27 February, 2009

ဒီမိုကရေစီ အကြောင်းသိကောင်းစရာ

မဲခွဲဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီ၏ အဓိက လမ်းစဉ်ဖြစ်သည်။
ဒီမိုကရေစီ (Democracy)သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ် အယူ အဆများအနက် တန်ဖိုးအထား ခံရဆုံး ဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေး ယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့်အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ် နိုင်ငံများသည် ၄င်းတို့ကို၎င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးကဖော်ပြလေ့ရှိသည်။
၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာယူနက်စကိုညီလာခံကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကိုတွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေငြာဖော်ပြ ကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း(၅၀)ကျော်တို့က ၄င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၄င်းတို့နိုင်ငံ၌ သာလျှင်)ရှိသည်ဟု အခိုင်အမာဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှ ဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်း ပင်ဖြစ်သည်။


စကားလုံးရင်းမြစ်
ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား)မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသောစနစ်ကိုခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား)နှင့်ကရေးစီးယား(အုပ်ချုပ်မှုအာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများ စုပေါင်းပါဝင်အာဏာပိုင်စိုးသောစနစ်ဟု ဆိုနိုင်ကြောင်းလည်းဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ခြင်း ကိုဆိုလိုသည်။
စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထုတစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ်အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ် ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၄င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံး စကားရပ် တို့နှင့် ပူးတွဲမှသာ ပို၍အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ Participatory Democracy သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။




နောက်ခံသမိုင်းအစ
သမိုင်းကြောင်းအရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာ မြို့ပြနိုင်ငံတို့ ဖြစ်ပါသည်။ ထိုစဉ်ကာလက အေသင်မြို့ပြနိုင်ငံ၏ လူဦးရေမှာမများသကဲ့သို့ အေသင် ဒီမိုကရေစီစနစ်တွင် ပါဝင်သူနိုင်ငံသားဦးရေမှာလည်း များသည်ဟုမဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံနီးနီးရှိသော ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာ နိုင်ငံသားဟု သတ်မှတ်ခြင်း မခံရ၍ ပါဝင်နိုင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသား များသာ ပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟု ဆိုရပေမည်။




အေသင်မှာ ကျင့်သောစနစ်
အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကို ထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီ ရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ် ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီ ဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီ လက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ)လက်ထက်တွင် ထိုဒီမိုကရေစီစနစ် ပီပီပြင်ပြင် ထွန်းကား ခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂၀-ပြည့်ပြီးသော နိုင်ငံသားတိုင်း တက်ရောက်နိုင် သည်။ လူဦးရေ ၆၀၀၀-ကျော်ပါကအစည်းအဝေးအထမြောက်သည်။ မဲခွဲဆုံးဖြတ်ကြသော ကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ်သဘော ဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံး ပြည်သူက တိုက်ရိုက်အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီစနစ်ဟုခေါ်ဆိုနိုင်သည်။


စပါတာမှာ ကျင့်သောစနစ်
စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင် တည်ထောင်ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုး ဖွဲ့စည်းထားသော အသက်၆၀-ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ(Gerusia)ခေါ် ဥပဒေပြုကောင်စီလည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်း ပါသည်။ အသက်၃၀ အထက်ယောင်္ကျား မှန်သမျှပါဝင်သည့် အယ်ပယ်လာ(Appella)ခေါ် လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ် ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းရေးပြည်ရာများ ဆွေးနွေးခြင်း၊ ဥပဒေပြုကောင်စီဝင်များ ရွေးချယ်ခြင်း၊ ပြည်သူ့ ကိုယ်စားလှယ် ကြိုးကိုင် အဖွဲ့ဝင် ငါးဦး(Ephors)ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ် ငါးဦးနှင့် ဥပဒေပြု ကောင်စီကသာ အာဏာရှိပြီး ဘုရင်မှာ ရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန်ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်း လွှတ်တော် တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီဟုလည်း ခေါ်ဆိုနိုင်သည်။[1]


ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ
မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေအဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်က ကဲ့သို့ နိုင်ငံအုပ်ချုပ်ရေး တွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကိုသုံးစွဲကြရသည်။ ပြည်သူတို့ကရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ် များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။
ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည်ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ ထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံ ခန့်ခွဲရေးတာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့်ရွေးချယ်ခံရသည့်အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့်လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိ သည်။
တစ်ပါတီစနစ်ထားရှိသောနိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံ များတွင် တစ်ခုတည်းသောပါတီသည် နိုင်ငံရှိပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။ လက်တစ်ဆုပ်စာ လူတစ်စုလက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ- တတိယကမ္ဘာမှကွန်မြူနစ်နိုင်ငံများ)တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြား ခြားနားမှုဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည် မဟုတ်ဘဲ ပြည်သူလူထုသည် ၄င်းတို့အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev)စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများ မတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့်ပတ်သက်၍ စီးပွားရေးလူမှုရေး တိုးတက် ပြောင်းလဲမှုမဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ်လူသားစစ်စစ် မပေါ် သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့်မှားယွင်းသောအသိတရားအား ပပျောက်အောင် မလုပ်နိုင်သေး သရွေ့ ဒီမိုကရေစီလုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲအဆိုးဆုံးအခြေအနေများကိုပင် ဖန်တီးပေး လိမ့်မည်ဟုဝေဖန်ပြောဆိုကြသည်။
၎င်းတို့က စောဒကတက်သည်မှာ လူအများ၏အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိကလိုအပ်ချက်သည် မည်သည့်အရာဖြစ်သည်ကို ခွဲခြားနိုင်မှုမရှိသေးဘဲ ၄င်းတို့၏ ခေါင်းဆောင် များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကို သော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟု ဆိုကြသည်။ [2]
ရည်ညွှန်းကိုးကား
↑ ကမ္ဘာ့နိုင်ငံရေးအတွေးအမြင်သမိုင်း၊ သစ္စာနီ
↑ နိုင်ငံရေးအဘိဓာန်၊ အတွဲ (၁)၊ NCGUB
Retrieved from "http://wikimyanmar.co.cc/wiki/index.php/ဒီမိုကရေစီ

18 February, 2009

မြန်မာအစိုးရ နှင့် မြန်မာသံရုံး ၏ ရပ်တည်မှု

ကျမ အဘိုးသည် နိုင်ငံရေးသမား တစ်ယောက် မဟုတ်သော်ငြားလည်း နိုင်ငံ၏အရေးအခင်းတွင် ပူးပေါင်းပါဝင် ခဲ့ဖူးသော ပြည်သူ တစ်ယောက် ဖြစ်သည်။ မနက်ခင်းနဲ့ ညနေခင်းဆို ရေဒီယို တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဘိုးဘိုးကို အဘွားက " တော့် ရေဒီယိုသံ ကလည်း တဗြဲဗြဲနဲ့ နားငြီး လိုက်တာ တော် " ဆိုတဲ့ အဘွားရဲ့ ပွစိပွစိ ရန်ထောင်သံက လည်း နေ့စဉ် ၀တ္တရား မပျက် ပူညံပူညံ လုပ်ခဲ့သည်။ ကျမ သည် အဘိုးနှင့် အဘွား လက်ထဲတွင် အနေများသော အဘိုးအဘွား၏ အချစ်တော်ဖြစ်သည်။ အဘိုး ကိုလည်း ချစ်သလို အဘွား ကို လည်းချစ်သည်။ အဘိုးက အဘွား၏ ပူညံပူညံလုပ်နေသည့်အခါတိုင်း မည်သည့်အခါ မှအခြေ အတင်ပြန်မပြော သူ့ ရေဒီယိုသံ တရှဲရှဲ တဗြဲဗြဲနဲ့သာ အလုပ်ရှုပ်နေ၏။

သတင်းထူး တဲ့နေ့ များ ဆိုလျှင် တစ်အိမ်လုံးကို လက်တို့ပြီး လိုက်ပြော သလို သူ့မိတ်ဆွေ အပေါင်းအသင်း များနှင့်လည်း ဆွေးနွေး လေ့ရှိသည်။ တစ်ခါတစ်ခါ ဘိုးဘိုး ရေဒီယို နားထောင်တဲ့ အနားသွားပြီး အဘိုး ကို ဂျီကျလျှင် ကျမ ကို သူ နားထောင်ထားသော သတင်းများကို ပုံပြင်ကဲ့သို့ အသွင်ပြောင်းကာ အသံနေ အသံထား ဟန်ပါပါသရုပ်ဆောင်ပြီး ပြောပြလေ့ရှိသည်။ ထို့သို့ အဘိုးက ကျမကို ရှင်းပြတိုင်း ဘွားဘွားကတော့ ထုံစံအတိုင်း" ဟို မြေးအဘိုး နှစ်ယောက် တိုးတိုး သက်သာ ပြောကြ တော်ကြာ တံခါး လာခေါက်လို့ သံတိုင်းနောက် ရောက်နေအုံးမယ် တော်တို့ အဖေ တွေက လွယ်တာ မဟုတ်ဘူး ထစ်ကနဲ ဆို ဖမ်းမယ်ဆီမယ် တကဲကဲနဲ လုပ်နေတာ " ဆိုပြီး ဆေးလိပ်ဖွာရင်း မြည်တွန်တောက်တီး လေ သည်။ အဘိုးကတော့ ထုံးစံအတိုင်း ဘာမှပြန်မပြောဘဲ " အဲဒါသူ့ ၀သီဘဲ ပြောပလေ့စေ" ဆိုတဲ့ အကြည့်နဲ့ ကျမ ကို သူနားထောင်သော သတင်းများ အကြောင်းပြောပြသည်။

တစ်ခါတစ်ရံ တော့ အဘိုးပြောသော သတင်းများကို စိတ်ဝင်တစား နားထောင်ပေမယ့် တစ်ခါတစ်ရံတော့ နားထောင်ရင် နဲ့ အိပ်ပျော်သွားသည်။ ကျမ အရွယ်ရောက်လာသည့်အထိ အဘိုးသည် ရေဒီယို နားထောင်ခြင်းက အဆက် မပြတ် ခဲ့သလို အဘွားကလဲ ပူညံပူညံ အပြောမပြတ်ခဲ့။ "တော်တို့ အဘိုး ကတော့ ဒီမိုကရေစီ ရရှိရေး ဒို့အရေး လို့ အော် ဆန္ဒပြတာ နှစ်တွေကြာပြီ ခုထိမရသေးဘူး ကျုပ်ကတော့ ရေဒီယိုသံက နားငြီးလွန်းလို့ ပူညံပူညံ ဆန္ဒပြလာတာ ခုထိမအောင်မြင်သေးဘူး " ဆိုပြီး အဘွားပြောလိုက်တဲ့ နေ့ က ဘိုးဘိုးမျက်နှာက သိသိသာသာ ပျက်သွားတာကို ကျမ သတိထားလိုက်မိသည်။ ထို့အတွက် ကြောင့် ဘိုးဘိုး မွေးနေ့တွင် ကျမက မှတ်မှတ်ရရ ရေဒီယို ကောင်းကောင်းတစ်လုံးနဲ့ နားကြပ်ကလေးကို ၀ယ်ပြီး လက်ဆောင်ပေးသော အခါ အဘိုးက နှစ်လိုအားရပြုံးပြီး "ဟဲ့ မြကြည် နင်ငါ့ကို ဒီနေ့က စပြီး ပူညံပူညံ နဲ့ ဆန္ဒပြ စရာမလိုတော့ဘူး နင့်မြေးက ငါ့ကို နားကျပ် ပါဝယ်ပြီး မွေးနေ့ လက်ဆောင်ပေးတယ် နင် ဆန္ဒ တွေတော့ အောင်မြင်ပြီ ငါ့ဆန္ဒတော့ ဘယ်တော့များမှ အောင်မြင်မလဲ မသိဘူး" ဆိုပြီး အဘွားကို ပြောရင်း ကျမ ကို ကျေးဇူးတင် စကားဆိုသော ဘိုးဘိုး မျက်နှာ ဘိုးဘိုး စကားလုံးများကို ကျမ ယနေ့ထက်တိုင် ကြားယောင် နေမိသည်။

