28 June, 2009

မြေအောက်လှုပ်ရှားမှုနှင့် လူထုအင်အား-ဇောင်ဂရန်ဆစ်(NT)


မြေအောက်လှုပ်ရှားမှု ဆိုတာ ဘာလဲ


ယေဘုယျအားဖြင့်ပြောရရင်တော့ မြေအောက်လှုပ်ရှားမှုဆိုတာ …….. ကိုယ်ရဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် မြေပေါ်မှာလွတ်လွတ်လပ်လပ် ဆောင်ရွက်လို့မရနိုင်တဲ့ အခြေအနေ အချိန်အခါ၊ အခြေခံဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အခြေအနေ အချိန်အခါ စတဲ့ အခြေအနေအချိန်အခါမျိုးတွေအောက်မှာ ကိုယ်ရဲ့လုပ်ဆောင်စရာရှိတဲ့ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်နိုင်အောင်လျှို့ဝှက်ပြီး ကျစ်ကျစ်လစ်လစ်၊ သိုသိုသိပ်သိပ်နဲ့ စနစ်တကျ လှုပ်ရှားရတဲ့လှုပ်ရှားမှုမျိုး ဖြစ်ပါတယ်။ James Bond လိုမျိုး တကိုယ်တော် လျှို့ဝှက် စွန့်စားခန်းဖွင့်တဲ့ အလုပ်မျိုး မဟုတ်ပါ။ ဦးဆောင်တဲ့ အဖွဲ့အစည်းအောက်မှာ မြေအောက်လှုပ်ရှားမှုရဲ့ သံမဏိစည်းကမ်းတွေနဲ့ စနစ်တကျ လုပ်ဆောင်ရတာမျိုးလည်းဖြစ်ပါတယ်။

ဒီလို မြေအောက်လှုပ်ရှားမှုကို လုပ်ဆောင်ကြတဲ့နေရာမှာ နိုင်ငံရေးဦးတည်ချက်ကို မူတည်ပြီး ရည်ရွယ်ချက်တွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက်၊ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ပြင်ဆင်ဖို့အတွက်၊ လူထုအုံကြွမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖေါ်ဆောင်ဖို့အတွက် စသည်ဖြင့် နေရာဒေသနဲ့ အချိန်အခါတွေအပေါ်ကို မူတည်ပြီး ရည်ရွယ်ချက်တွေကအမျိုးမျိုး ရှိနိုင်၊ ကွဲပြားနိုင်ပါတယ်။ လက်ရှိမြန်မာပြည်ရဲ့ဒီမိုကရေစီတော်လှန်ရေးမှာတော့ UG လုပ်ငန်း (မြေအောက်လှုပ်ရှားမှု လုပ်ငန်း) ကိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ People Power လို့ ခေါ်တဲ့ လူထုအင်အားကို တည်ဆောက်ဖို့အတွက်နဲ့လူထုလှုပ်ရှားမှု၊လူထုတော်လှန်ရေးတွေကို ဖေါ်ဆောင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီ စစ်အုပ်စုရဲ့အကြောက်ဆုံးလက်နက်ဟာ People Power လို့ခေါ်တဲ့လူထုပဲ ဖြစ်သလို၊ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင်လည်း လူထုလမ်းစဉ်ကလွဲလို့ တခြားနည်းလမ်းလည်း မရှိပါဘူး။ ယ္ခုအခြေအနေမှာလို အခြေခံ ဒီမိုကရေစီအခွင့်အရေးတွေအားလုံ ဆုံးရှုံးနေတဲ့အချိန်မျိုးမှာ ဒီ လုပ်ငန်းတွေကိုလုပ်နိုင်ဖို့အတွက်ကတော့ တနည်းပဲ ရှိပါတော့တယ်။ တကယ်တော့လည်း မြန်မာပြည်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုက စလို့ ခေတ်အဆက်ဆက်က တော်လှန်ရေးတွေကို ပြန်ကြည့်လိုက်ပါ။ အင်္ဂလိပ်ကိုတော်လှန်ဖို့အတွက် သခင်အောင်ဆန်း မြေအောက်ကိုဆင်းခဲ့ပါတယ်။ ဂျပန်ကို တော်လှန်ဖို့အတွက်လည်း သခင်စိုးဟာ မြေအောက်ကို ဆင်းခဲ့ပါတယ်။ ၈၈ အရေးတော်ပုံကြီးအားကောင်းမောင်းသန် ဖြစ်လာဖို့အတွက်လည်း ဒီ မြေအောက်နည်းနဲ့ပဲ ၀ိုင်းဝန်းပြီး ပြင်ဆင်ခဲ့ကြတာပါပဲ။


ဘာကြောင့် မြေအောက်လှုပ်ရှားမှု ဆိုတာကို လုပ်ဖို့လိုအပ်တာလဲ


လက်ရှိ မြန်မာပြည်တွင်းမှာက စစ်အုပ်စုရဲ့ဖိနှိပ်စော်ကားမှုတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ လုထုရဲ့ မကျေနပ်မှုတွေ ၊ ခံပြင်းမှုတွေ၊တောက်ခေါက်သံတွေဟာလည်း တိုး၍ တိုး၍သာ လာနေပါတယ်။ အပေါ်ယံ ကြည့်ရင်တော့ အဲဒီလို ဖိနှိပ်မှုတွေအပေါ်ကို မကျေမနပ်နဲ့တောက်ခေါက်ရုံကလွဲလို့ လက်တွေ့ကြတဲ့ လူထုရဲ့တုံပြန်မှုဟာ မရှိနေသလိုမျိုး၊ ငြိမ်သက်နေသလိုမျိုး ဖြစ်နေပါတယ်။ (ဒါတောင် ပြည်သူလုထုက ဒီ စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူးဆိုတာကို ရတ့နဲ ည်းမျိုးစုံနဲ့သူတို့ရဲ့ဆန္ဒတွေကို ဖေါ်ထုတ် ပြသနေကြတာပဲမလား။) ဒါကလည်းစားဝတ်နေရေးကြောင့်၊ ပြင်းထန်တဲ့ စစ်အုပ်စုရဲ ဖိနှပ်မှုတွေကြောင့်လို့ တစိတ်တဒေသ ပြောလို့ ရပေမယ့်၊ ကျနော်တို့ဘက်က လူထု ယုံကြည်ကိုးစားလောက်တဲ့ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှု ပေးနိုင်မှုတွေ အဆင်သင့် မဖြစ်ကြသေးတာက ပိုပြီး အဓိကကျတဲ့ အချက်လို့ပြောရပါလိမ့်မယ်။ မြန်မာပြည်လူထုဟာ အမြဲတမ်း တာဝန်ကျေခဲ့ပါတယ်။ ဂျပန်ခေတ်လို စကားလေးတခွန်းကြောင့် အနည်းဆုံးလက်သည်းခွံ အခွာခံရပြီး၊ အဆိုးဆုံး ဇာတ်ပြတ်သွားနိုင်တဲ့ခေတ်မျိုးမှာတောင်မှ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ စနစ်တကျ ပြင်ဆင်မှု ရှိလာပြီဆိုတဲ့အခါမှာ လှည်းနေ လှေအောင်း မြင်ဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင် ပူးပေါင်း ပံ့ပိုးခဲ့ကြတာ၊ နောက် ၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တာတွေဟာ မဝေးသေးတဲ့ သမိုင်းသက်သေတွေ ပါ။


