18 May, 2010

လည်ပြန်ငေးမှ ပြန်မြင်ရသည်




ကျနော်ငယ်ငယ်တုန်းက စာသိပ်ဖတ်ခဲ့တယ်။ လူကစာသိပ်ဖတ်ပေမယ့် ဂျွတ်ဆတ်ဆတ် ၊လက်ယဉ်ယဉ်၊ ထောင့်သိပ်မကျိုးတဲ့ လူပေါ့။
တကယ်တန်းကျနော့်မှာ သူငယ်ချင်းတွေ ဒုနဲ့ဒေးရှိခဲ့ပေမယ့် ရွယ်တူသူငယ်ချင်းတွေဟာ ကျနော့်အတွက်
စကားပြောဖော်ဖြစ်ခဲ့တဲ့ကောင် များများ မရှိခဲ့ဘူး။

လက်ဖက်ရည်ဆိုင်တူတူထိုင်ဖော်ထိုင်ဖက်ဖြစ်တာပဲများတယ်။လက်ဖက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်ဆိုတာကလည်း ဒီလိုပါ။
ကျနော်ဟာ ကိုယ့်လက်ဖက်ရည်ဖိုးကိုယ်ပေးနိုင်တဲ့ကောင်မဟုတ်ခဲ့ဘူး။ လက်ဖက်ရည်ဖိုး မပေးနိုင်တော့ ကိုယ့်ဟာနဲ့ကိုယ်ဆို လက်ဖက်ရည်ဆိုင်ဖက်မသွားဘူးပေါ့ဗျာ။
 
ဒါပေမယ့် အားလုံးက တက်သစ်စ ဆယ်ကျော်သက် တွေချည်ပဲကိုး။ ဖိုသတ္တ၀ါတို့ ရဲ့ ဟိုမုန်းသိပ်ကြွယ်ဝတဲ့ကာလဆိုတော့ ၊ မြို့ပေါ်က ရှပ်ပြာ လူးစိန် စပ်စလူးလေးတွေကလဲ
စက်ဘီးကလေးတွေကိုယ်စီနဲ့ ညနေ ညနေ ကျူရှင်ဖြုတ်ချိန်ဆို အိမ်တန်းမပြန်ပဲ မြို့လည်မှာစက်ဘီးနဲ့ တပါတ်လောက်တော့လှည့်ပြီး ဟန်ရေးပြရမှ လူကြည့်ခံရမှသူတို့မှာ
ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ မာနရေချိန်လေးမြှင့်ရတာကိုး။ ခုတော့လဲ အဲဒီ စပ်စလူးလေးတွေ ထဲက အထက်တန်းပညာရေးမဆုံးခင်လေးနဲ့ လင်နောက်လိုက်ပြေးကြသူတွေထဲက လဲ
ကလေးသုံးလေးယောက်အမေတွေဖြစ်လို့ သူတို့ သားသမီးတွေတောင် တချို့ကောလိပ်တက်နေကြပါပြီ။

အဲသလို မြို့ကလေးရဲ့ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေ နွေခေါင်ခေါင်လှည်းလမ်းကြောင်းဖုံထူထူပေါ်မှာ အဖြူရောင် ခြင်ထောင်ဇာလို စကပ်ကြီးဝတ် ၊ ထိပ်ဦးက ချွန်ထက်နေတဲ့
လေဒီရှူးအဖြူရောင်ကိုစီးပြီး နှုတ်ခမ်းနီ ပါးနီတွေအပြတ်ချယ်သပြီး မိချောင်းတံဆိပ်စက်ဘီးတို့  ပန်းကမ္ဘာစက်ဘီးတို့နဲ့ ခြေကလေးခွင်ခွင်ပြီး ဟန်ရေးပြရင်း မြို့ထဲ ထွက်ထွက်နင်းကြတဲ့
အပျိုတွေကလဲ အများကြီးဗျ တချို့ဆို ဂျပန်လိုနိုင်ငံမှာတောင်ရောက်နေကြပြီ။ လင်နဲ့သားနဲ့ဖြစ်ကုန်ကြပြီပေါ့ဗျာ။