တစ်ခါတစ်ရံကျမ မေးသော မေးခွန်းများကိုလည်း ဂရုတစိုက်နဲ့ လေးလေးစားစား ပြန်ဖြေ သည့် အတွက် အမြဲကျေနပ်ခဲ့သည်။ "ဘိုးဘိုး လူတွေက အဲဒီလောက် သန်းရွှေကြီးကို မုန်းတာ ဘာလို့ သွားမသတ်ကြတာလဲ ဟင် … မကျေနပ်တဲ့လူတွေ စုပြီး သွားသတ်လိုက်ကြတာ မဟုတ်ဘဲနဲ့ "လို့ ကျမ က ပြောတော့ "ငါ့မြေးရယ် လမ်းဘေးက ခွေးနဲ့လူ မယှဉ်ရဘူးကွယ့် ခွေးဆိုတော့ ခွေးလိုဘဲ အူပြတတ်တယ် ခွေးအလုပ်ဘဲ လုပ်တတ်တယ် ခွေးလိုဘဲ အုပ်ချုပ် တတ်မှာပေါ့ အဲတော့ လူတွေလဲ အဲဒီခွေးကို ရိုက်ထုတ်ဘို့ ကြိုးစား ကြပါတာဘဲ ခက်တာ က ဒီခွေးတွေက လက်နက်ရှိတယ် ခွေးဆိုတော့ ခွေးဦးနှောက်နဲ့ လက်နက်ကို လက်သရမ်းပြီး လုပ်ချင်တိုင်း လုပ်ပစ်ချင်တိုင်း ပစ်နေတော့ လူတွေလဲ ရသလောက်ဘဲ တိုးနိုင်တော့တာပေါ့ ငါ့မြေးရယ်" ဆိုပြီး မာန်ပါပါ နဲ့ ပြောပြနေတဲ့ အဘိုးရဲ့ အသံနေအသံထားကို ကျမ ယနေ့ ထက်တိုင် ကြားယောင် နေမိ ပါသေးသည်။ သာမန်ပြည်သူ တစ်ယောက် ဖြစ်သော ကျမ အဘိုး၏ ကလေး တစ်ယောက် အပေါ် လေးလေးစားစား ဖြေသော အဖြေစကား အတွက် ကျေနပ် မိသည်။

ကျမ သည် နိုင်ငံရေး သမား တစ်ယောက် မဟုတ်သလို နိုင်ငံရေးနှင့် ပတ်သတ်လျှင်လည်း အစွန်းရောက်ပြီး သူများယောင်လို့ လိုက်ယောင်ခဲ့သူ တစ်ယောက် မဟုတ်ခဲ့ချေ။အဘိုးနှင့် အနေနီးလို့ လားတော့ မပြောတတ် နိုင်ငံ၏ အရေးကို စိတ်ဝင်စားသူ တစ်ယောက် ဖြစ်ခဲ့သလို ကိုယ့်ကိုယ်ပိုင် အယူအဆ ယုံကြည့်ချက်ဖြင့်သာ ရပ်တည်ခဲ့သည်။ ကျမ အဘိုး သည် ကျမ ငယ်စဉ် က တည်းက သတင်း များစွာ ကို ကျမ ကို ပြောပြခဲ့ဖူး သည် မှတ်မိသည့် အကြောင်း အရာ များ ရှိသလို မမှတ်မိသည့် အကြောင်းအရာများ လည်းရှိသည်။ ကျမ နှစ်သက်သော အကြောင်းအရာ တစ်ခုကို အနည်းငယ် ဝေမျှချင်မိသည် .. အဲဒီအချိန်က ကျမ အသက် ခပ်ငယ်ငယ်ပင် ရှိပါသေးသည်။ ခုနှစ် အတိအကျကိုတော့ ကျမ မမှတ်မိ ဖီလစ်ပိုင် အမျိုးသမီး တစ်ဦးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် သွားရောက် ကာ အိမ်ဖော် အဖြစ် လုပ်ကိုင်ခဲ့သည်။ သူမ ၏ အလုပ်ရှင် က မလေးရှားကုလားဖြစ်သည်။ ထို အလုပ်ရှင် အိမ်ရှင် ကုလားက ဖိလစ်ပိုင် အမျိုးသမီး အိမ်ဖော် ကို မုဒိန်းကျင့်လိုက်၏ ထို အခါ ဖိလစ်ပိုင် နိုင်ငံတွင် ပွတ်လော ရိုက်သွားလေ၏ မလေးရှား အစိုးရကလည်း ထိုကိစ္စ ဖြေရှင်းပေး ရန်ခေါင်းရှောင်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုမုဒိန်းကျင့် ခံရသော ဖိလစ်ပိုင် အမျိုးသမီးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် လာရောက်ပြီး အလုပ်လုပ် သောကြောင့် ဟု ဆိုသော အကြောင်း ပြချက်ဖြင့်သာ ခေါင်းရှောင်နေခဲ့သလို သူ့ ၏ နိုင်ငံသားဖြစ်သော မလေးရှား ကုလားကို လဲ အရေးယူခြင်းမပြုလုပ် ခဲ့ပါ။ ဖိလစ်ပိုင် အစိုးရက ထိုကိစ္စ အတွက် အဆက်မပြတ် ဖိအားပေး တောင်းဆိုခဲ့သော် လည်း မလေးရှား အစိုးရက မလိုက်လျောခဲ့ပေ။ နောက်ဆုံးတွင် ဖီလစ်ပိုင် အစိုးရက ထိုကိစ္စ အတွက် မလေးရှားအစိုးရ အနေနဲ့ ဖြေရှင်း မပေးနိုင်လျှင် သူ့ တို့ နိုင်ငံသား သူ့တို့လူမျိုး မတရား ညှင်းပန်း နှိပ်စက်ခံရမှု အတွက် စစ်ရေး အရ ပင် ရင် ဆိုင် ဖြေရှင်း သွားရန် အဆင်သင့်ရှိကြောင်း စစ်ရေး အရပါ ခြိမ်းခြောက် တောင်းဆိုခဲ့ဖူးသည်" ဖိလစ်ပိုင် အစိုးရ၏ သူ့လူမျိုး သူ့နိုင်ငံသား အတွက် ရပ်တည်ပေးမှု ကာကွယ် ပေးမှု အတွက် ထိုဖြစ်ရပ်ပေါ် အခြေံ၍ လေးစားခဲ့ ဖူးသည်။သူ၏ နိုင်ငံသား တစ်ဦး သူများနိုင်ငံမှာ တရားမ၀င် ၀င်ေ၇ာက်ပြီး အလုပ်လုပ်သော သူတစ်ယောက်မတရား အနိုင်ကျင့် စော်ကားသော ကိစ္စ အတွက် စစ်ရေး အရပါ ခြိမ်းခြောက်ပြီး အကာကွယ် ပေးခဲ့ ဖူးသည့် ကျမ အဘိုးပြောပြသော ဖြစ်ရပ်ကြောင့် ကျမ ရင်ထဲတွင် ဖိလစ်ပိုင် အစိုးရအပေါ်လေးစားခဲ့မိသည်။

ကျမတို့ အစိုးရ ၏ ရပ်တည်မှုကိုတော့ လူကြီးမင်းတို့ ကိုယ်တိုင်သာ သုံးသပ်စေလိုသည်။

မ၀င်းဝင်းမော်ဆိုသော အသက် (၃၆)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ယောက် သည် မလေးရှား နိုင်ငံသို့ တရားဝင် မြန်မာငွေကျပ် ၁၂ သိန်း တိတိ ၀န်ဆောင်ခ ပေးကာ မလေးရှား နိုင်ငံတွင် မတရား သဖြင့် အချိုး အချောင်ရှာသော မလေးရှားမှ အလုပ်ရှင် နှင့် ကတုံးပေါ် ထိပ်ကွက် အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ကိုယ့်လူမျိုးအချင်းချင်း အပေါ်ကို မတရားသဖြင့် ပွဲခယူပြီး ခဲ့သော ပွဲစား တို့ ကောင်းမှုကြောင့် မလေးရှားနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင် လျက်ရှိရာ ။ လုပ်ခအား မတရားခေါင်းပုံဖြတ်မှုအတွက် မ၀င်းဝင်မော်က ဦးဆောင်ပြီး တောင်းဆိုမှု ကြောင့် မြန်မာနိုင်ငံ သို့ ပြန်ပို့မည် ဟုသော အကြောင်းပြချက်နှင့် နှစ်ထပ်တိုက် ပေါ်တွင် ပိတ်လှောင် ထားခြင်းကို ခံခဲ့ရသောကြောင့် နောက်တစ်နေ့ ညနေ မှာဘဲ အသက်နှင့် အရှက်ကို ကာကွယ်ရန် နှစ်ထပ်တိုက် ပေါ်မှ ခုန်ချသောကြောင့် အတွင်းခါး ပင်မရိုး ကျိုး ကျေသွားခဲ့သည် (http://burmatoday.net/article2005/071123_ma_win_win_maw.swf အဲဒီမှာ အသေစိတ်ကို သွားရောက်ဖတ်ရှုနိုင်ပါတယ် ဘားမားတူဒေးက နေဘဲ ကိုးကား ထားပါတယ်)

ထိုသို့ မ၀င်ဝင်းမော် ဆေးရုံတတ် ပြီး ဆေးကုသမှု ခံယူနေစဉ် သူမ၏ ဗီဇာသက်တမ်း ကုန်ဆုံး သွားသောကြောင့် (over stay ) အဖြစ်ရောက်ရှိ သွားပါသည်။ သူမ၏ ကျန်မာ ရေး အခြေနေ အတွက် အဖွဲ့အစည်း အချို့ မှ တတ်အား သမျှ ၀ိုင်းဝန်းကုသပေးခြင်း နောက်ဆုံး ခရစ်ယာန် အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် သူမ၏ ကျန်မာရေးက အရှင်း ပျောက်သွား သော်လည်း သူမ၏ အခြေအနေနှင့် မလေးရှား နိုင်ငံတွင် ဆက်လက် ၍ အလုပ်လုပ် ကိုင်ရန် အဆင် မပြေသောကြောင့် မလေးရှားနိုင်ငံမှ တိတ်တဆိတ်ထွက်ခွာ ရင်း ပျောက်ကွယ်သွား သော မြန်မာ အမျိုးသမီး တစ်ဦး ဖြစ်သော မ၀င်းဝင်းမော်ကို မြန်မာသံရုံး မြန်မာ အစိုးရက မည်သည့် အကူအညီ မည့်သည့် အထောက်အပံ့ မည်သို့သော ရပ်တည်ချက် များနဲ့ ကာကွယ်ပေးခဲ့သနည်း ????????