ယခု မြန်မာပြည်တွင်းမှာက စီကနဲ၊ ထီကနဲ ဆိုသလို လူထု မကျေမနပ်မှုတွေ၊ မငြိမ်မသက်မှုတွေ၊ ပေါက်ကွဲအုံကြွမှုတွေဟာ အချိန်မရွေး၊နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ဒီလို အဖြစ်အပျက်လေးတွေဟာ နိုင်ငံရေးကို အခြေခံပြီး ဖြစ်ပေါ်လာတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သာမာန် ဘာမဟုတ်တဲ့ ကိစ္စလေးတခုမှာ အခြေခံပြီး ပေါက်ကွဲထွက်လာတာလည်း ဖြစ်ချင် ဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ဖိလို့ မခံနိုင်တဲ့အဆုံးမှာ ကြွမယ် ဆိုတဲ့ အခြေခံပေါ်ကပဲ လာမှာပါ။ တကယ်တော့ ဒါမျိုး အဖြစ် အပျက်လေးတွေကဖြစ်လည်း ဖြစ်နေ၊ ရှိလည်း ရှိနေပါတယ်။ အဲဒီလိုတွေ လှုပ်ရှား ရုန်းကန်မှုတွေ၊ မီးပွားလေး တွေ ဖြစ်ပေါ်လာခဲ့ရင် နိုင်ငံရေးအခြေခံနဲ့လူထုကြီးဟာ အဲဒီလှုပ်ရှားမှုတွေထဲမှာ အချိတ်အဆက်မိမိ ပါဝင်နေ ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှလည်း ထီကနဲ၊ စီကနဲ ဆိုတဲ့အခြေအနေတွေကနေ တစက်ကနေ တမျက်နှာလုံးကို ပြန့်သွားတဲ့အခြေအနေမျိုး ဖြစ်အောင် အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ တနေရာမှာပဲဖြစ်ပြီး တနေရာထဲမှာပဲ ပိတ်မိနေလို့မရပါဘူး။ ရန်သူက အလွယ်တကူ ချေမှုန်း သွားပါလိမ့်မယ်။ လုပ်ခဲ့တဲ့သာဓကတွေကလည်း ရှိပြီးသားပါ။ပွင့်ပွင့်လင်းလင်း ပြောရရင် တစက်ကနေ တမျက်နှာလုံးကို ပြန့်သွားဖို့လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အထူးသဖြင့် စနစ်တကျနဲ့လူထုတွေရဲ့ကြားထဲမှာ တည်ဆောက်ထားတဲ့ ကွန်ယက်တွေ အင်မတန်မှ အားနည်းနေပါတယ်။
အဲဒီလို ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေကောင်း၊ အခွင့်အခါကောင်းတွေနဲ့ လူထုကြီး ချိတ်ဆက်မိသွားနိုင်စေဖို့ဆိုရင် အဓိက အရေးကြီးတဲ့အချက်နှစ်ချက် လိုအပ်ပါတယ်။


၁။ ပထမအချက် ကတော့ ပြည်သူလူထုရဲ့ကြားထဲမှာ နိုင်ငံရေးအသိအမြင်၊ တော်လှန်ရေးအသိအမြင် အတိုင်းအတာတခုအထိ နိုးကြားနေဖို့လိုပြီး၊ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံ ခံစားနေရတဲ့ လူမှုဘ၀ဒုက္ခတွေ၊ ဖိနှိပ်မှုတွေအောက်ကနေ ရုန်းထွက် လွတ်မြောက်လိုတဲ့ပြင်းပြတဲ့ဆန္ဒတွေရှိနေဖို့လိုပါတယ်။ ဒီနေရာမှာ တချို့တွေက ပြောကြပါတယ်၊ လူထုက ဒီ စစ်အစိုးရကို ဒါလောက် မုန်းနေတာတောင် ဒီနိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်ဆိုတာတွေက လိုသေးလို့လား ဆိုပြီး ပါ။ လိုပါတယ်။ မကျေနပ်လို့ သူအလိုလို ထပြီး ပေါက်ကွဲတာနဲ့နိုင်ငံရေး အသိတရားကို အခြေခံပြီး အချိတ်အဆက်မိတဲ့ လူထုအုံကြွမှု၊ လူထုလှုပ်ရှားမှုက မတူပါဘူး။ နောက် လက်ရှိအခြေအနေမှာကပျက်ပြားနေတဲ့ စီးပွားရေးစနစ်ရဲ့အောက်မှာ လူထုဟာ အပြင်းအထန် ရုန်းကန်နေကြရတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ ၀မ်းရေးအတွက်ကလွဲလို ဘယ်ဟာကိုမှ စိတ်မ၀င်စားနိုင်ပါဘူး။ သိပ်လည်း ရှည်ရှည် ဝေးဝေးတွေ မတွေးနိုင်ပါဘူး။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းတွေ ဘာတွေကိုလည်း သိပ် စိတ်မ၀င်စားနိုင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေကြုံ ခံစားနေရတဲ့ လူမှုဘ၀ ဒုက္ခတွေဘယ်လို အဆင်ပြေနိုင်မလဲ ဆိုတာပဲ စိတ်ဝင်စားနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေရဲ့အရင်းခံက ဘာ၊ သူတို့အတွက် အနာဂတ်မျှော်လင့်ချက်က ဘယ်သို့၊ စသည်ဖြင့် သူတို့လက်တွေ့ဘ၀အသိကနေ ပေးနိုင်တဲ့ နိုင်ငံရေး အမြင်ကို မီးမောင်းထိုးပြရမှာပါ။ ဒါမှလည်း လူထုထဲမှာရှိနေတဲ့ ယေဘုယျဆန်တဲ့ မကျေနပ်ချက်တွေကနေ လက်တွေကျတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာအောင် ပေါင်းစပ်ပေးနိုင်မှာပါ။


