှင်စနစဆန်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေကို ဖျက်သိမ်းပစ်ရမယ်။
၂။ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျင့်သုံးရမယ်။
၃။ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးရမယ်။
ဒီထဲမှာ အာဏာရှင်ဆန်တဲ့ယဉ်ကျေးမှုတွေကို ဖျက်သိမ်းပစ်ဖို့က အရေးအကြီးဆုံးဖြစ်တယ်။ ဒီစာအုပ်မှာ အာဏာရှင်ဆန်တဲ့ ယဉ်ကျေးမှုကို သန္ဓေတည်စေခဲ့တဲ့လောကနီတိကိုပဲ အာရုံစိုက် ဆွေးနွေးထားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
(ကိုမိုးသီးဇွန် ၏ နာခံမှုကိုစစ်ဆေးခြင်း စာအုပ်မှ ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်။)
This blog information for all of Myanmar in Malaysia.

0 comments:

Post a Comment

Followers

Blog Archive