ဖိလစ်ပိုင် အစိုးရသည် သူနိုင်ငံသား သူ့လူမျိုးတိုင်း တပါးမှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် သူကိုပင် စစ်ရေးအရ ခြိမ်းခြောက်ပြီး အကာကွယ် ပေးခဲ့ဖူးသည်။ ကျမ တို့ မြန်မာနိုင်ငံသား မြန်မာ အမျိုးသမီး တစ်ဦး မလေးရှားနိုင်ငံတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သော သူမ၏ မတရားမှု ကိစ္စ အတွက် မြန်မာသံရုံး မြန်မာ အစိုးရမည်သို့ အကာကွယ် ပေးခဲ့သနည်း ။ ကျမ တို့ နိုင်ငံ၏ မြန်မာသံရုံး သည် ကျမ တို့ လိုပြည်ပရောက် လူငယ်များထံမှာ အခွန်ကောက်ခံရ အတွက်သာ တည်ရှိ နေခြင်းလား????? ကျမတို့ နိုင်ငံသားတွေ မတရား အနိုင်ကျင့်ခံ နေရချိန်မှာ သူတို့မျက်လုံးတွေ နားတွေ ကန်းခြင် ယောင်ဆောင် နေကြချင်း အတွက် သံရုံးရှိရာ အရပ်ကို တံတွေး ပင်လှည့် မထွေးချင်ပါ။

ကျမ တို့မြန်မာနိုင်ငံသား များအတွက် မြန်မာ သံရုံးသည် အခွန် ကောက်ခံရန်အတွက်သာ ဟု ဆိုင်ဘုတ်ပင် သွားချိတ် ပေးလိုက်ချင်ပါသည်။

ဒီဘ၀ ဒီအမျှနဲ့ ဘဲ ဒီလို အစိုးရ ၀ဋ်တွေ ကြေပါစေလို့ တောင်းဆုခြွေလျက်
မေသူ

ကျမ သည် ရင်ထဲမှ ပေါက်ကွဲချင်နေသည့် ခံစားချက် သံရုံးနှင့် ပတ်သတ် သည့် အတွေ့အကြုံ တစ်ချို့ ကို ဝေမျှ ချင်ပါသေးသည်။ သို့သော် ကျမ သူငယ်ချင်း၏ အကြောင်း တစ်ခု မပြီးစီးေ သးသောကြောင့် ကျမ သူငယ်ချင်းကို မထိခိုက်စေလိုသော ဆန္ဒကြောင့် ထိုပေါက်ကွဲ လုနီးပါး ဗုံးတစ်လုံးကို ဆက်လက် သိမ်းဆည်း ထားပါသေးသည်။ ထိုပေါက်ကွဲလုဗုံးတစ်လုံးအား နောင်တွင် ဖော်ပြပါမည်။


p.s မ၀င်းဝင်းမော်နှင့် ပတ်သတ်သော သတင်း တစ်ချို့အတွက် ဘားမားတူဒေးနှင့် မလေးရှား မှ ကျမ၏ အစ်ကို ကိုမြတ်မင်းအား ကျေးဇူးတင် ရှိပါသည်။

ရေးသားသူ မေသူပိုင်

16 February, 2009

မလေးလူမိုက်များက မြန်မာအလုပ်သမားရုံးရှေ့အထိ လာရောက်ရိုက်နှက်


NEJ / ၁၆ ဖေဖော်ဝါရီ ၂၀၀၉




မလေးရှားနိုင်ငံ ဆိုင်ဂမ်ဂလို့နယ်ရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အကာကွယ်ပေးခဲ့ခြင်းကြောင့် မြန်မာအလုပ်သမားအခွင့် အရေးကာကွယ်ပေးရေးကော်မတီ (BWRPC) မှ အလုပ်အမှုဆောင်များကို စက်ရုံပိုင်ရှင်၏ လူမိုက်များက အသင်းရုံးခန်းအထိ ၀င်ရောက်ရိုက်နှက်ခဲ့ကာ အလုပ်အမှုဆောင်များကို မလေးရှားရဲကလည်းခေါ်ယူ စစ်ဆေး လျက်ရှိကြောင်း ကော်မတီမှ အလုပ်အမှုဆောင်တဦးဖြစ်သူ ကိုရဲမင်းထွန်းက ပြောသည်။

အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အလုပ်ခေါ်ယူစဉ်က ကတိပြုထားသော လစာထက်လျော့ပေးမှုကြောင့် ပြဿနာဖြစ်ပွားရာ မြန်မာသံရုံးသို့အကြောင်းကြား တိုင်ကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် (BWRPC) က ၀င်ရောက် ဆောင်ရွက်ပေးခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်အလုပ်သမအများဆုံးပါဝင်သော မြန်မာအလုပ်သမများ သည် လစာလျော့ပေးမှုအပြင် အချိန်ပိုခိုင်းစေမှု၊ မတရားဖိနှိပ်မှုများကိုလည်း ခံစားခဲ့ကြရ ကြောင်း ၄င်းတို့က ဆိုသည်။

“ကျနော်တို့ဆီ သူတို့မရောက်လာခင်က မြန်မာသံရုံးကိုသွားတယ်လို့ပြောတယ်။ အဲဒီမှာ အရာရှိဒေါ်သီတာထင်တယ်။ သူကပြောတယ်။ မင်းတို့ကို ငါတို့ခေါ်ထားတာမှ မဟုတ်တာလို့ ပြန်ပြောတယ်တဲ့” ဟု ကိုရဲမင်းထွန်းကပြောသည်။

ထို့နောက် ဖေဖော်ဝါရီ (၁၄) ရက်တွင် အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမ (၁၅) ဦးနှင့် ကိုဖြိုးဆိုသူအမျိုးသားတဦးတို့ (BWRPC) ရုံး၌ ရှိနေစဉ် စက်ရုံပိုင်ရှင်သူဌေး Mr. Kumar ၏ လူမိုက် (၂၀) က သံတုတ်များ၊ ဓားများဖြင့် ရုံးကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အလုပ်အမှုဆောင် ကိုလင်းလင်းနှင့် ကိုဖြိုးတို့အား ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ ကိုဖြိုးကိုလည်း မလေးရှားရဲများ ရှေ့တွင်ပင် လူမိုက်များက ကားပေါ်တင်ခေါ်သွားကြောင်း၊ အလုပ်အမှုဆောင် ကိုရဲမင်းထွန်း ကိုလည်း Ampang ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ကိုဖြိုးအား ဖေဖော်ဝါရီ (၁၅) ရက်တွင် အလုပ်သမများ၏ ပတ်စ်ပို့စာအုပ်များဖြင့် လဲလှယ်ယူခဲ့ရပြီး ဒဏ်ရာရရှိထားသော ကိုဖြိုးအား ကွာလာလမ်ပူ ဗဟိုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်တင်ထားရသည်။ (BWRPC) မှ အလုပ်အမှုဆောင် များကိုလည်း ရဲစခန်းက ခေါ်ယူစစ်မေးလျက်ရှိသည်။

“အခုကျနော် မြို့နယ်ရဲစခန်းကို လိုက်သွားနေရပါတယ်။ ကိုဖြိုးက ခေါင်းကိုထိသွားပြီး သွေးလည်းအန်နေတယ်။ ကျနော်တို့ကို အခုလောလောဆယ် အကူအညီပေးနေတာက ရှေ့နေ Ms. Lattheefa koya နဲ့ Ms.Florida တို့ပါ။ မလေး လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို လည်း အကူအညီ တောင်းထားပါတယ်။ အခုဟာက တဖက်သတ်ခံရတာပါ။ မလေးရှား အစိုးရရဲ့ ဥပဒေကလည်း တဖက်စောင်းနင်းဆန်ပါတယ်။ အလုပ်သမားဥပဒေနဲ့ လ၀က ဥပဒေဟာ မညီညွတ်တာတွေ ရှိနေတယ်။ အဲဒါတွေကို ၂၀၀၇ -၂၀၀၈ ခုနှစ် ILO ကွန်ဖရင့်မှာ တင်ပြတုန်းကလည်း ဖြေရှင်းဖို့နည်းလမ်းတွေ ရှာပါမယ်ဆိုပြီး၊ ယနေ့အချိန်ထိမရှာသေးဘူး။ ဥပမာပြောရရင် အလုပ်သမားတယောက်ဟာ အလုပ်သမားရုံးမှာ သူ့အလုပ်ရှင်နဲ့ ပြဿနာတက်လို့ သွားတိုင်ထားရင် ရုံးက ဒီအလုပ်ရှင်ကို တရားစွဲဖို့ စီစဉ်နေတဲ့ အချိန်မှာ အလုပ်ရှင်က လ၀ကမှာ ဒီအလုပ်သမားကို ကျနော်မကြိုက်တော့တဲ့အတွက် သူ့နိုင်ငံကို ပြန်ပို့ပါတယ်ဆိုရင် ပို့လို့ရနေတယ်။ အလုပ်သမားရုံးက တားလို့မရဘူး။ အဲဒီအချက်က လုံးဝမမျှတတဲ့အချက်ကြီး” ဟု ကိုရဲမင်းထွန်းက ဆိုသည်။

မြန်မာအလုပ်သမား အခွင့်အရေးကာကွယ်ပေးရေးကော်မတီတွင် အသင်းဝင် (၈၀၀) ကျော်ရပြီး အလုပ်အမှုဆောင် (၁၉) ဦးရှိသော်လည်း (၂) ဦးမှာ အလုပ်သမားရေးရာများ ဖြေရှင်းရာတွင် အလုပ်ရှင်များအဖွဲ့နှင့် ရိုက်ပွဲဖြစ်ရခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကာ (၅) ဦးကို လည်း မလေးရှားအာဏာပိုင်များက တရားမ၀င် စာရွက်စာတမ်းကိုင်ဆောင်မှုဖြင့် အရေးယူထားကြောင်းသိရသည်။