၂။ ဒုတိယအချက် ကတော့ လူထုနဲ့ ဒီလိုပေါ်လာတဲ့အခွင့်အရေးတွေကို ပေါင်းစပ်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ (ကေဒါတွေ) တက်ကြွလှုပ်ရှားသူတွေကလည်း လူထုတွေရဲ့ကြားထဲမှာ အဆင်သင့်ရှိနေဖို့ ပါ။ ဒီ ဒုတိယအချက် ပြည်စုံနေမှလည်း ပထမအချက်ကို ထိထိမိမိဖေါ်ဆောင်နိုင်မှာပါ။ အဲဒီ အဓိက အချက်နှစ်ချက် ပြည်စုံနေဖို့အတွက်ဆိုရင်တော့ အခုထဲက အားလုံးက တစိုက်မတ်မတ်နဲ့ စနစ်တကျပြင်ဆင်ရပါမယ်။ ငါးကို မြင်မှ ငါးစာကို ချသလိုမျိုး လုပ်လို့မရပါဘူး။ သိပ် နောက်ကျသွားပါလိမ့်မယ်။ ရေရှည်မြှုပ်နှံပြီး အခွင့်အခါ ကောင်းကို စောင့်ရပါလိမ့်မယ်။ အဓိက က စိတ်ရှည်ရမယ်၊ စနစ်ကျ ရမယ်၊ လျှို့ဝှက်ရပါလိမ့်မယ်။
လက်ရှိ မြန်မာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေး အခြေအနေက တချီထဲနဲ့ နအဖ စစ်အုပ်စုကို နောက်ကောက် (knockout)ထိုးပြီးစည်းဝိုင်းအပြင်ဖက် ပို့နိုင်ဖို့ဆိုတဲ့ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ထူးခြားတဲ့ ပြည်တွင်းပြည်ပ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ရိုက်ခတ်မှုတွေ ရှိလာ၊ဖြစ်လာရင်တော့ တမျိုးတဖုံ ပြောင်းသွားနိုင် ပါတယ်။ ဒါပေမယ့် ဖြစ်လာနိုးနဲ့ထိုင် စောင့်နေရမယ့်ဟာတွေ မဟုတ်ပါ။ အဲဒီလို ဟိုလူကို မျှော်လိုက်၊ ဒီဟာကို မျှော်လိုက်နဲ့ ကြာလာရင် မျှော်တော်ဇောနဲ့ မောလာတာသာ အဖတ်တင်သွားပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ရဲ့ပထမဦးဆုံးသမ္မတကြီးဖြစ်တဲ့ ဂျော့ ၀ါရှင်တန် ပြောဖူးတဲ့စကားတခွန်း ရှိပါတယ်။ "သက်ဆိုင်ရာ အမျိုးသား အကျိုး စီးပွားဘောင်ကို ကျော်၍မည်သည့် နိုင်ငံကိုမှ မယုံကြည်အပ်ပေ" ဆိုတာပါ။ နောက်တခုက အဲဒီလို မျှော်လင့်ခြင်း အခြားတဖက်မှာ ဘာရှိတတ်လဲဆိုတော့ သူတပါးကို အားကိုးချင်စိတ်က များလာပြီး ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းလာတတ်ပါတယ်။ အဲဒီလိုမျိုးက နိုင်ငံရေးသမားတွေကြားထဲမှာပဲ အဓိက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီ ရောဂါ ပြည်သူလူထုကြီးဆီကို ကူးစက် မသွားရအောင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတိုင်းကပြုလုပ်သင့်ပါတယ်။


ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ခံယူထားသူတွေအနေနဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေမှာကိုယ့်ဆန္ဒအရ ဖြစ်ချင်တာနဲ့ တကယ် လက်တွေ့မှာဖြစ်လာတဲ့ အဖြစ်အပျက် တွေဟာ ဘယ်တော့မှ ထပ်တူ မကျတတ်ဘူးဆိုတာကိုလေးလေးနက်နက် သိထားကြမှာပါ။ လက်ရှိဗမာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ဖြစ်နိုင်ခြေ အများဆုံးကတော့ ပုံစံအမျိုးမျိုးနဲ့အဆင့်ဆင့်သော တိုက်ပွဲစဉ်တွေကို ဖြတ်သန်းပြီးမှ နောက်ဆုံးပန်းတိုင်ကို တက်လှမ်းနိုင်မယ့် အခြေအနေ ပါ။ ကိုယ့် ဘက်က ပြင်ဆင်ထားတာ ပြည့်စုံနေမယ်၊ ခိုင်မာနေမယ် ဆိုရင်တော့ အောင်ပွဲပန်းတိုင်ဆီကို လျင်လျင်မြန်မြန် တဆင့်ပြီးတဆင့် ချီတက်သွားနိုင်မှာပါ။


ဒီလို People Power ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ဆိုရင် သာမာန် ငြိမ်သက်နေတဲ့ အခြေအနေတွေအောက်မှာ လူထုကိုနိုင်ငံရေးအရ အသိအမြင် နိုးကြားအောင် လျှို့ဝှက်ပြီး ၀ါဒဖြန့် လှုံ့ဆော်ပေးမယ့်ကေဒါတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ထူးခြားတဲ့အခြေအနေပုံစံမျိုးစုံ၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံမှာ လူထုကို ဦးဆောင် လမ်းပြပေးနိုင်၊ တိုက်ပွဲတွေ လှုပ်ရှားမှုတွေနဲ့ စနစ်တကျ ပေါင်းစပ် ပေးနိုင်တဲ့ ကေဒါ
တွေ၊ တက်ကြွလှုပ်ရှားသူတွေ လူထုရဲ့ကြားထဲမှာ အဆင်သင့် ရှိနေဖို့ လူထုနဲ့ တသားထဲ ရှိနေဖို့လိုပါတယ်။ အဲဒီလို ရှိနေဖို့ဆိုတာကလည်းနေ့ချင်းညချင်း ဖြစ်လာနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အချိန်ယူ ပြင်ဆင်၊ တည်ဆောက်ရပါလိမ့်မယ်။


ဒီလို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒီလောက်တောင် ဥပဒေမဲ့ ဖိနှိပ်နေတဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အုပ်ချုပ်မှုအောက်မှာ ရွေးစရာလမ်းက သိပ်မရှိတော့ပါဘူး။ တခုပဲ ရှိပါတယ်။ ဒါကတော့ မြေအောက်နည်း၊ လျှို့ဝှက်တဲ့ နည်းပါ။ နောက် မြေအောက်လှုပ်ရှားမှု နည်းလမ်း ဆိုတာကလည်း အသစ်အဆန်းနည်းလမ်း မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က မတရား ဖိနှိပ်တဲ့အစိုးရတွေ၊ မတရား ကျူးကျော်သူတွေကို ဒီလိုပဲတော်လှန်တိုက်ပွဲ ၀င်ခဲ့ကြပြီး အောင်ပွဲတွေ ရခဲ့ကြတာပါ။ အခုက one click မှာ အချက်အလက်တွေ၊ သတင်းတွေ အများကြီး စီးဆင်းသွားနိုင်တဲ့ သတင်းခေတ်ကြီး ပါ။ တီထွင် ကြံဆ နည်းလမ်းရ ပါ။


ဒီလို ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက်ဆိုရင် ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေကပဲ လုပ်ဆောင်ရပါလိမ့်မယ်။ မျိုးဆက်သစ်တွေက အဓိက ကျပါလိမ့်မယ်။ လက်ရှိ အခြေအနေမှာ ဘက်ပေါင်းစုံ အကြောင်းတရားတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ဒီလိုအလုပ်တွေလုပ်ဖို့ အခြေအနေ မပေးပါဘူး။ လူထုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပေါင်းမိသွားအောင် ရန်သူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက်တွေ အကုန် ဖြတ်ထားပြီးသားပါ။ နောက် ၈၈ မျိုးဆက်အကုန်လုံးနီးပါးကိုလည်း ထောင်နှစ်ရှည်တွေချထားပြီး လူထုနဲ့ဝေးရာတွေဆီကို ပို့ထားပါတယ်။ နောက် သတိပြုရမှာတချက်က မြေအောက်လုပ်ငန်းစဉ်တွေကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မထိခိုက်စေချင်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှလား ဆိုတော့လည်း မဟုတ်ပါဘူး။ အခြားသော မြေပေါ်အဖွဲ့အစည်းအားလုံးနဲ့ မြေပေါ် မြေအောက် လိုင်းပူးလို့ မရပါဘူး။ လိုင်းပူးမိရင် နှစ်ဖက်စလုံး အကျိုးမဲ့စေပြီး ရန်သူကို အမြတ်ထွက်စေပါလိမ့်မယ်။


ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ


ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ဒီ မြေအောက်လှုပ်ရှားမှုလုပ်ငန်းရဲ့အဓိက ဦးတည် ရည်ရွယ်ချက်က လူထုအင်အားကို တည်ဆောက်ဖို့ပါ။ ဒီနေရာမှာ ပြည်သူလူထုဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ။ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ပညာတတ်တွေ၊ စစ်အစိုးရရဲ့လက်ဝေခံတွေ မဟုတ်တဲ့ အငယ်တန်း ကုန်သည် ပွဲစားတွေ၊ လူငယ်ကျောင်းသားတွေ၊ အမျှော်အမြင်ရှိတဲ့ တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေနဲ့ ကျဘမ်း လက်လုပ်လက်စားတွေ အတန်းအစားအစုံအားလုံး ပြည်သူလူထုဆိုတာထဲမှာ ပါဝင်တယ်ဆိုတာကို သတိပြုရပါလိမ့်မယ်။


အုပ်စုတခုထဲကိုပဲ ဦးတည်ထားလို့ မရပါဘူး။ အုပ်စုတိုင်းမှာသူတို့ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ ကိုယ်စီ ရှိကြပါတယ်။ အဲဒီ ထူးခြားချက်တွေကို နားလည်ရပါလိမ့်မယ်။ ဘယ်အုပ်စုက အတက်ကြွဆုံးဖြစ်ပြီး ရှေ့တန်းက ပါလဲ၊ ဘယ်အုပ်စုကတော့ စုစည်းရ၊ စည်းရုံးရ အခက်ဆုံးဖြစ်မလဲ စတာတွေကို သူတို့ရဲ့ လူမှုစီးပွားအလွှာနဲ့ လူအဖွဲ့အစည်းတွေထဲမှာ သူတို့ ကျင်လည် တည်ရှိနေတဲ့ ပုံသဏ္ဍာန်တွေ၊ ဆက်စပ်မှုတွေကို အထူးပြုပြီး ချဉ်းကပ် စည်းရုံးရပါလိမ့်မယ်။


သာဓကအားဖြင့် လူငယ်ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ လူငယ်ကျောင်းသားတွေဟာအစဉ်အလာအားဖြင့် ဗမာပြည်နိုင်ငံရေးမှာ ရှေ့တန်းက အတက်ကြွဆုံး ပါဝင်တဲ့ အစုအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကလည်း လူငယ်ဖြစ်တဲ့အတွက် တက်ကြွတယ်၊ စွန့်လွှတ် စွန့်စားလိုစိတ် ရှိတယ်၊ အမှန်တရားကို မြတ်နိုးတယ်။ နောက်တခုက ကျောင်းတို့၊ တက္ကသိုလ်တို့ဆိုတဲ့
နေရာမျိုးမှာ တက်နေရတဲ့အတွက် တနေရာထဲမှာ တစုတစည်းထဲ ရှိနေတယ်၊ အချင်းချင်းလည်း ထိတွေ့မှုကလည်း အတိုင်းအတာတခုအထိရှိနေပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း အလုပ်ရုံတွေ၊ ရုံးတွေမှာ တစုတစည်းထဲ ရှိနေ၊ ထိတွေ့နေတဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေကျပြန်တော့ လူငယ်ကျောင်းသား တွေလောက် ရှေ့တန်းကနေပြီး နိုင်ငံရေး လှုပ်ရှားတက်ကြွမှုတွေမှာ မပါနိုင်ကြပြန်ဘူး။ ဒါကလည်း သဘာဝကျတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ရုံးတွေ ဌာနဆိုင်ရာဥပဒေစည်းကမ်းတွေနဲ့ စစ်တပ်လောက်နီးနီး ချည်နှောင်ခံထားရပါတယ်။ဒါပေမယ့် သူတို့ဟာ အစိုးရရဲ့လုပ်ငန်းတွေကို လည်ပတ်မှုတွေ အကုန်ရပ်သွားအောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ အစိုးရဲ့ အားနည်းချက်တွေ၊လည်ပတ်မှု နည်းစနစ်တွေကို သိနားလည်ထားသူတွေလည်း ဖြစ်တယ်။ ဆိုလိုချင်တာက အုပ်စုတိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိတယ်။ အဓိက ကတော့ သူတို့ တည်ရှိနေတဲ့ ပုံသဏ္ဍာန်နဲ့ လူအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဆက်စပ်မှုတွေ ကို အထူးပြုပြီး ချဉ်းကပ် စည်းရုံးတတ်ဖို့ပါ ပဲ။ ဘယ်အစုမှာရယ်လို့ တရားသေ မှတ်ထားလို့ မရနိုင်ဘူး။ အဲဒီ အစုတွေထဲမှာ ပါဝင်နေကြတဲ့ တဦးချင်းစီရဲ့ နိုင်ငံရေး နိုးကြားတက်ကြွမှု အတိုင်းအတာက ပို အရေးပါ ပါတယ်။
နိုင်ငံရေးအရ တက်ကြွနိုးကြားမှုကို မူတည်ပြီး ပြည်သူလူထုထဲမှာက သာမာန်အားဖြင့် အပိုင်းသုံးပိုင်းနဲ့ ဖွဲစည်းထားတယ်လို့ပြောလို့ရပါတယ်။

၁၊ နိုင်ငံရေးအရ နိုးကြား တက်ကြွနေတဲ့ အစု
၂၊ သာမန် အုပ်စု နဲ့
၃၊ ဖေါက်ပြန်တဲ့ ဆန်ကျင်ဘက်အုပ်စု ဆိုပြီး ဖြစ်တယ်။