မြို့မှာလွတ်လပ်ရေးနေ့ပွဲ အတွက် စတိတ်ရှိုးတွေ က စပြီးသီချင်းတိုက်ကြပြီဆိုလဲ သူတို့တွေ က အကဲသားဗျ။ စင်ပေါ်တက်ချင်ကြတာကိုး။ ကျနော်တို့ကလည်း တီးဝိုင်းတစ်ဝိုင်းရှိတယ်။
ကျနော်ကတော့တခါမှမဆိုခဲ့ဖူးပါဘူး။ သီချင်းတပုဒ်ဆိုဖို့ ငွေနှစ်ရာ ထည့်ဝင်ရတာကိုး။ ငွေနှစ်ရာဆိုတာကျနော့်အတွက်က ဘယ်လိုမှအိပ်မက်မက်လို့ မဖြစ်နိုင်တဲ့ ပမာဏကြီးဖြစ်နေတယ်လေ။
တဖက်ကလည်း ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို လိုအပ်ပြန်တာကလည်းရှိတယ်။ ဒီကောင်တွေက ဂစ်တာကို သေချာ ဂီတသင်္ကေတနဲ့မတီးတတ်ကြပြန်ဘူး။
ဒီတော့ကျနော့်အလုပ်က သူတို့နဲ့ ဆိုမယ့်သီချင်းတွေကို ကက်ဆက်နဲ့နားထောင် ၊ တပိုဒ်ခြင်းပေါ့ဗျာ ပြီးတော့ မှ တီးသွားတဲ့ လိဒ် တို့ ၊ ကီးဘုတ်ဝင်သွားတာတို့ ကို ပြန်ပြီး
စာရွက်ပေါ်မှာ ၀မ်းတူးသရီး(ဒိုရေမီဖာစသဖြင့်)နုတ်စ်နဲ့ ပြန်ရေးပေးရတဲ့အလုပ်ဗျ။
စတန်းဒတ်နိုတေးရှင်း ဂျီ ကလစ်ဖ်တို့ ဘာတို့ နဲ့ဆို သူတို့ ဘယ်ဖတ်နိုင်မလဲဝေလာဝေးပေါ့ဗျာ ။
 အဲဒီလို ကျနော်က လုပ်ပေးတော့ သူငယ်ချင်းတွေကလဲ ကျနော့်ကို ဂီတမှူးဆိုပြီး ခန့်တယ်ဗျတခါမှစင်ပေါ်တက် ပြီး မိုက်ခွက် မကိုင်လိုက်ဖူးတဲ့ဂီတမှူးပေါ့ဗျာ။
  စင်ပေါ်တက် ပြီး ဘောင်းဘီရှည်နဲ့  ဂစ်တာကို ကိုင်တော့မယ်ဆိုကတည်းက လေးရာထည့်ရတော့မှာဆိုတော့ ဘယ်တတ်နိုင်မတုန်းကျနော့်အတွက်က။
သူငယ်ချင်းတွေကအ တီးတော့ကောင်းသားဗျ၊ ကိုယ်ပိုင်လျှပ်စစ်ဂစ်တာတွေရှိကြတာကိုး။ကျနော့်မှာက ၀တ်ဘို့ဘောင်းဘီရှည်တောင်မှ ကျနော့်အဘိုး ၀တ်ခဲ့တဲ့ ဘီအိုင်အေခေတ်က စစ်ရောင်သက္ကလပ်
ဘောင်းဘီကြီးပဲရှိတာကိုး ။ ရှိုးထုတ်ဖို့ ဆိုတာ အင်မတန်ဂွကျတဲ့ကိစ္စဗျ။ တခါတလေများ မြို့လည်ဖက် ကို လမ်းလျှောက်ပြီးသွားတုန်း စီးနေတဲ့သားရေဖိနပ်က အကြင်နာကင်းကင်း နဲ့ လူကို ပြတ်ပြတ်စဲစဲလုပ်လာပြီဆိုရင်
ဖိနပ်ကလေးခါးထိုးပြီး အိမ်ဖက်ပြန်လာ၊ တူကလေးနဲ့ ပလိုင်ယာကလေးနဲ့ သံမှိုလေးတွေနဲ့ကိုယ့်ဟာကိုယ်ပြန် ထုနှက် ချုပ် ပြင်ပြီးတော့ စီးရတာ။
 အဲသလို ဖိနပ်များ ပြတ်သွားချိန်မှာ ကံများ မကောင်းရင်တော့စောစောကလိုဟန်ရေးပြနေတဲ့ငနဲမလေးတွေစက်ဘီးဖြတ်နင်းလာတာနဲ့ကြုံပြီဆိုလို့ ရှိရင်များ ၊
ဂေါ်သဇင်တွေလှိုင်လှိုင်ပွင့်တတ်တဲ့ဆောင်းတွင်းမနက်ကြီးတွေမှာတောင် ချွေးက ပျံတာများ ပေါင်ကြားထိ စီးသွားမယ်ဗျို့။