10 February, 2009

ခေတ်သစ် သင်္ကြန်စာ

သျှီ …သျှီ… ဤနေ့ဤရက်ကား မင်္ဂလာအပေါင်း ခညောင်းသည့် ငါတို့ လွတ်လပ်ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယပေတည်း။
နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေး၏ အနှစ်သာရကား ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်(သားငါးမပါ)၊ ဖယောင်းတိုင် (မီးပျက်သောကြောင့်)၊ အချုပ်ကား၊ လက်ထိပ်၊ ထောင်ဝင်စာတို့ ဖြစ်အံ့။ လွတ်လပ်ရေး ရအောင် တိုက်ယူပေးမိသော သခင်ကြီးများသည် လွတ်လပ်ရေးကာလက လူမဖြစ်သေးသော ယခု ယူနီဖောင်းဝတ် သတ္တ၀ါအများက မိမိတို့သာ လွတ်လပ်ရေး ကျေးဇူးရှင်များဖြစ်ကြောင်း ပြောဟော လွှင့်ထုတ် နေကြသည်ကို ကြားရရှာအံ့။
ကန်တော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နောင်လာနောက်သားတို့အား “ဒုတိယလွတ်လပ်ရေးကို လက်နက်နဲ့တော့ ယောင်လို့မှ မတိုက်လေနဲ့။ တိုက်ပေးတဲ့ စစ်တပ်ကို တသက်လုံး ကျေးဇူးတင်လို့မဆုံး ရှိခိုးနေရမယ်”ဟု လက်ဝါးကာပြတားမြစ်အံ့။
ဤရက်ဝယ် မြန်မာပြည်သား လူအများတို့သည် ထမင်းကို အမျိုးမျိုး အဖုံဖုံသော အသီးအရွက်တို့ဖြင့် စားကြအံ့။ မြစိမ်းရောင် လွှမ်းသော မြေ၌ ထမင်းဝိုင်းသည်လည်း မြစိမ်းရောင် အသွင်ဆောင်အံ့။ အိမ်ရှင်မတို့သည်အိမ်ဦးနတ်နှင့် သားသမီးများအား သက်သတ်လွတ် စားကြရန် ဟောပြော စည်းရုံးအံ့။ သို့မဟုတ်ပါကလည်း ခြေလေးချောင်းသား ရှောင်ကြဉ်ရန် စည်းရုံးအံ့။
ငါးမြစ်ချင်း၊ ငါးပုတ်သင်နှင့် ရေသတ္တ၀ါ အသေးအမွှား မှန်သမျှ မြန်မာအိမ်ရှင်မတို့နှင့် ကျွမ်းဝင်အံ့။ (မှတ်ချက် - ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ပုစွန်တုတ်ကြီးများ မပါ။) မဟာသင်္ကြန် မကျရောက်သေးသော်လည်း သင်္ကြန်စာပါ ကြိုဟောရလျှင် ကြက်တို့၏ အဓိပတိကား ဈေးသက်သာသော စီပီကြက်၊ ခြေလေးချောင်းတို့၏ အဓိပတိကား အဆီများ အစားခံသော ၀က်၊ လူတို့၏ အဓိပတိကား ဆန်သည်၊ ကောက်ပဲသီးနှံတို့၏ အဓိပတိကား ကန်စွန်း၊ ထမင်းဝိုင်း၏ အဓိပတိကား အချိုမှုန့် ဖြစ်အံ့။
ရွှေဆိုင်ရှင်၊ ရတနာဆိုင်၇ှင်၊ ဖက်ရှင် အ၀တ်အစားဆိုင်ရှင်အများသည်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးနှင့် မြေးများ မိမိတို့ဆိုင်သို့ မျက်စိလည် လမ်းမှား၍ လာရောက် အားမပေးရန် ဆုတောင်းကြရလတ္တံ့။ လာအားပေးလျှင် တပြားမှ မပေးဘဲ ကြိုက်ရာ အကုန်မ,၍ ဆိုင်မှ ထွက်သွားကြကြောင်း သတင်းကြီးသောကြောင့်တည်း။
တပ်မတော်သည် နိုင်ငံတော်အတွက် နေ့မအားညမအား ရသမျှ အကုန်ခိုးခြင်း၊မျိုခြင်း၊ ဆို့ခြင်းတို့ဖြင့် အလုပ်များရှာအံ့။ ၀ါသနာပါလျက် ပြည့်တန်ဆာ မဖြစ်ရရှာသူတို့သည် ဗိုလ်ကတော်ဖြစ်ရန် အားထုတ်အံ့။
မြန်မာပြည်သား လူအများတို့သည် ကျန်းမာရေး လိုက်စားအံ့။ ဘတ်စကားခ ဈေးကြီး၍ လမ်းလျှောက်ကြကုန်သောကြောင့်တည်း။ အိုလံပစ် လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာတို့ နိုင်ငံနှင့်ချီ၍ ပါဝင်ယှဉ်ပြိုင်လျှင် အထူး ဗိုလ်စွဲအံ့။
သွားပါများ ခရီးရောက်ဟူသော မောင်ပေါက်ကျိုင်းစကားကို မြန်မာတို့ အထူး လိုက်နာအံ့။ ပြည်ပချည်းသာ ထွက်ဖို့ စိုင်းပြင်းလတ္တံ့။ လူငယ်တို့ နှုတ်ဖျားဝယ် ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ကြီးစိုးအံ့။ ပတ်စပို့ မတတ်နိုင်သူတို့ကား မလေးရှားသို့ ရေကြောင်းမှ ချီတက်အံ့။ သို့မဟုတ် ထိုင်းနိုင်ငံသို့ ကုန်းကြောင်းမှ ချီတက်အံ့။
ဘာသာစကား သင်တန်းများ ခေတ်စားအံ့။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စကားများ သင်ကြားလိုသူ ပေါအံ့။ မြန်မာတို့ မသင်ကြားလိုသော တိုင်းခြား ဘာသာစကားများကား ဆိုမာလီ၊ ရ၀မ်ဒါ၊ လာအို စကားတို့တည်း။
လွတ်လပ်ရေး နှစ် ၆၀ ပြည့်သည့် ၂၀၀၈ နှစ်ကာလ၀ယ် မြန်မာတို့သည် ကွန်ပျူတာအား မည်သို့မည်ပုံ ဖွင့်ရကြောင်း၊ ခလုတ်မည်သို့ နှိပ်ရကြောင်း သင်တန်းများတက်၍ ငွေကုန်ခံ သင်ယူနေကြသည်ကို အံ့သြဖွယ် တွေ့ရှိရအံ့။ ဘီလ်ဂိတ် သိသော် ရင်ကျိုးဖွယ်တည်း။
စားအုန်းဆီ ကျေးဇူးကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စသည်များ တိုးပွားအံ့။ ဤကား တပ်မတော်အစိုးရ၏ ကျေးဇူးတည်း။ တပ်မတော်သည် လပိုင်းအတွင်း ပျက်သော လမ်းများကို အံ့ဘနန်း တည်ဆောက်အံ့။ တပ်မတော်အစိုးရ လက်ထက်တွင် နှစ်စဉ် လမ်းပြင်ရအံ့။ အကြောင်းမှာ သူတပါး နိုင်ငံတွင် ၁၀ နှစ် မှ တခါ ပြင်ရသော လမ်းများကို တပ်မတော်အစိုးရ ကယ်တင်ထားသော မြန်မာနိုင်ငံတွင် နှစ်စဉ် ပြင်ရသောကြောင့်တည်း။
ပြည်သူတို့သည် ငါးပိရည် တို့စရာတို့ဖြင့်လည်းကောင်း၊ စစ်ဗိုလ်ကြီးငယ်တို့သည် ကြက်ပေါင်ကိုက် ဘီယာကျိုက်၍လည်းကောင်း လွတ်လပ်ရေး အရသာကို အသီးသီး ခံစားကြကုန်အံ့။
ပြည်သူတို့ ခံစားရမည့် လွတ်လပ်ရေး၏ အရသာကား အချိုမှုန့် များအံ့။ သားငါးနည်းအံ့။ ဆန်ကြမ်းအံ့။ လက်ဖက်ရည်ဖြစ်မူ ချက်နို့ဆီလွှမ်းအံ့။ လွတ်လပ်ရေး ရသည်မှ နှစ်ပေါင်းခြောက်ဆယ် ပြည့်အပ်သော် မြန်မာနိုင်ငံသည် နွားနှင့် လယ်ထွန်နိငု သည်အထိ ကမ္ဘာကို ရင်ဘောင်တန်းအံ့။
လျှပ်စစ်မီး တီထွင်ခဲ့သူ သောမတ် အယ်ဒီဆင်ကို မြန်မာတို့ နေ့စဉ် ဂုဏ်ပြုအံ့။ အယ်ဒီဆင်၏ ချက်ကြွေ အမေရိကားတွင် ၎င်းမွေးနေ့ရောက်တိုင်းသာ နယူးယောက်တမြို့လုံး ခေတ္တ မီးအမှောင်ချ၍ ဂုဏ်ပြုသော်လည်း မြန်မာနိုင်ငံသည် ညစဉ်၊ ရံခါ ညလုံးပေါက် ဂုဏ်ပြုအံ့။ အမြဲ မီးပျက်နေသဖြင့် အယ်ဒီဆင်သည် မြန်မာနိုင်ငံတွင် အမြဲ ဂုဏ်ပြုခံရသူ ဖြစ်လတ္တံ့။
ဆိုမာလီ၊ ကင်ညာ၊ ဇင်ဘာဘွေ နိုင်ငံတို့သည် ၎င်းတို့ ဆွတ်ခူးထားအပ်သော ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက လုယူဆွတ်ခူးမည့်ဘေးနှင့် ရင်ဆိုင်ရအံ့။ ဘောလုံးပွဲတွင် နိုင်ငံတကာကို ရှုံးသော တပ်မတော် အစိုးရသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖလားကို နိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ရန် ကြီးစွာ အားထုတ်လတ္တံ့။
x x x
အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း
bigbrown.blogspot.com မှ ကူးယူသည်

Myanamar Migrant-workers in Malaysia- မလေးရှားမှ မြန်မာ အလုပ်သမား ၃၀၀ ခန့် ပြန်ပို့