၁၊ ပထမ အစုဖြစ်တဲ့ နိုင်ငံရေးအရ နိုးကြား တက်ကြွနေတဲ့အစု။
ဒါက ပထမအစု ဖြစ်တယ်။ နိုင်ငံရေးအရ နိုးကြား တက်ကြွတဲ့ အစု (သို့မဟုတ်) နိုင်ငံရေးကို အတိုင်းအတာတခုအထိ စိတ်ဝင်စားပြီး၊ ကမ္ဘာနဲ့မြန်မာပြည်မှာ လတ်တလော ဖြစ်ပျက်နေတာတွေကို အနည်းနဲ့ အများဆိုသလို သိမြင် ခြုံငုံမိထားတဲ့ အစု ဖြစ်တယ်။ နိုင်ငံရေးကို ဘယ်လိုပုံစံနဲ့ စိတ်ဝင်စားနေတယ် ဆိုတာကတော့ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့လူအဖွဲ့အစည်းထဲ မှာပါဝင်တဲ့အခန်းကဏ္ဍပေါ်မှာ မူတည်ပြီး ကွဲပြားတတ်တယ်။ ဥပမာအားဖြင့်တော့ လူငယ်၊ ကျောင်းသားတွေနဲ့ ပညာတတ် လူလတ်တန်းစားထဲက တချို့ဟာ ဒီ အစုထဲမှာ အကျုံးဝင်တတ်တယ်။ ဒါပေမယ့်လည်း နေရာဒေသနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပေါ်ကိုလည်း မူတည်ပါသေးတယ်။ ဒီအစုဟာ အရေးရယ်အကြောင်းရယ်ဆို ရှေတန်းက ပါတတ်တဲ့ အစု လို့ ပြောလို့ရပေမယ့် ဗမာပြည် လူအဖွဲ့အစည်းမှာ အနည်းစုပဲ ဖြစ်တယ်။


၂၊ ဒုတိယအစု သာမန် အုပ်စု
ဒီ အစု ဟာ လက်ရှိအခြေအနေမှာ မြန်မာပြည် လူအဖွဲ့အစည်းမှာ အများစုကို ကိုယ်စားပြုထားတယ်။ စစ်အစိုးရ မကောင်းတာကိုလည်းသိတယ်၊ အဲဒီ ဖိနှိပ်မှုတွေကိုလည်း ခံစားနေရတယ်၊ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် (ချည်နှောင်မှုတွေကြောင့်၊ တစုတစည်းထဲစုစည်းနိုင်တဲ့ အခြေအနေမပေးမှုကြောင့်၊ စီးပွါးရေး ကျပ်တည်းမှုကြောင့်) နိုင်ငံရေးဘက်ကို ဦး မလည်နိုင်ဘူး၊ ကိုယ့်ဘာသာကိုယ်ဘာသိဘာသာ နေတယ်။ နိုင်ငံရေး အသိအမြင် အားနည်းသလို၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုလည်း အားနည်းတယ်။ ဒါက အခြေအနေ
အားလုံးနဲ့ ဆက်စပ်နေပါတယ်။ဒီအုပ်စုထဲမှ ဥပမာအားဖြင့် ၀န်ထမ်းတွေ၊ တနေ့လုပ် တနေ့စားရတဲ့ လက်လုပ်လက်စားတွေ၊ အိမ်ရှင်မတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အရပ်မှာ နေကြသူတွေ၊ ကျေးလက်ပြည်သူတွေ မျိုးစုံ ပါဝင်နိုင်တယ်။ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေလည်း ပါဝင်နိုင်တယ်။ တကယ်တော့ ဒီအုပ်စုကြီးက အခရာကျတယ်။ ဒီ အုပ်စုကြီး တကယ် ရုန်းကန်ထကြွလာပြီဆို ရင် စစ်အုပ်စုမျက်ဖြူဆိုက်ပြီပဲ။ ၈၈ အရေးတော်ပုံနဲ့၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက ဒီအုပ်စုကြီး အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုထဲကိုပါဝင်ခဲ့တဲ့အတွက် အောင်မြင်မှုတွေ ရခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက ဒုတိယအုပ်စုရဲ့ ထောက်ခံမှုကို ရခဲ့ပေမယ့် လှုပ်ရှားမှုထဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာအောင် မလုပ်နိုင်ခဲ့၊ မစည်းရုံးနိုင်ခဲ့လိုက်ပါဘူး။ ဒါ့ကြောင့် ရန်သူက လက်ဦးမှုယူပြီး ဖြိုခွင်းသွားနိုင်တာ ဖြစ်တယ်။


၃၊ တတိယအစု ဖေါက်ပြန်တဲ့ ဆန်ကျင်ဘက်အုပ်စု
တတိယအစုကတော့ ဒီစနစ်ကြီးနဲ့ ဒီခေတ်ကြီးကို သူတို့ရဲ့ အကျိုးစီးပွါးတွေနဲ့ထပ်တူကျနေလို့ ဒီအတိုင်း ဆက်လက် ရှိနေစေချင်တဲ့အုပ်စုဖြစ်တယ်။ အဓိက ကတော့ စစ်အုပ်စုကိုယ်တိုင်ပဲ ဖြစ်တယ်။ ဒီအုပ်စုထဲမှာသူတို့ရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ ကြံဖွတ် အမာခံတွေ ပါတယ်။စွမ်းအားရှင်ဆိုတာတွေ ပါတယ်။ အေးလွင်တို့၊ ၀ံသာနု NLD တို့၊ အလံနီပျက်တို့လို အရိုးအရင်း ကိုက်နေရတဲ့သူတွေ ပါတယ်။ စစ်အစိုးရနဲ့ အကျိုးစီးပွါးချင်း ဆက်စပ်နေတဲ့ စီးပွါးရေးသမားတွေ ပညာရှင်တချို့လည်း ပါတယ်။ ဒီ တတိယအုပ်စုဟာ အနည်းစု ဖြစ်ပေမယ့်လက်ရှိအခြေအနေမှာ ကျန်တဲ့ ပထမနဲ့ ဒုတိယအုပ်စုကို ထိမ်းချုပ်ထား ဖိနှိပ်ထားနိုင်တယ်။ ဒါ့ကြောင့် ဒီ အုပ်စုရဲ့အင်အားကို ရအောင်အသုံးပြုကြရမှာ ဖြစ်တယ်။


နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကေဒါတွေဟာ ကိုယ်ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိနေတဲ့ လူထုထဲက အနည်းစုဖြစ်ပေမယ့် နိုင်ငံရေးအရနိုးကြား တက်ကြွတဲ့ အုပ်စုဖြစ်တဲ့ ပထမ အုပ်စုထဲက ထက်သန်ပြီး၊ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ စည်းရုံးမှုကိုပထမဦးဆုံး လုပ်ဆောင်ရပါလိမ့်မယ်။ သူတို့ရဲ့ အထွေထွေ မကျေနပ်ချက်တွေ၊ ခံစားမှုတွေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်လာအောင် ဖန်တီး ပြောင်းလဲပစ်ရပါမယ်။ လှုပ်ရှားမှုတွေ ရှိနေပြီဆိုရင်လည်း လှုပ်ရှားမှုနဲ့ ပေါင်းစပ်ကြရပါမယ်။ အဲဒါကတော့ကျွန်တော်တို့တွေ လူထုလုပ်ငန်းစဉ်၊ လူထုစည်းရုံးရေး ဘယ်လောက် ကျွမ်းကျင်တယ် ဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့တွေနဲ့ ပထမအစုနဲ့ တသားထဲ ဖြစ်သွားပြီဆိုရင် အဲဒီကတဆင့် လူထုထဲက ဒုတိယအစုကို လက်တွေ့ဆန်တဲ့ နိုင်ငံရေး နိုးကြား တက်ကြွမှုတွေနဲ့ ဆက်စပ်အောင်၊ လှုပ်ရှားမှုတွေထဲကို လက်တွေ့ ပါဝင်လာအောင် ဆက်လက် ကြိုးပမ်းရပါလိမ့်မယ်။ ပြီးရင်တော့ အင်အားစု ၂ ခုပေါင်းပြီး တတိယအုပ်စုအပေါ် အနိုင်ယူနိုင်အောင်၊ တတိယအုပ်စု ပြိုကွဲ ပျက်စီးအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားချက်တခုကတော့ တတိယအုပ်စုထဲက တချို့နဲ့ ပထမအုပ်စုနဲ့ ပေါင်းစည်းနိုင်တဲ့ လမ်းကြောင်းတချို့ ရှိနေတာပါပဲ။ အဲဒီအခြေအနေဟာ သိတ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။


