21 February, 2010

နိုင်ငံခြားသား အလုပ်သမားများထံမှ Levy ကြေးနှုတ်ယူခြင်းမပြုရန် မလေးရှားပြည်တွင်း ကုန်သွယ်ရေးကွန်ကရက် သတိပေး

(Smart Time ဂျာနယ် အတွဲ(၃) အမှတ်စဉ်(၁၁) စာမျက်နှာ ၆ (၁၉၉၀ နိုဝင်္ဘာလ) ကူးယူဖော်ပြပါသည်။ ၎င်းသတင်းကို အတွဲ(၃) အမှတ်စဉ် (၁၂) ၁၉၉၀ခုနှစ် (ဒီဇင်္ဘာလ)  တွင်လည်း Smart Time မှ ထပ်မံဖော်ပြထားပါကြောင်း၊ မူရင်း သတင်း စာမျက်နှာများတွင် တိုက်ရိုက်ဖတ်နိုင်ရန်နှင့် အထောက်အထား pdf  ဖိုင်များ download ရယူနိုင်ရန် သီးခြား post များတွင်ဖော်ပြထားပါသည်။)

နိုင်ငံခြားသား အလုပ်သမားများ၏ လစာများထဲမှ ၎င်းတို့၏ အလုပ်ရှင်များက လဲဗီးကြေး ဆက်လက်နှုတ်ယူနေမှုကို ထိရောက်စွာ ကိုင်ကွယ်သွားရန် လိုအပ်ကြောင်း အလုပ်သမားရေးရာဌာနအား မလေးရှား ပြည်တွင်းကုန်သွယ်မှု ကွန်ဂရက် (MTUC) က (၁၉၉၀)အောက်တိုဘာလ (၂၅)ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

 MTUC ၏ ဒု ဥက္ကဌဖြစ်သူ A.Balasubramaniam က ရာပေါင်းများစွာသော အလုပ်သမားများသည် ၎င်းတို့၏လစာထဲမှ လဲဗီးကြေးကို ပေးဆောင်နေရကြောင်း၊ အစိုးရ၏ တရားဝင်သတ်မှတ်ချက်အရ ၁၉၉၀  ဧပြီလ (၁)ရက်နေ့နောက်ပိုင်းတွင် ပါမစ်သက်တမ်းတိုးထားသော အလုပ်သမားများအတွက် လဲဗီးကြေးကို အလုပ်ရှင်ကသာ ကျခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကာလ (ဧပြီလ ၁-ရက်နေ့) မတိုင်မီအထိမူ အလုပ်ရှင်များအား ၎င်းတို့ အလုပ်သမားများ၏ လစာများထဲမှ လဲဗီးကြေးကို တရားဝင် နှုတ်ယူသွားခွင့် ပြုထားခဲ့ကြောင်း သိရသည်။

(၁၉၉၀) အောက်တိုဘာလ ဒုတိယပတ်အတွင်းက ကလန်းရှိ လက်အိတ်စက်ရုံတစ်ခုမှ နိုင်ငံခြားသား အလုပ်သမား (၂၅၀၀)ခန့်သည် လစာထဲမှ လဲဗီးကြေးနှုတ်ယူခံနေရသဖြင့် ငါး-နာရီကြာ ဆန္ဒပြခဲ့ပြီးနောက် MTUC က အလုပ်သမားရေးရာဌာနအား ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးများသည် အခြားဒေသများရှိ နေရာအချို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း Balasubramaniam က Bernama သတင်းဌာနနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

အလုပ်သမားရေးရာဌာနမှ အထွေထွေညွှန်ကြားရေးမှုး Datuk Ismail Abdul Rahim ကလည်း လဲဗီးကြေးဖြတ်တောက်မှု မရှိစေရန် သူ၏ဌာနမှ အထူးဂရုစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၎င်းက (၁၉၉၀) ဧပြီလ(၁)ရက်နေ့ မတိုင်မီက ခန့်အပ်ခဲ့သော အလုပ်သမားများထံမှ လဲဗီးကြေး တရားဝင်ဖြတ်ယူခွင့်ရှိကြောင်း၊ သို့သော် ထိုအလုပ်သမားများသည် ပါမစ်သက်တမ်းတိုးပြီးသည်နှင့် တစ်ပြိုင်နက် လဲဗီးကြေးဖြတ်ယူခွင့် မရှိတော့ကြောင်း၊ ထို့အတူ ဧပြီလ (၁)ရက်နေ့ နောက်ပိုင်းတွင် ခန့်အပ်သော အလုပ်သမားများထံမှလည်း ဖြတ်ယူခွင့်မရှိကြောင်း ပြောကြားခဲ့သည်။


အလုပ်ရှင်အား လဲဗီးကြေးပေးဆောင်စေရခြင်းရည်ရွယ်ချက်မှာ ထိုလုပ်ငန်းရှင်များအား နိုင်ငံခြားသား အလုပ်သမား အများအပြားငှားရမ်းခြင်းမှ အဟန့်အတား ဖြစ်စေရန်အတွက်ဖြစ်ပြီး ယခုကဲ့သို့ အလုပ်သမားများထံမှ လဲဗီးကြေး ပြန်လည်ဖြတ်ယူနေမှုမှာ အဆိုပါရည်ရွယ်ချက်ကို ထိခိုက် စေနိုင်သောကြာင့် ထိရောက်စွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း Abdul Rahim မှပြောကြားခဲ့သည်။

လုပ်ငန်းရှင်များသည် ၎င်းတို့ ငှားရမ်းထားသော နိုင်ငံခြားသား အလုပ်သမားများအတွက် လဲဗီးကြေးကို နှစ်စဉ်နှစ်စဉ်ပေးဆောင်သွားရမည်ဖြစ်ပြီး ပမာဏကို လုပ်ငန်းနယ်ပယ် တစ်ခုစီအလိုက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ကုန်ထုတ်နှင့်ဆောက်လုပ်ရေး နယ်ပယ်များအတွက် လဲဗီးကြေးကို ရင်းဂစ် ၁၂၀၀နှုန်းဖြင့် လည်းကောင်း၊ ၀န်ဆောင်မှု နယ်ပယ်အတွက် ရင်းဂစ် ၁၈၀၀ နှုန်းဖြင်လည်းကောင်း၊ အိမ်အကူများအတွက် ရင်းဂစ် ၃၆၀နှုန်းဖြင့်လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်းသိရသည်။

0 comments:

Post a Comment

Followers

Blog Archive