Myanamar Migrant-workers in Malaysia- မလေးရှားမှ မြန်မာ အလုပ်သမား ၃၀၀ ခန့် ပြန်ပို့
Tuesday, 02 December 2008 18:33 အေးလဲ့
မလေးရှား နိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၃၀၀ ခန့်ကို ၎င်းတို့ လုပ်ကိုင် နေသည့် စက်ရုံများက အလုပ်သမား လျှော့ချသည့် အနေဖြင့် မြန်မာ ပြည်သို့ ပြန်ပို့လိုက်ကြောင်း မလေးရှား နိုင်ငံရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့က ပြောသည်။အဆိုပါ မြန်မာ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်းက “စက်ရုံတွေမှာက စီးပွားရေး ကျတော့ အလုပ်သမား လျှော့တယ်၊ ပြန်ပို့မယ် ဆိုတာကို ကြိုတင် အကြောင်းကြားတာ မရှိဘူး၊ အလုပ်သမား အရေး ဌာနတွေ မသိအောင် တိုးတိုး တိတ်တိတ် ပို့တာဖြစ်တယ်။ မနက်ဖြန် ပို့မယ်ဆို ညမှ သိရတာပါ၊ တချို့လည်း ငိုပြီး ပြန်သွားကြတယ်၊ ကြိုသိတဲ့သူ တချို့ကလည်း ထွက်ပြေးကြတယ်” ဟု ပြောသည်။ယင်းသို့ ပြန်ပို့ခဲ့သည့် စက်ရုံများမှာ ကလန်မြို့ရှိ Press Metal Berhad အလူမီနီယံ စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်၊ ရာဘာ လက်အိတ် စက်ရုံမှ ၆၀ ခန့် နှင့် ဂျိုဟိုးမြို့ရှိ အထည်ချုပ် စက်ရုံတို့မှ မြန်မာ အလုပ်သမား အမျိုးသမီးများ ပါဝင်ပြီး ၎င်းတို့သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်တွင်း ပြန်ပို့ခံသူများ ဖြစ်ကြောင်း သိရသည်။၎င်း မြန်မာ လုပ်သားများအား နေရပ်သို့ ပြန်ပို့သည့် ကိစ္စနှင့် ပတ်သက်ပြီး Press Metal Berhad အာလူမီနီယံ စက်ရုံမှ နိုင်ငံခြား အလုပ်သမားများ အရေး စီစဉ် ဆောင်ရွက်သူ MR.Low ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ “ကျနော်တို့ ကုမ္ပဏီရဲ့ သတင်း အချက် အလက် တွေကို ဖုန်းနဲ့ ဖြေကြားခြင်း မရှိပါဘူး” ဟု ဖြေကြားသည်။ကိုရဲမင်းထွန်းက ဆက်လက်ပြီး “ဒီ ရာဘာ လက်အိတ် စက်ရုံကို ရောက်လာတာ အလုပ်သမား တွေဆို တနှစ် မပြည့်သေးဘူး၊ အလုပ်သမား အေဂျင်စီတွေနဲ့ စာချူပ်အရ လုပ်သက် သက်တမ်း သုံးနှစ်မပြည့်ရင် work permits ဖြတ်ခံရတာတို့၊ အကြွေး မကျေတဲ့ ပြဿနာတွေနဲ့ ကြုံကြရတယ်၊ မနေ့ တနေ့ကပဲ လူသုံးရာကျော် ပြန်ပို့ခံရတယ်၊ နောက်ထပ် မြန်မာ လုပ်သား အသစ်တွေကို မြန်မာ အလုပ်သမား အေဂျင်စီ တွေက ထပ်ပို့လိုက်တယ်၊ သူတို့တွေ ဘယ်မှာ အလုပ်သွားလုပ် ကြမလဲ” ဟု ပြောသည်။မလေးရှား နိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သား အလုပ်သမား ခန့်မှန်းခြေ စုစုပါင်း ၃ သိန်းခန့် ရှိကြောင်းလည်း သိရသည်။

ဝန်ကြီးချုပ်ဦးနုအားတရားစွဲဆိုခဲ့စဉ်က

u nu

Gtalk-to Phnoe call သတိပေးခြင်း

အခုတလော အင်တာနက်ကဖုန်းခေါ်လို့ရတာ ပေါ်ပြူလာဖြစ်နေပါတယ်။ မြန်မာပြည်အတွက် ပိုပြီးအဆင်ပြေအောင်ဆောင်ရွက်ဖို့ထက် password ခိုးဖို့လောက်သာကြိုးစားတဲ့ လူတစ်ချို့ရှိတဲ့အတွက် သတိထားကြဖို့ အသိပေးပါတယ်။

08 February, 2009

မလေးရှားရောက် မြန်မာမိန်းကလေးများ

ပြည်ပအလုပ်အကိုင် နှင့်  မြန်မာအမျိုးသမီးများ (မလေးရှား အမြင်)
Jun 27, '07 11:48 PMfor everyone
ပြည်ပသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှု သည် ယနေ့  ဖွဲ့ ဖြိုးစ နိုင်ငံများ နှင့်  ဖွံ့ ဖြိုးဆဲနိုင်ငံများ ၊ အထူးသဖြင့်  ငွေကြေးတန်ဖိုး ကွာဟမှုရှိသော နိုင်ငံများ အတွက် အဓိက ထွက်ပေါက်တစ်ခု အဖြစ် မျှော်လင့် ရသော ခေတ်ကပေးတဲ့  လက်ဆောင်ဖြစ်နေပါတော့သည်။ယနေ့  ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပသို့  ထွက်၍ အလုပ်လုပ်ကိုင်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေခြင်းကား ယင်း၏ ပြယုဒ်တစ်ခုပင် ဖြစ်နေပါတော့ သည်။ကျွန်တော်တို့  မြန်မာနိုင်ငံရော . . . ?ခါတော်မှီ ရောဂါတစ်ခု အဖြစ် တည်ရှိနေဆဲပါ ။ ကျွန်တော် အပါအ၀င် ပြည်ပ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ ကား အများအပြား ရှိနေဆဲပါ ။ အခြားနိုင်ငံများ၏ အခြေအနေတော့  မသိရပါဘူး ။ မလေးရှားနိုင်ငံရဲ့  ယနေ့ အခြေအနေ ကတော့  အချို့ လည်း အဆင်ပြေကြပါတယ် ။ အချို့ လည်း အဆင်မပြေကြပါဘူး ။ သို့ ပေမယ့်  စာချုပ်အရ လက်မှတ်ထိုးထား ရပြီးဖြစ်ကဖြင့်  အဆင်ပြေအောင် ကြိုးစားလုပ်နေကြရသူများလည်း ရှိနေဆဲပါ ။အေးဂျင့်  (ပွဲစား) တို့ ရဲ့  အဆင်ပြေသလို နေရာချထားမှု ကြောင့် လည်း အလုပ်ခေါ်ယူသော နေရာနှင့်  အလုပ်လုပ်ကိုင်ရသော နေရာ တစ်ချို့ ဆို လားလားမှ မသက်ဆိုင်ဘဲ လုပ်ကိုင်နေကြရပါတယ် ။ဒါက . . . အမျိုးသားများ ရဲ့  အခက်အခဲဘဲ ရှိပါသေးတယ် ။အမျိုးသမီး များ အတွက်ရော . . . ?အဖြေရ တော်တော်ကြပ်လိမ့် မယ် ထင်ပါရဲ့ ဗျာ . . . ။ ယောင်္ကျားကြီးတွေ တန်ပေမယ့်  တစ်ချို့  အခက်အခဲတွေ တွေ့  လွန်းလို့  ပြန်ပြေးကြသူတွေလည်း မနည်း ။ တစ်ချို့  လခ နဲ့  အခွန် အကြားမှာ ပွဲစားရဲ့  လုပ်စားမှုနဲ့  သူဌေးက လခကို စာချုပ်အတိုင်းပေး . . . ။ အဲဒီမှာ ခက်ရတာက အလုပ်ခေါ်ယူတုန်းက လခက ပျမ်းမျှ (၇၅၀ ရင်းဂစ်) ၊ နေရေး ၊ စားရေး စီစဉ်ပေးမယ်ပေါ့  ။ ရောက်တော့  နေရေးတော့  စီစဉ်ပေးရဲ့  ရေလခ ၊ မီးလခပေး . . . စားဖို့ တော့  ဆန်၊ဆီ စီစဉ်ပေး ကိုယ့် ဖာသာချက်စား . . . ဒါတောင် တော်တော် ကံကောင်းတဲ့ သူတွေနော် ။ပျမ်းမျှ . . . .လခ ....................... ၇၅၀နေရေး ၊ စားရေး .......၁၅၀(-) (အတော်လေး ချွေတာရင်)ပါမစ်ကြေး(အခွန်)......၁၅၀(-) (မလေးရှား နိုင်ငံ အတွက်ပဲနော် ၊ မြန်မာပြည်က အခွန်ကိစ္စ မပါသေးဘူး ။ )...............................................ကဲ .. လက်ကျန် . . . ၄၅၀ (ပျမ်းမျှနော် )ကံမကောင်းတဲ့  သူတွေကရော . . .တချို့ ဆို အေးဂျင့် က ဖြတ်စားလို့  (၃) လ ၊ (၄) လ လောက်ကြာမှ လခ ရသူကရ ။ အခက်အခဲတွေ ကို ရောက်ရောက်ခြင်း ဘယ်လိုဖြေရှင်း ကြမှာလဲ ။ သိကြွမ်းတဲ့  သူတွေကို အကူအညီတောင်း ၊ ဟိုလူ ကူပါ။ ဒီလူကူပါ . . . နဲ့  အကူညီတောင်းရသူတွေလည်း မနည်းကြပါဘူး ။ဥပဒေဘောင် အတွင်းက ကူညီပေးတဲ့  အဖွဲ့ အစည်းတွေ ရှိပါရဲ့  ဘယ်လိုလုပ် ဆက်သွယ်ရမှလဲ မသိနိုင် ။ အခက်အခဲတွေက ခပ်များများရယ် ။အမျိုးသမီးများကရော . . . ?အခက်အခဲတွေ အကြားမှာ ကျွန်တော့်  အစ်မတွေ ၊ ညီမတွေကို လမ်းလွဲသွားမှာ စိုးရိမ်ရဲ့ ဗျာ . . . ။ကျွန်တော်ဒီရက်မှာ သတင်းတစ်ခု ကြားမိတာ ကြာပါပြီ ။ မြန်မာနိုင်ငံ က အမျိုးသမီးတွေ တော်တော်များများ ဒီရက်ပိုင်းမှာ မလေးရှား လာကြတယ်တဲ့  ။ နောက် စိတ်မကောင်းစရာ ကြားလိုက်ရပါရဲ့  တချို့  အဆင်မပြေကြဘူး ။ ကဲ . . . ဘယ်လို လုပ်ပေးကြမှာလဲကျွန်တော် ပြောတဲ့  အကြောင်းလေးတွေကို ဖြစ်နိုင်ရင် လိုက်ပြီး တက်(ပ်) ကလေးကို ခါတော်မှီ လေး ဖြစ်ဖြစ် ရေးပေးကြပါလား။ ဆောင်ရန် ၊ ရှောင်ရန်လေးတွေနဲ့  နောက်လာမယ့်  အမျိုးသမီးလေး များကို ပညာပေးစေချင်လို့ ပါ . . . ။ကျွန်တော်မိုးစွေ မနေ့ တနေ့ ကမှ ဘလောဒ့်  စရေးကြည့်တာပါ ။ အမှားများပါရင်လည်း ခွင့် လွှတ်ကြပါ ။ ၀ိုင်းဝန်းလည်း တက်(ပ်) ပေးကြပါလို့  . . . ။လက်ရှိအခက်အခဲ ရှိနေသူများ ကျွန်တော်ကို ဆက်သွယ် နိုင်ကြပါတယ် ။ နှုတ်၏ဆောင်မခြင်းဖြင့်  အခက်အခဲအချို့  ကို ဥပဒေဘောင် အတွင်းမှ ကူညီပေးမည့် အဖွဲ့ အစည်းများနှင့်  ဆက်သွယ်ပေးပါရစေ . . .မိုးစွေ
wwnaing.blogspot.com မှ ကူးယူဖေါ်ပြသည်

30 January, 2009

နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သူ မြန်မာတစ်ဦး ထိန်းသိမ်းခံရ