သို့သော်လည်း တခါတလေကျရင် လူထုဟာ မခံနိုင်တော့တဲ့အဆုံး တိုက်တွန်းဦးဆောင်မှု မပါဘဲ သူ့ဘာသာသူ လှုပ်ရှားမှုကို စုရုံးဖေါ်ဆောင်သွား၊ ခေါင်းဆောင်သွားတတ်တယ်။ လက်ရှိ မြန်မာပြည် အခြေအနေကလည်း မကြာခဏဆိုသလို အဲဒီလိုမျိုးတွေ ဖြစ်လာတတ်တဲ့အခြေအနေတွေမျိုှးတွေ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီ အုံကြွလှုပ်ရှားမှုတွေဟာ အဆင်မသင့်ရင် (ဒါမှမဟုတ်) အလိုအလျှောက် ပေါ်လာခဲ့တဲ့ခေါင်းဆောင်မှု အားနည်းခဲ့ရင် အခုလောင်၊ အခုငြိမ်းတဲ့ ကောက်ရိုးမီးလိုမျိုး ဖြစ်သွားတတ်ပါတယ်။ တခါတလေကျတော့လည်း ရှေ့ကိုတဆင့်မတက်ပဲ တန့်နေတတ်တဲ့ေ၀၀ါးမှုတွေ ကြုံတတ်ပါတယ်။ အဲဒီလို အခြေအနေတွေမှာဆိုရင် ရန်သူက အလွယ်တကူ ဖြိုခွင်းသွားနိုင်တယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေ၊ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို ရောက်သွားဖို့၊ နောက်ထပ်အခြေအနေ ပေးတာနဲ့ တိုက်ပွဲအဆင့်ကို့ချက်ခြင်း တက်လှမ်းဖို့ဆိုရင် လှုပ်ရှားမှုထဲမှာ စနစ်ကျတဲ့ ဦးဆောင်မှု ရှိနေဖို့ လိုပါတယ်။


ဒီနေရာမှာ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေကိုလည်း မမေ့သင့်ပါဘူး။ တိုင်းချစ် ပြည်ချစ် တပ်မတော်သားတွေနဲ့တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီး ကိုယ့်ကျိုးစီးပွားအတွက် အသုံးပြုနေတဲ့ စစ်အုပ်စုအောက်ကနေ ခွဲ ထုတ်ပြီး လူထုနဲ့ တသားထဲဖြစ်လာအောင် လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသလို အနာဂတ် မြန်မာပြည် အတွက်လည်း အင်မတန်မှ အရေးပါ ပါတယ်။ နောက် သူတို့ဟာ စစ်အာဏာရှင်သက်တမ်းတလျှောက်လုံးအောက်မှာ လူထု့နဲရော နိုင်ငံရေးသမားတွေနဲ့ရော အမြဲတမ်း သွေးခွဲထားခဲ့တာကို ခံ ခဲ့ရတာပါ။ ဒါ့ပြင် တင်းကြပ်တဲ့ စစ်စည်းကမ်းတွေ အတင်း ရိုက်သွင်းထားတဲ့ အတွေးအခေါ်တွေနဲ့မို့ သူတို့ ကိုယ့်ဖက်ပါအောင် စည်းရုံးသိမ်းသွင်းရေးဟာ ပါးနပ်ပြီး အထူး စိတ်ရှည်ဖို့ လိုပါတယ်။.အဲဒီအတွက် အထူး သီးသန့်လုပ်ရပါမယ်။ ဒီနေရာမှာ မြေအောက်လုပ်ငန်းနဲ့ စစ်ရေးအမြင်တွေမှာ တူညီနေတဲ့ အချက်တခု ရှိပါတယ်။ စစ်ပွဲနဲ့ စစ်မြေပြင်မှာ ရန်သူကိုအနိုင်ယူနိုင်တဲ့ နည်လမ်း နှစ်မျိုးရှိပါတယ်။ ရန်သူရဲ့အင်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အလုံးစုံ ချေမှုန်းဖျက်ဆီးပစ်နိုင်ရင် အနိုင်ရပါတယ်။


ထို့အတူပဲ ရန်သူရဲ့ ကာကွယ်နိုင်တဲ့အင်အား၊ စွမ်းရည်တွေကို အလုံးစုံ ချေမှုန်း ဖျက်ဆီးပစ်တာ မဟုတ်ပဲ ထိမ်းချုပ်နိုင်၊ ဖြိုခွဲနိုင်၊ ဖယ်ရှားနိုင်ခဲ့ရင်လည်း စစ်နိုင်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ကို လူထုဘက် ရပ်လာနိုင်အောင် လုပ်ဖို့က အရေးပါ ပါတယ်။ တကယ် ထိပ်တိုက်တိုးတဲ့အခါမှ စည်ရုံးရေး လုပ်လို့မရပါဘူး။ အစောကြီးထဲက ပြင်ဆင်ထားရပါလိမ့်မယ်။


လူထုမှ သည် လူထုဆီသို့


လူထုစည်းရုံးရေး၊ လူထု လုပ်ငန်းစဉ်တခုကို အကောင်အထည် ဖေါ်တော့မယ်ဆိုရင် လူထုမှသည် လူထုဆီသို့ ဆိုတဲ့ဆောင်ပုဒ်တော့လိုအပ်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အဲဒီအခြေခံပေါ်ကပဲ စဉ်းစား လုပ်ကိုင် ဆုံးဖြတ်ရင် အောင်မြင်တဲ့ လူထုစည်းရုံးရေး၊ လူထုလုပ်ငန်းစဉ်ဖြစ်လာနိုင်ပါတယ်။

