11 April, 2010

လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ


ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတစ်ပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတစ်ပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။

ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့လို နေ့မျိုးပေါ့။ အဲဒီနေ့က ဘဘတို့နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးရောင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့နောက်က လမ်းလျှောက်ပြီး လိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတစ်လုံးဘေးက ဆရာ တစ်ယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင် ဆုပ်ထားခဲ့တာပေါ့။ ဒီဖောင်တိန်လေးဟာ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့အဖေက ၀ယ်ပေးခဲ့တဲ့ဖောင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါတဲ့နေ့  ။ ဘဘရဲ့ကလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တစ်နေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ခေါင်းစဉ်ကလည်း “ ဒီနေ့ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ခေါင်းစဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။
ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့ နေ့တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့။ တခါ လူမျိုးတမျို့းနိုင်ငံတစ်ခုရဲ့ သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက်နေ့ဟာ၊ ဘဘတို့  နိုင်ငံတစ်ပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေနဲ့ သမိုင်းသစ်စတင်တဲ့နေ့ မဟုတ်ပေဘူးလား ။ ဒီလိုနေ့မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တစ်ခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော် ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။

ဒီနေ့ ဟာ အစဖြစ်တယ်

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။

ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက်(၂)ချက်ရှိတယ်။ "ကနေတဲ့ ဒေါင်းပျိုတွေ" ဆိုတဲ့ စကားစုနဲ့ “ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထောပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ကနေတဲ့ ဒေါင်းပျိုတွေ” တဲ့။ “အမွေးအတောင် တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့ ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယောက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။

ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။

မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။

ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာတွေ့ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့မျက်နှာထား၊ တချိန်လုံး တိတ်ဆိတ်နေခဲ့ရတဲ့ တမြို့လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက်ပြန်မြည် လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့နဲ့ ပတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုအကြောင်း ကြားညှပ်ပြီဲး ပြောချင်သေးတယ်။ ဇာတ်ကားရဲ့နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့။ ဒီဇာတ်ကား ထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမ္မတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် “ဗျူနိုးဟေရီးစ်” တစ်မြို့လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ သူတို့ ချစ်ခင် လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စောင့်ပြီး နားထောင်နေကြတဲ့ အချိန် မြို့ကြီးတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ဗျူနိုးအေရီးစ်”တစ်မြို့လုံးမှာရှိတဲ့ ဘုရားကျောင်း ခေါင်းလောင်း တွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ တပြိုင်နက်ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့် ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင်မှုအတွက် အောင်ပွဲခံမှုရဲ့ သင်္ကေတအဖြစ် သမိုင်းသစ်တစ်ခု အစပြုတဲ့နေ့ကို အသိအမှတ်ပြု၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။

ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။

ဒီကဗျာတစ်ပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘နေ့ ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့မူလတန်းအောင်လို့ အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “နေ့” ကိုရောက်ဖို့ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့ စာကို တခြားသူတွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနောက်ဆုံးနှစ် စတုတ္ထတန်းမှာ ဘဘဟာ နေ့မအိပ်ညမအိပ် စာကျက်ခဲ့ရလို့ ကျန်းမာရေးတောင်မှ ချို့တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး အလယ်တန်း ကျောင်းသားဘ၀ကို အစပြုတဲ့ “နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “နေ့"ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ….ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။

ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစကပြန်စမယ့် “နေ့"ရဲ့ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖော်ပြသွားခဲ့တာ ငါ့မြေးတွေ့ ရလိမ့်မယ်။ ဒါပေမယ့် “ဒဿန ” အားဖြင့် သာမာန်ထက်အများကြီး ပိုပြီးနက်နက်တူးမှ ဖေါ်ယူလို့ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့

ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့အရည်အချင်း လောက်နဲ့လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တစ်ဆုံး နှိုက်ယူမှရမယ့် ကဗျာ့ပရိယာယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လText Colorို့ ယူဆရတဲ့စကား တချို့ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်”က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တစ်လုံးမကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့် ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတောတိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့က တိုင်းပြည်ကောင်းစားတိုးတက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါ စေသား…” တဲ့။
ငါ့မြေးရေ…။
အဲဒီစာသား အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက ဘဘဖြင့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ် အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား" ကို အခြေခံတဲ့ “စကား”တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “မေတ္တာအောင်မြင်တဲ့နေ့ မေတ္တာစတင်တဲ့နေ့ ” ဆိုတဲ့ စာသားထဲက “မေတ္တာ”ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ပြောဖူးတဲ့ စကားတစ်ခွန်း။ဒိုင်ယာလော့လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး” တဲ့။ ဒါလည်း ကဗျာထဲက “ဒီနေ့ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ဟာ အစဖြစ်တယ်” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့ အကြောင်း
ကဗျာတစ်ပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတစ်ပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။

ကိုင်း….. ကဗျာဆရာကတော့ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယတော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာကို စုဝေးရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲဒီလိုနေ့ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ "နေ့" အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။   ။


ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇
(ဆရာငြိမ်းဝေ ဘလော့မှ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။)

0 comments:

Post a Comment

Followers