နိုင်ငံပေါင်းစုံမှ နိုင်ငံကူးလက်မှတ် အတု၊ အလုပ်သမား ကဒ်ပြား အတု၊ ကုလသမဂ္ဂ ဒုက္ခသည် ကဒ်ပြား အတု၊ မလေးရှား ပြည်ဝင်ခွင့် တံဆိပ်အတုများကို ပြုလုပ်သည့် အဖွဲ့မှ ခေါင်းဆောင်သူဟု ယူဆရသူ မြန်မာလူမျိုးတစ်ဦးကို မလေးရှားနိုင်ငံတွင် အင်္ဂါနေ့က ဖမ်းဆီးရမိခဲ့သည်။ မလေးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိ အကြီးအကဲ Abdul Rahman ၏ အဆိုအရ လွန်ခဲ့သော အင်္ဂါနေ့  ည၉နာရီ အချိန်တွင် မင်္သကာဖွယ်ရာ တရားခံ၏ Bukit Tengah ရှိနေအိမ်သို့  ရဲတပ်ဖွဲ့ ဝင် ၁၀ဦး အဖွဲ့မှ ၀င်ရောက် စီးနင်းရှာဖွေရာ၌ အဆိုပါ သက် ၂၇ နှစ်အရွယ် တရားခံနှင့် ၎င်း၏ အသက် ၃၀ အရွယ်ရှိ ရည်းစားတို့ကို ဖမ်းမိသည်ဟု သိရသည်။ ရဲတပ်ဖွဲ့ဝင်များသည် တရားခံ၏ လှုပ်ရှားမှုများကို ၀င်ရောက် စီးနင်း ရှာဖွေခြင်း မပြုမီ ရက်သတ္တပတ် ၃ ပတ် ကြိုတင်၍ စောင့်ကြည့် အကဲခတ်ခဲ့ကြသည်။တရားခံသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များမှ အချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် တရားခံ၏ နေအိမ်မှ တရားမ၀င် စာရွက်စာတမ်းအတုများ ပြုလုပ်ရာတွင် အသုံးပြုသော သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိသည်။ အဆိုပါအဖွဲ့သည် ထိုသို့ စာရွက်စာတမ်းအတု အမျိုးမျိုးပြုလုပ်ခြင်းမှနေ၍ တစ်လျှင် ရင်းဂစ်ငွေ ၁ သိန်းခန့် အကျိုးအမြတ်ရခဲ့သည်ဟု Rahman က ပြောဆိုခဲ့သည်။ ထိုအဖွဲ့အစည်းသည် လွန်ခဲ့သည့် ၃ လခန့်မှ စ၍ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ကနဦး စုံစမ်းစစ်ဆေးချက်များအရ သိရှိရသည်။ ယခုအခါ မလေးရှား အာဏာပိုင်များက ထိုအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးအား လိုက်လံရှာဖွေလျက် ရှိသည်။

28 January, 2009

နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်ပြီ


Thursday, 22 January 2009 17:16 ဇာနည်ဝင်း
မလေးရှားနိုင်ငံသည် ၎င်း၏နိုင်ငံသားများ အလုပ်အကိုင် ရှားပါးလာမည်ကို ကာကွယ်သည့် အနေဖြင့် စက်ရုံ၊ စတိုးဆိုင်၊ စားသောက် ဆိုင်များအတွက် ပြည်ပမှ အလုပ်သမားများ ခေါ်ယူခြင်းကို တားမြစ် လိုက်ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မလေးရှားရောက် နိုင်ငံခြားသားတို့၏ ရှေ့ရေးကလည်း မရေမရာ ဖြစ်လာသည် (ဓာတ်ပုံ - အေပီ)နိုင်ငံခြားသား အလုပ်သမားများ လျှော့ချရန် ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း အဆိုပါ အမည် မဖော်လိုသူ အရာရှိက ပြောပြသည်ဟု ဆိုသည်။မလေးရှားနိုင်ငံ The Star သတင်းစာ အင်တာနက် စာမျက်နှာတွင်မူ ပြည်ပမှ အလုပ် သမားများ ခေါ်ယူမှု လျှော့ချခြင်းကို တဆင့်ပြီး တဆင့် လုပ်ကိုင်သွားမည် ဟူသော ဒုဝန်ကြီးချုပ် Datuk Seri Najib Tun Razak ၏ ပြောကြားချက်ကို ဖော်ပြထားသည်။ပို့ကုန် အားထားသည့် မလေးရှား နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် ပြီးခဲ့သည့် သုံးလအတွင်း နိုင်ငံသား တသောင်းကျော်၊ နိုင်ငံခြားသား အလုပ်သမား သုံးထောင်ကျော် အလုပ်ပြုတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံသား လေးသောင်းခွဲခန့် အလုပ်ပြုတ်ဦးမည်ဟု အစိုးရက ခန့်မှန်းထားသည်။မလေးရှားတွင် မြန်မာနိုင်ငံသား အများအပြားလည်း အလုပ် လုပ်ကိုင်လျက်ရှိသည်။ ဤသို့သော အခြေအနေတွင် မြန်မာ အလုပ်သမားတချို့သည် အလုပ် ဖြုတ်ခံရမည်ကို စိုးရိမ်သဖြင့် အချိန်ပို အခမဲ့ လုပ်အားပေးနေရသည်ဟု မလေးရှားအခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့ တခုက ဆိုသည်။“အိုဗာတိုင်ကြေးတွေ မပေးတော့တာတို့၊ လစာတွေ လျှော့လိုက်တာတို့ အဲဒါတွေ ရှိတယ်။ အဲဒါကို မကျေနပ်ရင်တော့ ပြန်ရမယ်ပေါ့” ဟု မြန်မာနိုင်ငံသား အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (BWRPC) မှ ကိုရဲမင်းထွန်းက ဧရာဝတီသို့ ပြောပြသည်။“အသက် ၂၃ နဲ့ ၂၈ ကြားထဲရှိတဲ့ မိန်းကလေးတွေ။ ဗမာပြည်ကနေ စက်ချုပ်မယ် ဆိုပြီး ဒီလာ။ ဒီလာပြီးတော့ ယုံတောင် မယုံနိုင်စရာပဲ၊ တခါ အလုပ်လုပ်ရင် နာရီ ၂၀၊၂၆ နာရီ အဲဒီလို လုပ်ရတာ။ ပလာတာ တချပ်ကျွေးတယ်။ ပြီးတော့ အဲဒီလို လုပ်ရတာ” ဟု ကိုရဲမင်းထွန်းက ရှင်းပြသည်။စက်ရုံ အလုပ်သမားများသည် လစာငွေ မလေးရှား ရင်းဂစ် ၅၀၀ကျော် (ဒေါ်လာ ၂၀၀ ခန့်) ရရှိကြောင်း၊ မလေးရှား နိုင်ငံသားများ မက်မောသည့် ၀င်ငွေ မဟုတ်ကြောင်း ကိုရဲမင်းထွန်းက ဆိုသည်။မလေးရှားသည် အာရှတိုက်တွင် ပြည်ပ အလုပ်သမား အများဆုံး ခေါ်ယူ တင်သွင်းသည့် နိုင်ငံတခုဖြစ်သည်။ လူဦးရေ ၂၇ သန်းရှိသော မလေးရှားနိုင်ငံတွင် ပြည်ပမှ အလုပ်သမားပေါင်း ၂ သန်းကျော် အလုပ် လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံသားများ ပါဝင်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းခွင် နှင့် စက်ရုံများတွင် လုပ်ကိုင်ကြသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများ ဖျက်သိမ်းကြဖွယ်ရှိ