ထားပါတော့လေ စောစောက လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်ဖိုးမပေးနိုင်ပဲရောက်ရောက်သွားရတဲ့အဖြစ်ကတော့ ဒီလိုဗျ။
ဟန်ရေးပြနေတဲ့စကပ်တဖားဖားကောင်မလေးတွေကို ဂျင်းဘောင်းဘီတကားကားနဲ့ ကျနော့်သူငယ်ချင်းများက မေတ္တာစာကမ်းချင်သကိုး။ ဒီတော့ ကျနော်ကသူတို့ရဲ့မေတ္တာစာကို ပင်တိုင်ထိုင်ရေးပေးရတဲ့အလုပ်ကို
အလိုလိုရသွားတော့တာပေါ့ဗျာ။ အဲသလို ဖောက်သည်တွေသိပ်များလှတော့လဲ ကျနော် လက်ဖက်ရည်ဆိုင်ကို ကိုယ့်ငွေနဲ့ ကိုယ်မထိုင်နိုင်ပေမယ့် ကပ်သောက်ရတယ်ဆိုတာမရှိလှပါဘူး ။

ဒါပေမယ့်အဲသလိုမဟုတ်တဲ့သူငယ်ချင်းတယောက်ကတော့ အရင်းအချာထဲကအရင်းအချာပေါ့ဗျာ ၊ သူကတော့ အမြဲ တန်း အိမ်လာပြီး ကျနော့်ကို လက်ဖက်ရည်ဆိုင်သွားဖို့ ခေါ်သလိုသူပဲ အိပ်စိုက်တိုက်တယ်ဗျ။
ဒီကောင်က လူတော်လူကောင်းဗျ။ စာလဲသိပ်ဖတ်တယ်။ ဒါပေမယ့်သူ့မှာ နာခံတတ်တဲ့စိတ်ကပိုများတယ် ။ ကျနော်နဲ့ကွာသွားတာအဲဒီအချက်ပဲ ။
 ကြောက်ဖို့ ကောင်းတဲ့တချက်ကတော့ လောကကြီးကကိစ္စအားလုံးကို စမ်းသပ်ချင်တဲ့စိတ်သူ့မှာရှိတယ်။
ကျနော်ကတော့အဲသလိုမဟုတ်ဘူး။သိပ်များများစားစားကို လိုက်စိတ်မ၀င်စားဘူး ။ စာဖတ်တယ် ။ တယောက်ထဲ သိပ်ညဥ့်နက်ချိန်တွေမှာမှ အမှောင်ထဲမှာဂစ်တာတီးတယ်။ အဲဒီလိုဂစ်တာတီးချိန်တွေမှာ ၀ါကျင့်ကျင့် လမ်းမီးတိုင်ဘေးကအုန်းလက်ကိုင်းတွေလေတိုက်တိုင်း ယိမ်းပြီး အရိပ်တွေမှောင်သွားလိုက်လင်းသွားလိုက်နဲ့ မြင်ကွင်း ကြားထဲက ဖြိုးဖြိးဖျောက်ဖျောက် ကြယ်ကလေးတွေကိုမော့ကြည့်မိတိုင်း လူငယ်တယောက်ရဲ့ ဘာမှန်းမသိတဲ့အနာဂါတ်ကို ကျနော့်လက်ကျနော့်ခြေ နဲ့ဖန်တီးယူချင်စိတ်ကိုတောင့်တခဲ့ဖူးတယ်။