လူထုဟာ အမျိုးမျိုး အထွေထွေ ဖြစ်နေမှာပါ။ ဒါတွေကို အထူုး နားလည်ထားဖို့လိုပါလိမ့်မယ်။ နောက်တချက်က လူထုဟာ လိုအပ်တဲ့အချိန်မှာ ကြိုက်သလို သုံးနိုင်အောင့် ဖွဲစည်းထားတဲ့ အရံစစ်တပ် မဟုတ်ပါဘူး။ ဒီနေရာမှာ အခြေအနေတခုကို ရောက်လာလို့ ငါတို့လှုံ့ဆော်ပေးလိုက်ရင် လူထုကြီးဟာ ၀ုန်းခနဲ ထလာမယ်။ ငါ့နောက်က ပါလာမယ်လို့ တချို့နိုင်ငံရေးသမားတွေက ထင်နေတတ်တယ်။လူထုဟာ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လူထုကို အမိန့်ပေးလို့ မရပါဘူး။ လူတိုင်းမှာ ကွဲပြားတဲ့ အကျိုးစီးပွား၊ အမြင်သဘောထားတွေကိုယ်စီ ရှိကြပါတယ်။ ကျြေငြာချက်တွေ ထောင်သောင်းချီထုတ်ပြီး လူထုကို လှုပ်ရှားမှုထဲလာဖို့ခေါ်လို့ မရပါဘူး။ သူတို့ အကျိုးစီးပွါးနဲ့ထပ်တူမကျရင် (ဒါမှမဟုတ်) လူထုက နိုင်ငံရေးထဲမှာ တက်တက်ကြွကြွ စိတ်ဝင်စားမှု မရှိရင် ဘယ်သူကပဲ ဘယ်လို ခေါ်နေ ခေါ်နေ၊လူထုက မပါပါဘူး၊ မလာပါဘူး။


လူထုနဲ့ လက်တွေ့နိုင်ငံရေးကို ပေါင်းစပ်နိုင်ဖို့ဆိုရင် ကြဲကွဲပြီး အမျိုးမျိုးအထွေထွေ ဖြစ်နေတဲ့ လူထုရဲ့အမြင် သဘောထားတွေ၊ အထွေထွေတောင်းဆိုချက်တွေကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ပေါင်းစပ်နိုင်ရပါမယ်။ ပေါင်းစပ်တတ်ရပါမယ်။ ဒါ့ကြောင့် လူထုကိုဦးဆောင်မယ့်၊ လှုပ်ရှားမှုကို လုပ်ကိုင်မယ့် အစုအဖွဲ့တွေအနေနဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူထုရဲ့အသံကို နားထောင်ရပါမယ်။ လူထုရဲ့အသံကိုလည်း နားမလည်၊ လူထုနဲ့လည်း လက်တွေ့ပေါင်းစပ်နိုင်အောင် မလုပ်နိုင်ရင်တော့ ဘယ်လောက်ပဲ ကြိုးစား အားထုတ် ထုတ်၊လူထုလှုပ်ရှားမှု ဖြစ်မလာပဲ လူတစုရဲ့ လှုပ်ရှားမှုသာဖြစ်ပြီး အားထုတ်မှုသည်လည်း အချည်းအနှီး ဖြစ်သွားတတ်ပါတယ်။


ဒီနေရာမှာ ဘယ်လို စုစည်း စည်းရုံးလို့ ရနိုင်မလဲ ဆိုတာကတော့ လူထု စည်းရုံးရေးနဲ့ လူထု လုပ်ငန်းစဉ် နည်းလမ်းတွေကို ဘယ်လောက်နားလည် ကျွမ်းကျင်သလဲ၊ ယေဘုယျ အထွေထွေ လှုံဆော်ချက်တွေကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ဘယ်လို ပေါင်း စပ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါ့အပြင် လူထုကို ဦးဆောင်မယ့်သူ ကေဒါတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ကိုယ်တိုင် လူထုကိုဘယ်လောက် ယုံကြည်ကိုးစားမှု ရှိတယ်၊ လူထုရဲ့အသံကို ဘယ်လောက်အထိ နားထောင်တယ်၊ လူထုနဲ့ တသားထဲကျနေတယ် ဆိုတဲ့အချက်တွေက သူတို့ရဲ့ စည်းးရုံးရေး အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ လူထုကို တကယ်ဦးဆောင်နိုင်တဲ့ သူ ဟုတ်၊ မဟုတ် ဆိုတဲ့ အရည်အချင်းကိုလည်း စစ်ဆေးပါလိမ့်မယ်။


အဲဒီလို အရည်အချင်းတွေရှိလာအောင် လူထုကြားထဲမှာနေပြီး လူထုဆီက ပြန်လည် သင်ကြားရမှာပါ။ လူထုမှသည် လူထုဆီသို့ ဆိုတဲ့နည်းနဲ့ပဲ သင်ကြားပြီး ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ရမှာပါ။ ဒီနေရာမှာ နိုင်ငံရေးစကားလုံးအကြီးကြီးတွေ ပြောနေလို့ကတော့ အလုပ်မဖြစ်ပါဘူး။ ရန်သူလည်း မရိပ်မိရလေအောင် ရိုးရိုးကုပ်ကုပ်နဲ့ သာမာန်လို နေထိုင်၊ ကိုယ့်ပတ်ဝန်းကျင်က သာရေးနာရေးကိစ္စတွေမှာ ပါဝင် ဆောင်ရွက် ဒီလိုနဲ့ပဲ လူထုနဲ့တသားထဲဖြစ်အောင် လုပ်နိုင်သလို၊ ကိုယ်ရဲ့ လူထု စည်းရုံးရေးနဲ့လက်တွေ့ ပေါင်းစပ်ရေးတွေကို ပြုစု ပျိုးထောင်သင်ကြားနိုင်ပါတယ်။


ဥပမာ ကိုယ့်ပတ်ဝန်းကျင် ရပ်ကွက်ထဲ၊ လမ်းထဲမှာ ဖြစ်ပျက်နေတဲ့ လမ်းခင်း တံတားခင်း၊ မီး၊ ရေ၊သန့်ရှင်းရေး စသည်ဖြင့် ပြဿနာမျိုးစုံကိုကိုယ့်ပတ်ဝန်းကျင်က ဘယ်လို ထင်နေကြလဲ၊ သူတို့ ဘယ်လို ဖြေရှင်းဖို့ကြိုးစားနေကြလဲဆိုတာကို နားထောင်ပြီး သူတို့ ဆိုလိုချင်တဲ့အချက်တချက်ချင်းစီကို သေချာ လေ့လာ စိစစ်သင့်ပါတယ်။ ဒီ့နောက် အဲ့ဒီအချက်တွေကို ပေါင်းစပ်ပြီး လက်တွေ့ ဖြစ်နိုင် လုပ်နိုင်တာကိုပတ်ဝန်းကျင်မှာ ပြန်ပြီး ချပြ ပြောပြ၊ ပြီးရင် ကိုယ် ချပြ ပြောပြထားတဲ့ အချက်တွေကို ဘယ်လို တုံ့ပြန်ကြလဲဆိုတာနားထောင်၊ ပြန် သုံးသပ်။မှားရင် မှားနေလိမ့်မယ်၊ ပြဿနာ မရှိပါ။ တုံ့ပြန်ချက်တွေကို ပြန်ပြီး စိစစ် အမှားကို ပြင် လိုအပ်တာကို ဖြည့်စွက်ပြီး ပြန်ပြီး ချပြ ပြောပြ၊ ပြီးရင် ပြန်နားထောင်၊ ကြောင်လိမ်လှေခါး တက်သလိုပါပဲ တ၀ိုင်းပြီး တ၀ိုင်း၊ တဆင့်ပြီးတဆင့် တက် လာပြီး နောက်ဆုံးမှာ လူထုနဲ့ တသားထဲကျနေတဲ့ လက်တွေ့လုပ်ငန်းစဉ်တခု ဖြစ်လာလာပါလိမ့်မယ်။ ဒီလိုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူထုအကြောင်း၊ သူတိုရဲ့ သဘောသဘာဝတွေကို ပို သိလာနိုင်သလို သူတို့ဘက်ကလည်း ကိုယ့်ကို သူတို့နဲ့ တသားထဲရှိနေသူအဖြစ် အသိအမှတ် ပြုလာပါလိမ့်မယ်။ ဒါ့အပြင် သူတို့ တွေ ကြားထဲမှာ ကြဲကွဲနေတာတွေကို လက်တွေ့အဖြစ် ဘယ်လို ပေါင်းစပ်ပေးနိုင်တယ်ဆိုတဲ့အသိလည်း တဖြည်းဖြည်းနဲ့တိုးလာပါလိမ့်မယ်။