Tuesday, 27 January 2009 18:45 အောင်သက်ဝိုင်း

မြန်မာ အလုပ်သမားများကို နိုင်ငံရပ်ခြားသို့ တရားဝင် ပို့ဆောင်ပေးနေသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေနှင့် ယခုနှစ်တွင် လုပ်ငန်းလိုင်စင် သက်တမ်း ဆက်မတိုးတော့ဘဲ ဖျက်သိမ်းကြဖွယ် ရှိကြောင်း ရန်ကုန်အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များက ပြောသည်။ယခုအခါ နိုင်ငံရပ်ခြားသို့ မြန်မာ အလုပ်သမားများ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၃၂ ခုအနက် ထက်ဝက်ခန့်မှာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းကြရန် စီစဉ်နေကြောင်း ရန်ကုန်၊ ကျောက်တံတား မြို့နယ်မှ ပြည်ပ အလုပ်အကိုင် အေဂျင်စီပိုင်ရှင် တဦးက ပြောသည်။ ထိုလုပ်ငန်းများ အားလုံး အလုပ်သမား ၀န်ကြီးဌာနတွင် တနှစ်တကြိမ် လုပ်ငန်းလိုင်စင် သက်တမ်း တိုးရကြောင်း ၎င်းကဆက် ပြောသည်။“မနှစ် နိုဝင်ဘာလောက် ကတည်းက ပြည်ပအလုပ် ခေါ်တာတွေ အရမ်းနည်းလာတယ်။ ဒီဇင်ဘာလ မှာလည်း ပိုပြီး နည်းလာတယ်။ ခုတော့ လုံးဝကို အလုပ်ခေါ်စာ မရှိတောဘူး” ဟု ကမာရွတ် မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုမှ ၀န်ထမ်းတဦးက ရှင်းလင်း ပြောပြသည်။ယခင်က အေဂျင်စီ တခုအနေနှင့် မလေးရှားသို့ တလလျှင် လုပ်သား ၃၀ နှင့် ၄၀ အကြား စေလွှတ်နိုင်ခဲ့ သော်လည်း ယခုအခါ ၃ ဦးမှ ၁၀ ဦးခန့် အထိသာ စေလွှတ်နိုင်ပြီး တချို့သော လများတွင် အလုပ်ခေါ်စာ မရှိသည့် အတွက် လုပ်သားများ လုံးဝ စေလွှတ်နိုင်ခြင်း မရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်မှ သိရှိရသည်။ရန်ကုန် အခြေစိုက် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၃၂ ခုတွင် မလေးရှား နိုင်ငံသို့ အဓိကထားကာ လုပ်သား ပို့ဆောင်နေသည့် အေဂျင်စီ အရေအတွက်မှာ ၇၀ ကျော်ရှိပြီး စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဒူဘိုင်းနှင့် တခြားသော နိုင်ငံများသို့ ပို့ဆောင်သည့် အေဂျင်စီ အရေအတွက်မှာ ၄၀ နီးပါးရှိသည်။ ယခု အနေအထားတွင် မလေးရှားနိုင်ငံမှ အလုပ်ခေါ်ဆိုမှု အလွန့််အလွန် ကျဆင်းနေသည့် အတွက် စီးပွားရေး အဆင်မပြေ တော့ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသိုင်းအ၀န်းမှ သိရသည်။မြန်မာလုပ်သားအများအပြား တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မလေးရှား နိုင်ငံမှ အလုပ်သမား ခေါ်ယူမှုမရှိသကဲ့သို့ စင်ကာပူနိုင်ငံသည်လည်း လုပ်သားခေါ်ယူမှု အလွန်အမင်း လျော့ကျနေသည့်အတွက် အလုပ်အကိုင်အေဂျင်စီများတွင် မြန်မာလုပ်သား အများစု ရာထောင်ချီ သောင်တင်စုပြုံနေကြောင်း ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးအနီးရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီတခု၏ ပိုင်ရှင်ကပြောဆိုသည်။“မလေးရှားသွားချင်တဲ့ သူကများတယ်။ အားလုံးကနယ်ကချည်းပဲ။ သွားချင်တဲ့လူက များပြီး အလုပ်ခေါ်စာက နည်းတော့ လူတွေစုပြုံ တိုးနေကြတာ။ လယ်သမားတွေ၊ ရာဘာခြံ လုပ်သားတွေ အများကြီးပဲ။ စင်ကာပူ သွားချင်တဲ့ လူတွေလည်း ပုံနေပေမယ့် မလေးရှား သွားချင်တဲ့ လူလောက်တော့ မများဘူး” ဟု ၎င်းကပြောပြသည်။ကာတာ၊ ယူအေအီးနှင့် ဒူဘိုင်း နိုင်ငံများသို့ လုပ်သားစေလွှတ်နိုင်သော အေဂျင်စီ အနည်းငယ်မှာမူ အလုပ်ဖြစ်နေသေးသော်လည်း တခြား အေဂျင်စီအများစုမှာ အလုပ်မဖြစ် တော့ဘဲ စီးပွားရေး အဆင်မပြေကြောင်း သိရှိရသည်။ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် ယခုအခြေအနေတွင် စီးပွားရေးကြပ်တည်းသည့်ပြဿနာများ ရင်ဆိုင်နေရသကဲ့သို့ တနှစ်လျှင် လုပ်သား ၃၀၀ ပြည်ပသို့ စေလွှတ်နိုင်မှသာ အေဂျင်စီ လိုင်စင်သက်တမ်းတိုးပေးမည် ဆိုသော အလုပ်သမားဝန်ကြီးဌာန၏ ကန့်သတ်ချက် ကြောင့် အခက်တွေ့နေရကြောင်း ကြားသိရသည်။“ပြည်ပအလုပ်တွေ ရှားသွားတော့ အေဂျင်စီတော်တော်များများ မနှစ်ကတည်းက လုပ်သား ၃၀၀ ပြည့်အောင် မပို့နိုင်တော့ဘူး။ စီးပွားရေးမကောင်းတဲ့ အချိန်မှာ အလုပ်သမား ၀န်ကြီး ဌာနရဲ့ သတ်မှတ်ချက် ကြောင့် လုပ်ငန်းလိုင်စင် ဖျက်သိမ်းကြဖို့ များတယ်” ဟု ကမာရွတ် မြို့နယ်မှ ပြည်ပအလုပ်ကိုင် အေဂျင်စီ လုပ်ငန်းရှင်ကဆိုသည်။အလုပ်သမားဝန်ကြီးဌာန၏ ကန့်သတ်ချက်ကို လျှော့ချပေးသည့်တိုင် စီးပွားရေးပြန်လည် ကောင်းမွန်မည့် အခြေအနေ မရှိသည့်အတွက် အေဂျင်စီများသည် ၂၀၀၉ ခုနှစ်အတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးကြဖွယ် မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ အေဂျင်စီပိုင်ရှင်တဦးက သုံးသပ်သည်။လက်ရှိအနေအထားအရ မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားခေါ်ဆိုမှု လုံးဝမရှိတော့ဘဲ စားသောက်ဆိုင်နှင့် တခြားဝန်ဆောင်မှုလုပ်ငန်း အနည်းငယ်မှ လုပ်သားခေါ်ယူမှု အနည်းငယ်သာရှိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီ ဈေးကွက်မှ သိရှိရသည်။“အလုပ်ရုံ စက်ရုံတွေက လုပ်သားခေါ်စာ လုံးဝမရတော့ဘူး။ စားသောက်ဆိုင်နဲ့ ကားရေဆေးတို့လို ၀န်ဆောင်မှု လုပ်ငန်းတွေကတော့ လုပ်သားနည်းနည်း ခေါ်တယ်” ဟု ကျောက်တံတားမြို့နယ် အေဂျင်စီတခု၏ မန်နေဂျာ တဦးက ပြောပြသည်။ပြည်ပနိုင်ငံမှ အလုပ်အကိုင်ခေါ်ဆိုမှု နည်းပါးနေသော်လည်း အလုပ်အကိုင် ပြန်လည် ကောင်းမွန်ချိန်တွင် လုပ်သားခေါ်ယူမှုများ ပြန်လည်စတင်ပါက အဆင်သင့် ဖြစ်ရန် မလေးရှားနိုင်ငံအတွက် လုပ်သား ၁၅၀၊ စင်ကာပူနိုင်ငံအတွက် လုပ်သား ၆၀၀ ကျော် စုဆောင်းနေကြောင်း ရန်ကုန်မြို့မှ နာမည်ကျော် သုခစုစံပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီ ၀န်ထမ်းတဦးက ရှင်းပြသည်။သုခစုစံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွင် မလေးရှားနှင့် စင်ကာပူ အလုပ်အကိုင် အတွက် စာရင်းပေးသွင်းသည့် လုပ်သားများ အလုပ်ရရှိရန် ၃လ၊ ၅လ သို့မဟုတ် ပြည်ပအလုပ်များမှ လုပ်သား လိုအပ်ကြောင်း အလုပ်ခေါ်စာ ပေးပို့သည့်အချိန်ထိ စောင့်ဆိုင်းကြရကြောင်း ၎င်းက ပြောပြသည်။မြန်မာအလုပ်သမားအများစု သွားရောက်အလုပ်လုပ်နေသော မလေးရှားနိုင်ငံတွင် တရုတ် နှစ်သစ်ကူးအပြီး အလုပ်သမား ၄၅၀၀၀ ကို လျှော့ချမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းများအတွက် နိုင်ငံခြားသား လုပ်သားများ ခေါ်ယူမှုရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း မလေးရှား လူ့အရင်းအမြစ် ၀န်ကြီး အက်စ်ဆူဗရာမာနီယန်က ပြောကြားခဲ့ပြီး ယခုအချိန်သည် နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းရမည့် အချိန်မဟုတ်ဘဲ ပထမဆုံး လျှော့ချရမည့် အလုပ်သမားများသည် နိုင်ငံခြားသားများသာ ဖြစ်သင့်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောကြားသည်ဟု ဇန်န၀ါရီ ၂၂ ရက်နေ့ နယူး စထရိတ်တိုင်းမ်(စ်) သတင်းစာတွင် ဖော်ပြထားသည်။ထိုသတင်းဖော်ပြချက်များကြောင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းမပြုဘဲ ဖျက်သိမ်းရန် စီစဉ်နေသည့် ရန်ကုန် ပြည်ပ အလုပ်အကိုင်အေဂျင်စီများ အတွက် ယခုနှစ် လုပ်ငန်းများခေတ္တရပ်နားရန် ပိုမိုသေချာလာစေသည်ဟု ကမာရွတ်မြို့နယ်မှ လုပ်ငန်းရှင်က သုံးသပ်သည်။“မလေးရှားအလုပ်အတွက် စောင့်နေတာ သုံးလလောက်ရှိပြီ။ ခုထက်ထိ မရသေးဘူး” ဟု တာမွေမြို့နယ် အတွင်းရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုနှင့် ဆက်သွယ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန် စီစဉ်နေသူ အသက် ၂၇ နှစ်အရွယ် ရန်ကုန်သား တဦးက ဆိုသည်။ယခုနှစ် စပါးဈေးနှုန်းနှင့် ပဲဈေးနှုန်းများ ကျဆင်းခဲ့ရာ တောင်သူ လယ်သမားများ အရှုံးပေါ်လျက်ရှိသောကြောင့် ဧရာဝတီတိုင်းမှ တချို့သော လယ်သမားများမှာ လယ်ယာလုပ်ငန်း ပြန်လည် လုပ်ကိုင်ရန် စိတ်မ၀င်စားတော့ဘဲ မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း ဧရာဝတီတိုင်း၊ ကျောင်းကုန်း မြို့နယ်မှ လယ်သမားများက ပြောကြသည်။

"လေနှင်ရာသို့ လွှင့်ခဲ့ပြီ" ( မလေးရှား star18.1.09သတင်းစာမှ)

ထိုင်းရေတပ်အနေနဲ့ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေရှ် နိုင်ငံတို့မှ တရားမ၀င် ၀င်ရောက်လာသူများအပေါ် လက်လွတ်စပယ်ပြုကျင့်ခဲ့မှုများ မရှိခဲ့ဘူး ဆိုတာကို မနေ့က ငြင်းဆိုလိုက်ပါတယ် ရေတပ်က တရားမ၀င် ၀င်လာသူများကို ဖမ်းဆီးပြီး ပင်လယ်ထဲ သို့ မျောလိုက်သည်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်ခြင်း ဖြစ်တယ်
ထိုင်းရေတပ် ပြောခွင့်ရ ဗိုလ်ကြီး ပရာချာချတ် က BBC က ဖေါ်ပြခဲ့သော ဓါတ်ပုံနှင့်ပက်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးပြီလို့ ပြောကြား လိုက်ပါတယ် BBC ကဖေါ်ပြခဲ့သော ဓါတ်ပုံထဲတွင် ဖမ်းဆီးခံရသူများကို လက်နှစ်ဖက်ကို ဦးခေါင်းပေါ်တင်လျှက် ကမ်းခြေတခုပေါ်တွင် လူအများ မှောက်လျှက်လဲနေသောဓါတ်ပုံဖြစ်သည်
ပရာချာချတ်ကဆက်လက်ပြောကြားရာတွင် အာဏာပိုင်များအနေနှင့် ပုံမှန်လုပ်ငန်းစဉ် များကိုသာလုပ်ကိုင်
ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ချက်ချပြောကြားလိုက်ပါသည်
ထိုသူများမှာ ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ရန် ထိုင်းလူမှောင်ခိုကူးသူများထံသို့ အခကြေးငွေ များပေးဆောင်ခဲ့ပြီး ထိုင်းရေပိုင်နက်သို့ ရောက်ရှိသော အခါတွင် ဖမ်းဆီးပြီး ခိုစိုင်ဒန် ကျွန်းပေါ်သို့ခေါ်ဆောင်ကာ မိမိတို့အပြစ်လွတ်ရန် အစားအစာနှင့် ရေ အနည်းအငယ် ပေးကာ စက်မပါသော လှေဖြင့် ရေစီးကြောင်းအတိုင်း ပင်လယ်ထဲသို့ မျောလိုက်ကြောင်းကို အသက်ရှင်ကျန်ရစ်သူများက BBCနှင့် မေးမြန်းခန်းတခုတွင် ပြောကြားခဲ့ပါတယ်
သို့သော် ပရာချာချတ်က ထိုဓါတ်ပုံများမှာ မှားယွင်းယုံကြည်မှုဖြစ်စေရန်ပြုလုပ်ထားခြင်းဖြစ်သည်ဟု ငြင်းပယ်ပြောကြားလိုက်သည် ထိုငြင်းဆိုမှုနောက်ပိုင်း ထိုင်းနိုင်ငံခြားရေးဋ္ဌာနမှလည်း အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသူများနဲ့ ပက်သက်ပြီး သုံးသပ်မှုများပြုလုပ်ရမယ်ဆိုတဲ့ ကြေငြာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်
ယခုခါ ရာနဲ့ချီတဲ့ ထိုသူများကို အိန္ဒိယကမ်းခြေစောင့်များ အင်ဒိုနီးရှားနိုင်ငံတို့က ကယ်တင်ထားပြီး အက်ဒမန်ကျွန်းနှင့် အင်ဒိုနီးရှားရှိ အာချေးပြည်နယ်တို့တွင် ရေဓါတ်ဆုံးရှုံးမှုဝေဒနာအတွက် ဆေးကုသမှုခံယူနေကြသည် နောက်ထပ် တရာကျော်လောက်လည်း ပျောက်ဆုံးနေတယ်လို့ ဖေါ်ပြထားပါတယ်
ဝါရှင်တန်အခြေစိုက် ဒုက္ခသည်များဆိုင်ရာ အဖွဲ့ဖြစ်တဲ့ RI ကတော့ ထိုင်းရေတပ်ဟာ ခိုလှုံဖိုရောက်ရှိလာတဲ့ သူများကို ယခုလိုပြုမူလိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနဲ့ ဥပဒေများကို ချိုးဖောက်လိုက်ခြင်းပဲလို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်
ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ ဧရာဝတီမဂ္ဂဇင်းနဲ့ပြုလုပ်တဲ့ မေးမြန်းမှုတခုမှာ လူ့အခွင့်အရေး တက်ကြွသူ တစ်ဦးဖြစ်တဲ့ ခရစ်လီဝါ ဆိုသူက"ဒါဟာ သည်းမခံလောင်တဲ့အခြေအနေဘဲလို "ပြစ်တင်ဖန်လိုက်ပါတယ်။
ကုလသမ္မဂ္ဂဆိုင်ရာ ဒုက္ခသည် agency ကတော့ ထိုင်းအစိုးရကို စုံစမ်းမှုများပြုလုပ်ပေးရန် တောင်းဆိုလိုက်ပြီး စိုးရိမ်မှုများရှိတယ်လို့ ထုတ်ဖေါ်ပြေားကြားပါတယ်
မူဆလင်ရိုဟင်ဂျာများမှာ ဗုဒ္ဓဘာသာအများစုနေထိုင်တဲံ့ မြန်မာနိုင်ငံမှဖြစ်ပြီး ဖိနှိပ်မှုများနှင့် စီးပွားရေးအခက်အခဲများမှလွတ်မြောက်စေရန်နှစ်လေးဆယ်ကျော်စစ်အစိုးရမှအုပ်ချုပ်နေသော မြန်မာနိုင်ငံမှ
ထွက်ခွါလာခြင်းဖြစ်သည် ဟု လူ့အခွင့်အရေးအဖွဲ့များမှ ပြောကြားသည်