ကျောင်းပိတ်ရက်တွေမှာဆို ကျနော်ဟာ ဘုန်းကြီးကျောင်းမှာရှိနေတတ်တယ်။ ဘာသာရေးသိပ်ကိုင်းရှိုင်းလွန်းခဲ့လို့ တော့မဟုတ်ဘူး။
ဘုန်းကြီးကျောင်းဆိုတာ အင်မတန်မှ ဆီဦးထောပတ်နဲ့ ၀က်သားတုံးကြီးတွေများ အိစက်ညက်ညောအဆီဝင်းနေလို့။
ကြက်သား ဟင်းနံ့များဆို ခုထိတောင်တွေးရင် သွားရေ ယိုရတုန်း ဗျ။    အဲဒီတော့ ကျောင်းပိတ်ရက်များမှာ ဘုန်းကြီးကျောင်းမှာ နေ့လည်စာ ညစာ သွားဝါးတယ် သိမ်ထဲမှာ တရေးတမောနှပ်တယ်။ ညနေဆို ငြိမ်းချမ်းရေးစေတီလေးဘေးကရေတွင်းကြီးမှာရေချိုးတယ်။ အဲသလိုရေချိုးရင်းများ ဘုန်းကြီးကျောင်း ၀န်းကျင်က ညီအမတွေကို လှမ်း လှမ်း ငန်းရတာလဲ အမောပါပဲဗျာကြိုက်လို့ ချစ်လို့ များလားဆိုတော့လဲ ဟုတ်သေးဘူးဗျ
ရိုးရိုးမျက်စိအရသာ ခံယုံလောက်ပါပဲလေ။

အဲဒီဘုန်းကြီးကျောင်းမှာက ပိတ်ရက်တွေဆို များသောအားဖြင့်တရား ပွဲတွေ အဘိဓမ္မာဆွေးနွေးပွဲတွေ ရှိတတ်တယ်ဗျ။
တနေ့တော့ ဗိုက်ခွေးနမ်းလောက်အောင် မျိုဆို့ပြီး ဆရာတော် စွန့် ထားတဲ့ မုန့် ဘိုးနဲ့ကွမ်းယာလေးတစ်ရာဝယ်ပြီး ငြင်းခုန်ဆွေးနွေးနေကြတဲ့ ကျနော်တို့မြို့က လူ့ဂွစာလို့ လူအများယူဆကြတဲ့အဘိုးကြီးတွေအုပ်ထဲ အသာလေး ကွမ်းမြုံ့ရင်းသွားထိုင်နားထောင်နေမိတယ်ဗျ။
အဲဒီမယ် ငြင်းကြခုန်ကြပြောကြကိုးကားကြနဲ့ပေါ့ဗျာ ။ ဂေါတမဘုရားရှင်ရဲ့ တရားတော်တွေပါ ။ သီဟိုဠ်ဆရာတွေက ဘုရားရှင်ရဲ့တရားတွေကိုနောက်ပိုင်းမယ် ဘယ်လို ဘယ်နည်းကွန့် တာ ဖြစ်တယ် စသဖြင့်ပေါ့။ အဲသမှာ တောင်တွင်းက အဘိုးကြီးတစ်ယောက် ပြောခဲ့တဲ့ပုံပြင်လေးကို ခုထိအမှတ်ရစရာတွေဖြစ်လာစေတဲ့အကြောင်းတွေက ရှိတုန်းမို့ပြောရဦးမယ်ဗျ။

ပုံဝတ္တုကလေးကတော့ဒီလို

တခါတုန်းက တော်တော့်ကိုအေးချမ်းသာယာတဲ့ကျေးရွာကလေးတစ်ရွာရှိသတဲ့ဗျ။ အဲဒီရွာကလေးဟာချောင်းနဖူးမှာ တည်ရှိပြီး မြို့ကိုသွားမယ်လာမယ်ဆိုရင်ဖြင့် ရွာသူရွာသားတွေဟာ အဲဒီချောင်းကူးတံတားကလေးကပဲကူးပြီးသွားလာကြရသတဲ့။
အချိန်ကာလအားဖြင့်ကလည်းမိုးတွင်းဖြစ်နေတော့ လယ်ယာလုပ်ငန်းခွင်တွေနဲ့အလုပ်တွေလဲများနေကြတာပေါ့ဗျာ။ အဲဒီရွာမှာသိပ်ပြီးကျပ်မပြည့်တဲ့ သူတယောက်ရှိသတဲ့ ။ အဲဒီ တယောက်ကို တရွာလုံးက အစကတော့ ချစ်ချစ်ခင်ခင်ပေါ့ဗျာ။သူကလဲ ရွာထဲမှာနွေဆို မီးကင်းစောင့်တာတို့ ဘာတို့ ကို လုပ်ပေးတတ်တဲ့ကင်းသမားတစ်ယောက်ပေါ့ ။

