
နိုင်ငံပေါင်းစုံမှ နိုင်ငံကူးလက်မှတ် အတု၊ အလုပ်သမား ကဒ်ပြား အတု၊ ကုလသမဂ္ဂ ဒုက္ခသည် ကဒ်ပြား အတု၊ မလေးရှား ပြည်ဝင်ခွင့် တံဆိပ်အတုများကို ပြုလုပ်သည့် အဖွဲ့မှ ခေါင်းဆောင်သူဟု ယူဆရသူ မြန်မာလူမျိုးတစ်ဦးကို မလေးရှားနိုင်ငံတွင် အင်္ဂါနေ့က ဖမ်းဆီးရမိခဲ့သည်။ မလေးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိ အကြီးအကဲ Abdul Rahman ၏ အဆိုအရ လွန်ခဲ့သော အင်္ဂါနေ့  ည၉နာရီ အချိန်တွင် မင်္သကာဖွယ်ရာ တရားခံ၏ Bukit Tengah ရှိနေအိမ်သို့  ရဲတပ်ဖွဲ့ ဝင် ၁၀ဦး အဖွဲ့မှ ၀င်ရောက် စီးနင်းရှာဖွေရာ၌ အဆိုပါ သက် ၂၇ နှစ်အရွယ် တရားခံနှင့် ၎င်း၏ အသက် ၃၀ အရွယ်ရှိ ရည်းစားတို့ကို ဖမ်းမိသည်ဟု သိရသည်။ ရဲတပ်ဖွဲ့ဝင်များသည် တရားခံ၏ လှုပ်ရှားမှုများကို ၀င်ရောက် စီးနင်း ရှာဖွေခြင်း မပြုမီ ရက်သတ္တပတ် ၃ ပတ် ကြိုတင်၍ စောင့်ကြည့် အကဲခတ်ခဲ့ကြသည်။တရားခံသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များမှ အချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် တရားခံ၏ နေအိမ်မှ တရားမ၀င် စာရွက်စာတမ်းအတုများ ပြုလုပ်ရာတွင် အသုံးပြုသော သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိသည်။ အဆိုပါအဖွဲ့သည် ထိုသို့ စာရွက်စာတမ်းအတု အမျိုးမျိုးပြုလုပ်ခြင်းမှနေ၍ တစ်လျှင် ရင်းဂစ်ငွေ ၁ သိန်းခန့် အကျိုးအမြတ်ရခဲ့သည်ဟု Rahman က ပြောဆိုခဲ့သည်။ ထိုအဖွဲ့အစည်းသည် လွန်ခဲ့သည့် ၃ လခန့်မှ စ၍ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ကနဦး စုံစမ်းစစ်ဆေးချက်များအရ သိရှိရသည်။ ယခုအခါ မလေးရှား အာဏာပိုင်များက ထိုအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးအား လိုက်လံရှာဖွေလျက် ရှိသည်။
0 comments:
Post a Comment