မြင့်မောင် |
တနင်္လာနေ့၊ မတ်လ 16 2009 16:36 - မြန်မာစံတော်ချိန် |
နယူးဒေလီ (မဇ္ဈိမ)။ ။ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ အမည်ရ ပွဲသိမ်းတိုက်ပွဲခေါ် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က နယူးဒေလီမြို့တွင် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ၁၁ ကြိမ်မြောက်ဖြစ်သည့် ယခု မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ထဲတွင် မြန်မာ စစ်အစိုးရ သာမက ပြည်ပအခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရကိုပါ ထည့်သွင်းဝေဖန်မှုများ ပြုလုပ်ထားသည်။ “ဒီနှစ် သံချပ်မှာက သင်ပုန်းကြီးကဏ္ဍထဲမှာ အဝေးရောက် ညွန့်ပေါင်းအစိုးရကို ဝေဖန်ထားတာလည်း ပါတယ်။ ကျနော်တို့ရဲ့ အစိုးရလည်း ဖြစ်တယ်။ သူတို့ကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်” ဟု သံချပ်ရေးသူ ကဗျာဆရာ မြတ်ထက်က မဇ္ဈိမကို ပြောသည်။ ![]()
သံချပ်နှင့် သီချင်း ၁၁ ပုဒ် ပါဝင်ရာ အဖွင့်၊ နှုတ်ခွန်းဆက်၊ ကြံ့ဖွတ်၊ လူထုဘ၀အခြေအနေ၊ နာဂစ်(၁)၊ နာဂစ်(၂)၊ ဥပဒေ၊ ဆန္ဒခံယူပွဲ၊ စပ်မိစပ်ရာ၊ သင်ပုန်းကြီး၊ တိုက်ပွဲခေါ်သံ ခေါင်းစဉ်များဖြင့် တင်ဆက်ထားသည်။ “ကျနော်တို့ သံချပ်တွေမှာ ပြည်သူလူတွေရဲ့ အသံကို ထင်ဟပ်ပေါ်လွင်စေတဲ့ သံချပ်ဖြစ်ပါတယ်။ ကျနော် ပြည်တွင်းက လူထုရဲ့ ခံစားချက်တွေကို ပြည်တွင်းကတဆင့် ပြန်ရပါတယ်။ ကျနော်တို့က လိမ်ညာမှုမပါတဲ့ သံချပ်ဖြစ်တယ်” ဟု ဆရာ မြတ်ထက်က ဆိုသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသည့် 'ဦးဆောင်သူများ ပြတ်သားစွာ ဆောင်ရွက်ရန်' နှင့် အန်အယ်ဒီပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်က 'ထွက်ပေါက်ကို မစဉ်းဘဲ၊ ဖောက်ထွက်ကြပါ' ဆိုသည့် တိုက်တွန်းချက်များကိုပါ ထည့်သွင်းရေးသားထားသည်။ ဆရာမြတ်ထက်က ''ဖောက်ထွက်ဖို့၊ ကြိုးစားဖို့ ဆိုတာတွေက ခေါင်းဆောင်တွေက လိုက်ပြီးတော့ ဆောင်ရွက်မှ ဖြစ်မယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးကို ပြည်ပမှာ ဦးဆောင်နေတဲ့ ညွန့်ပေါင်းအစိုးရအနေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ၊ ကျနော်တို့ ဒီမိုကရေစီ အပြောင်းအလဲဖြစ်မယ့် လုပ်ငန်းစဉ်တွေမှာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဦးဆောင်နိုင်ဖို့ အပြုသဘော ဝေဖန်ရေးသားထားတာပါ" ဟု ပြောသည်။ ယခုသံချပ်ခွေ ထုတ်လုပ်နိုင်ရေးအတွက် ကျောက်မဲကျော်ကြီး စီစဉ်ကာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၂၅ ဦးခန့်က ပါဝင်အားဖြည့်ထားကာ သံချပ်ခွေကို မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်းပြည်ပသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။ |
သံချပ်အခွေ (Side A) အား download လုပ်ရန် - http://sharebee.com/fff15dc4
သံချပ်အခွေ (Side B) အား download လုပ်ရန် - http://sharebee.com/01ba3bca
သံချပ်စာအုပ်အား download လုပ်ရန် - http://sharebee.com/f71b0390
0 comments:
Post a Comment