တနေ့သားမှာတော့ အဲဒီဆရာသမားဟာ ဘာမပြောညာမပြောနဲ့ ထပြီးကြမ်းတော့တာပဲဗျို့။  ရွာလည်ကဖြတ်လာတဲ့ ကျောင်းဆရာကို လက်သီးနဲ့ထိုးလိုထိုး ၊
 ဆွမ်းခံထွက်လာတဲ့ကိုရင်တွေကို ခဲနဲ့ ပေါက်လိုပေါက် ၊ ရွာထဲ အပျိုမတွေကို ညနေချောင်းကမ်းပါးရေချိုးဆိပ်မှာ မဖွယ်မရာတွေလုပ်ပြလိုလုပ်ပြနဲ့ပေါ့ဗျာ။

ရွာသားတွေဟာ သည်းညည်းခံနိုင်စိတ်တော့ကုန်သွားပြီဗျဒါပေမယ့်လဲအရူးနဲ့ဖက်ပြီးရန်မဖြစ်ချင်ကြဘူးလေ ။ အဲသလိုနဲ့တနေ့ မှာ အဲဒီအရူး ဟာ ကိုင်းခုတ်ဓါးကြီးထမ်းပြီး ချောင်းကိုဖြတ်ဆောက်ထားတဲ့တံတား ထိပ်မှာရပ်နေသတဲ့ဗျာ။ ပြီးတော့ ၀ါးလုံးတစ်လုံးကို လဲ ကန့် လန့် လှဲချထားရင်း နဲ့ "သတ္တိရှိတဲ့ကောင်ဖြတ်ရဲ ဖြတ်ကြည့်ကွာ ငါ့အကြောင်းသိသွားစေရမယ်"အော်တယ်တဲ့။
ပြီးတော့ အဲဒီနေရာက မရွေ့ တန်း ကို စောင့်နေတာတဲ့ ။ အဲဒီ တံတားနဲ့မနီးမဝေးက ဘုန်းကြီးကျောင်းမှာ ဆာရင်သွားစားတယ် ပြီးရင်ပြန်လာတယ်ပြီးရင်တော့ ထုံးစံအတိုင်း ကိုင်းခုတ်ဓါးကြီးထမ်းပြီး
စောင့်နေတော့တာပဲတဲ့ဗျို့။ အဲသလိုနဲ့ ရွာက လူတွေမှာလဲ မြို့ကိုမသွားရဲ ။ ဆန်ဆီဆေးဝါး ငါးခြောက်ငါးခြမ်းကလေးတွေ မြို့တက်ဝယ်ဖို့ က တော်တော်အခက်အခဲဖြစ် ဘယ်သူမှ လဲ အရူးရဲ့ဓါးနဲ့လည်ပြတ်မှာမခံရဲပေါ့ဗျာ။

အကျိုးနဲ့အကြောင်းနဲ့သွားပြီး အရူးကိုဖျောင်းဖျတော့လဲ အရူး ကဘာပြောလဲဆိုတော့ "ဟောဒီတရွာလုံးရဲ့လုံခြုံရေးကိုအသက်နဲ့လဲပြီး ငါက တာဝန်ယူခဲ့တာကွ။ အဲဒီကျေးဇူးကိုမသိပဲ ငါ့ကို အာခံပြီး ဟောဒီ ၀ါးလုံးကို ကျော်ရဲတဲ့ကောင်ကျော်ကြည့် " လို့ ပဲပြန်ဖြေသတဲ့။အမှန်တော့နေစရာမရှိ လို့ ကင်းတဲ သွားအိပ်နေတဲ့အရူးပါ။ အဲဒီမှာတင် ရွာထဲ က တဆိုင်ထဲသော ကုန်စုံဆိုင်ကလဲ ဈေးတွေတင်လာ၊ ဗိန္ဒောဆရာလဲ မြို့တက်ဆေးမ၀ယ်နိုင်၊ ကျောင်းပိတ်တုန်းရွာပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေလဲကျောင်းပြန်မသွားနိုင်ပေါ့ ဖြစ်နေပုံက ။