ဒီနေရာမှာ အထူးသတိပြုရမှာကတော့ အချိန်မရောက်သေးခင်မှာ အာဏာပိုင်တွေနဲ့ထိပ်တိုက် မတွေ့မိစေဖို့၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာကို မရိပ်မိစေဖို့အရမ်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ဘာကိုပဲ လုပ်လုပ် အချိန်မရောက်သေးခင်မှာ သူတို့ရဲ့ ဥပဒေဘောင် အတွင်းမှာ ပဲရှိနေပါစေ။


အပျော်သဘော မဆန်ပါစေနှင့်


မြေအောက်လုပ်ငန်းဆိုတာ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်လို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ခိုင်မာတဲ့ မြေအောက်လိုင်းတစ်လိုင်းဖြစ်ဖို့ကို အချိန် ဘယ်လောက် ကြာအောင် တည်ဆောက်ရတယ်ဆိုတာကို မြေအောက်လှုပ်ရှားမှုနဲ့ နီးစပ်သူတိုင်း သိကြမှာပါ။ ဒါကြောင့်အပျော်တမ်း မဆန်ဖို့၊ မလိုအပ်တဲ့ စွန့်စားမှုတွေ မလုပ်စေချင်ပါဘူး။ ခက်ခက်ခဲခဲ တည်ဆောက်ထားရတာတွေကို အကြောင်းမဲ့အလွယ်တကူ မဖြုန်းတီးပစ်သင့်ပါဘူး။ အဲဒါကတော့ အောက်ခြေပိုင်းက ကေဒါမှာရော၊ အပေါ်ပိုင်းက ဦးဆောင်သူရော သတိထားရမယ့်အချက်တွေ ဖြစ်ပြီး ဦးဆောင်တဲ့သူက ပိုပြီး သတိထားသင့်ပါတယ်။


ဒါကြောင့် ဦးဆောင်မှုအပိုင်းရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲနေမှုအခြေအနေကို အကဲဖြတ်မှုဟာ အရမ်း ကို အရေးပါပါတယ်။ ဘယ်အချိန်ဘယ်အနေအထားဟာ တိုက်ပွဲ ဖေါ်ရမယ့် အချိန်၊ ဘယ် အချိန်ဟာ အင်အားတည်ဆောက်ရမယ့် အချိန်၊ ဘယ်အချိန်ဟာ ရေရှည်မြှုပ်နှံရမယ့် အချိန် ဆိုတာကို အစောကြီးကတည်းက တွက်ချက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ် ဖေါ်ဆောင်မယ့် လှုပ်ရှားမှု၊ လုပ်ငန်းစဉ်တွေရဲ့ ထိရောက်မှု နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း သေသေချာချာ သုံးသပ်သင့်ပါတယ်။ ဥပမာ ရေရှည် မြှုပ်နှံပြီး အင်အားတည်ဆောက်ရမယ့် သာမာန် ငြိမ်သက်နေတဲ့ အချိန်မျိုးမှာ ရုံးတွေ၊ ကျောင်းရှေ့တွေမှာ စာကပ်တာထက် အဲဒီကျောင်းထဲ၊ ရုံး အလုပ်ထဲမှာကိုယ်ရဲ့ တပ်သားတယောက် ထည့်ထားနိုင်တာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လှုပ်ရှားမှုကြောင့် တခြား အဖွဲ့အစည်းတွေ၊ အထူးသဖြင့် တခြားအဖွဲအစည်းတွေက မြေအောက်လုပ်ငန်း လုပ်နေသူတွေကို မထိခိုက်ဖို့ အထူးသတိပြုရသလို သူတို့က ကိုယ့်ကို လာပြီးမထိခိုက်ဖို့ကိုလည်း အင်မတန် ဂရုစိုက်ရပါလိမ့်မယ်။
မြေအောက်လှုပ်ရှားမှု လုပ်နေတဲ့ ကေဒါတွေရဲ့ နိုင်ငံရေး၊ စည်းရုံးရေး အရည်အသွေးတွေ အစဉ် တိုးတက် ထက်မြတ်နေဖို့အင်မတန်မှအရေးပါပါတယ်။ ဒီလို ဖြစ်နေအောင်လည်း အမြဲမပြတ် လေ့လာရေး တွေကို ပြုလုပ်၊ဖန်တီးပေးနေရပါမယ်။ နောက်ပြီး ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ တချို့ ကေဒါအသစ်တွေရဲ့ အရမ်းကာရော တက်ကြွမှုကို လိမ်မာပါးနပ်စွာ ထိမ်းသိမ်းကိုင်တွယ်တတ်ဖို့ လိုပါလိမ့်မယ်။ ကေဒါသစ် တယောက်ကို အတွင်းစည်းထဲမှာ လက်မခံခင် အောက်ခြေအဆင့်တွေမှာ အချိန်ကာလတခုထိ အမျိုးမျိုး စမ်းသပ် စစ်ဆေးပြီးမှ လက်ခံသင့်ပါတယ်။ မြေအောက်လုပ်ငန်းကို လူများရင်ပြီးရော ဆိုပြီး လုပ်လို့မရပါဘူး။ ပေါ်ပြူလာလုပ်ငန်း မဟုတ်သလို၊ အပြလုပ်တဲ့ လုပ်ငန်းလည်းမဟုတ်ပါဘူး။ ရန်သူရဲ့အသည်းနှလုံးထဲကို ရန်သူကိုယ်တိုင် မသိအောင် ဓါးဝင် စိုက်ထားရတဲ့ အလုပ်မျိုး ပါ။ အင်အားကြီးပြီး ကြိုတင် ပြင်ဆင်မှုလည်း ရှိနေတဲ့ ရန်သူနဲ့ရင်ဆိုင်နေရတာဖြစ်လို့ ကိုယ့်ဘက်ကလည်း စနစ်တကျ ကြိုတင်ပြင်ဆင်မှုရှိဖို့ ၊ ညီညွတ်ဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့လိုအပ်ပါတယ်။ ဒါမှလည်း ဟန်ချက်ညီညီနဲ့ တော်လှန်ရေး အနုပညာကို လှလှပပ ကပြ တင်ဆက်နိုင်မှာ ဖြစ်ပါကြောင်း။
ဇောင်ဂရန်ဆစ် (N.T)__

0 comments:

Post a Comment

Followers