အဲသလိုနဲ့ရက်နည်းနည်းကြာလာတော့ ပန်းပဲထုနေတဲ့ ခပ်ပေပေလူတစ်ယောက်ဟာ သည်းမခံနိုင်တော့ဘူး တဲ့ ။
ဒါနဲ့သူတွေးတယ် ဒီကောင် ဘာကောင်မို့ လဲပေါ့။ အရူး ကို လူတွေကလဲ ၀ိုင်းပြီး ကြောက်နေကြတယ်ပေါ့ တွေးပြီးတခါထဲ ခါးတောင်းကိုမြှောင်အောင်ကျိုက်လိုက်တာမှ
ငယ်ငယ်က ၀ဲပေါက်ခဲ့တဲ့အမာရွတ်တွေတောင် တင်ပါးမှာအထင်းသားနဲ့တဲ့ဗျား။

အဲဒါနဲ့ ပန်းပဲသမားဟာ အရူးမျက်နှာကိုစေ့စေ့ကြည့်ပြီး တကယ်လို့ များ အရူးက ကိုင်းခုတ်ဓါးနဲ့ ပိုင်းလာရင်တော့ ၀င်လုံးမယ်ပေါ့လေ အဲသလိုတွေးပြီး သတိနဲ့ အရူး ချထားတဲ့ဝါးလုံးကို ကျော်ပြီး သွားမယ်ပေါ့။ အဲဒီလို ပန်းပဲဆရာက အရူး တားထားတဲ့ဝါးလုံးကိုကျော်ပြီးသွားတော့မယ်ဆိုတာကိုလဲတရွာလုံးကို ပန်းပဲဆရာက ပြောခဲ့လိုက်တော့ အကုန် ၀ိုင်းလာပြီးခပ်လှမ်းလှမ်းက စပ်စုကြတာပေါ့ဗျာ။တချို့အရူး စိတ်ချမ်းသာအောင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့ဖို့ တရွာလုံးကိုတရားချနေတဲ့သူတွေကလဲ  ပန်းပဲဆရာရဲ့အပြုအမူကို အင်မတန်မှမိုက်မဲတဲ့ကိစ္စပေါ့၊ ဘယ်ကျမ်းဂန်အလာအရဆိုဘယ်လိုဘယ့်နှယ်ပေါ့ဗျာ သူတို့က
 ရွာရဲ့ ဘယ်သူမှခန့် မထားတဲ့က၀ိတွေကိုးဗျ။
အဲသမှာပန်းပဲဆရာဟာ စကားများများပြန်မပြောပဲသူ့ ဆုံးဖြတ်ချက်အတိုင်းအရူးဆီရောက်အောင်သွားတော့တာပေါ့။ချောင်းကူးတံတားကိုရောက်တော့
ပန်းပဲဆရာဟာ ၀ါးလုံးကိုကျော်ပြီး အရူးကို "ကဲ ဟေ့ကောင် ငါကျော်လိုက်ပြီ ဘာဖြစ်လဲ ပြောစမ်း"   လို့ နပမ်းဝင်လုံးဖို့ အသင့်အနေအထားနဲ့မေးလိုက်ချိန်မှာ အရူးက "ကျော်လိုက်တော့လဲရောက်သွားတာပေါ့ကွာ" လို့ပြောပြီးဝါးလုံးကို ကောက်ထမ်းရင်း ဆွမ်းကျန်ဟင်းကျန်တွေဝါးဖို့ ဘုန်းကြီးကျောင်းဖက်လှည့်သွားပါလေရောတဲ့ဗျာ။


ခုလဲ ကျနော်တို့ တိုင်းပြည်အခြေအနေက အရူးနဲ့ပူးပေါင်းဆောင်ရွက်ရေး အရူး စိတ်မညစ်ရေး အရူး ဘုံမြှောက်ရေးကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုးတွေ အလုပ်တွေရှုပ်နေကြပုံတွေနဲ့ ဆိုတော့ ကဲလေ..... မိတ်ဆွေလဲ မျက်စိညောင်းလောက်ရောပေါ့ နောက်တပါတ်ကြုံမှပဲကျနော့်ဘ၀ဖြတ်သန်းမှုအစုစုနဲ့တွေ ခဲ့ကြုံခဲ့ ကြားနာ ခဲ့တာလေးတွေကိုဆက်ရေးပါဦးမယ်ဗျာ...။

ခင်မင်လျှက်

ကိုထွေးညို(တမာတန်း)

0 comments:

Post a Comment

Followers