19 January, 2009

သက်တန့်ရောင် သူရဲကောင်းလူငယ်များမှ စုပေါင်း ဓမ္မပူဇာသဘင် ဖိတ်ကြား

မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊
ဓမ္မိကာရာမ မြန်မာ ဘုန်းတော်ကြီးကျောင်း

မိသားစု စုပေါင်းဓမ္မ ပူဇာသဘင်
ဖိတ်ကြားလွှာ

၂၀၀၉ ခုနှစ် ၊ ဇန်န၀ါရီလ ( ၂၆ ) ရက်နေ့တွင် ပီနန်းမြို့ ၊ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီး ကျောင်း၌ သက်တန့် ရောင်သူရဲကောင်းများ ပရဟိတ နှင့် လူမှုကူညီဆောင် ရွက်ရေး အသင်းကြီး မှ ဦးဆောင်၍ စေတနာရှင် ဓမ္မမိတ်ဆွေ ရွှေမြန်မာညီအစ်ကိုမောင်နှများ မှ ပီနန်း ဆရာတော်ကြီး ဦးပညာဝံသ အား အမှူးထား၍ သံဃာ တော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း နှင့် ဓမ္မပူဇာသဘင် ကို ဆင်ယင်ကျင်းပ မည်ဖြစ်ပါ၍ ကျွန်ုပ်တို့နှင့်အတူ ဓမ္မပူဇာသဘင်ပွဲကြီး အား ပါဝင်ဆင်နွဲကြပြီး တရားတော်နာ ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

အချိန်------နံနက် (၆) နာရီ မှ ညနေ (၄) ရီအထိ

နေ့ရက်----၂၀၀၉ ခုနှစ် ၊ ဇန်န၀ါရီလ ( ၂၆ ) ရက်

နေရာ------ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း ၊ ပီနန်းမြို့



မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမအပေါင်း တို့

သက်တန့်ရောင် သူရဲကောင်းများ ပရဟိတ နှင့် လူမှုကူညီဆောင်ရွက်ရေးအသင်းကြီး မှ ဦးစီးလျှက်
ပီနန်းမြို့ ၊ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း၌ ၂၀၀၉ ခုနှစ် ၊ ဇန်န၀ါရီလ ( ၂၆ ) ရက်နေ့တွင် မိသားစု - စုပေါင်း ဓမ္မပူဇာသဘင် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည် ။ သို့ပါ၍ အလှူအားလုံးထက် အမွန်မြတ်ဆုံးဖြစ်သော ဓမ္မအလှူ ပွဲတော်ကြီးတွင် ကျွန်ုပ်တို့နှင့်အတူ ထက်သန်သော စိတ် ၊ ရင့်သန်သော စေတနာ ၊ ဖြူစင်သော သဒ္ဓါတရား တို့ဖြင့် လက်တွဲပါဝင်ကာ လှူဒါန်း ကုသိုလ်ပြုနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးးဆော်အပ်ပါသည် ။

ဆက်သွယ် လှူဒါန်းရန်

  • ကိုသန်းထွန်း -----၀၁၆၄၅၇၈၇၃၅
  • ကိုကျော်ထူးမောင် ၀၁၆၄၈၄၇၈၂၁ နီပွန်တပယ်
  • ကိုဇေယျာ -------၀၁၆၄၇၃၈၇၂၇
  • ကိုစိုးနိုင်----------၀၁၆၆၀၃၅၃၁၇ မသံပေါက်
  • ကိုအောင်ကိုမြင့်--၀၁၆၄၅၉၀၀၈၉
  • ကိုအောင်ဆန်း---၀၁၆၄၀၉၅၅၄၈ နာဂါစာရီ
  • ကိုကျော်ဖြိုးဝေ---၀၁၆၄၃၇၃၁၂၄
  • ကိုဝင်းမြတ်ထွန်း--၀၁၆၄၈၈၄၇၅၃ ပလန်စရိုက်
  • ကိုမျိုးဝင်း--------၀၁၆၄၉၀၁၃၂၅
  • ကိုအေးလွင်မိုး----၀၁၆၄၈၃၇၁၉၁ တာမန်မဆလာ
  • ကိုဝင်းကိုဦး------၀၁၆၄၈၅၉၈၄၇
  • ကိုသန်းနိုင်-------၀၁၆၄၉၆၀၄၆၁ မက် မာဒင်
  • ကိုကျော်ဝင်းဆန်း-၀၁၄၃၄၅၃၈၉၆
  • ကိုဇော်ဌေး-------၀၁၇၄၂၇၇၈၅ လူးနပ်(စ)
  • ကိုကျော်နိုင်------၀၁၇၄၅၇၀၂၇၄
  • ကိုဇေယျာ-------၀၁၇၄၄၃၀၃၅၈ လူးနပ်(စ)
  • ကိုအောင်သူရ---၀၁၄၃၄၂၉၉၄၁ မစန္ဒာမိုး ………………. တာမန် ပလန်ဂီး
  • ကိုမြင့်စိုး--------၀၁၆၄၂၆၅၃၁၆ မစမ်းစမ်းမူ ................. ရာဂျာဟူဒါ


This blog information for all of Myanmar in Malaysia.

13 January, 2009

မလေးရှားနိုင်ငံ အကြောင်း တစေ့တစောင်း

မလေးရှားနိုင်ငံ၏နယ်နိမိတ် ဧရိယာအကျယ်အ၀န်းသည် စတုရန်း ၃၂၉၈၄၂ ကီလိုမီတာရှိပြီး မြန်မာနိုင်ငံထက် ထက်ဝက်သေးငယ်သည်။ လူဦးရေအားဖြင့် ၂၅ သန်းကျော် ရှိပြီး မလေး၊ တရုတ်နှင့် အိန္ဒိယလူမျိုးတို့သည် နိုင်ငံသားများ ဖြစ်ကြတယ်။၊ အချို့သော မလေးများမှာ အာရပ်နွယ်ဖွားများဖြစ်ကြသည်။ ထို့အပြင် မြန်မာ၊ အင်ဒိုနီးရှား၊ နီပေါ၊ ဗီယက်နမ်စတဲ့ အခြားနိုင်ငံခြားသား ၂သန်းကျော်လည်း လာရောက်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။


မြို့တော်မှာ ကွာလာလမ်ပူ ဖြစ်ပြီး ပူထရာဂျာရာသည် အစိုးရရုံးများ စိုက်ရာမြို့ ဖြစ်ပြီး ကွာလာလမ်ပူ မြို့နှင့် အနည်းငယ်သာ ဝေးကွာသည်။ မလေးရှားနိုင်ငံကို တောင်တရုတ်ပင်လယ်မှ အရှေ့နှင့် အနောက်ဟူ၍ ခြားထားလျှက်ရှိပြီ်း အနောက်ဘက်ခြမ်းသည် စီးပွားရေး ထွန်းကားမှု ပိုမို၍ကောင်းမွန်သည်။ အရှေ့ဘက်ခြမ်းတွင် ပြည်နယ် ၂ခုနှင့် အနောက်ဘက်တွင် ပြည်နယ် ၁၁ခု တို့အပြင် ဗဟိုအစိုးရထိန်းချုပ်ရာ နယ်မြေ ၃ခု တို့ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းထားရှိသည်။ ပြည်နယ်တိုင်းတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ များရှိပြီး နိုင်ငံအဆင့်ကို ဗဟိုအစိုးရမှအုပ်ချုပ်လျက်ရှိသည်။









ဘုရင်မှာ နိုင်ငံအကြီးအကဲဖြစ်ပြီး ပြည်နယ် ၉ခုရှိ စူလတန်များမှာ ၅နှစ်တစ်ကြိမ်အလှည့်ကျတင်မြောက်လေ့ရှိသည်။ အစိုးရရွေးကောက်ပွဲများကို ၄နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး လက်ရှိအစိုးရကို ၀န်ကြီးချုပ်ဘာဒါဝီက ဦးဆောင်လျှက်ရှိပါတယ်။






၁၉၅၃ တွင် နိုင်ငံလွတ်လပ်ရေးရပြီး ၁၉၆၃ တွင် စင်္ကာပူသည် ပြည်နယ်အဆင့်မှ နိုင်ငံတစ်ခုအဖြစ် မလေးရှားမှခွဲထွက်ခဲ့သည်။ ၁၉၉၀ နှောင်းပိုင်းတွင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းပြောင်းလဲလာပြီးနောက် နိုင်ငံတိုင်းသည်စီးပွားရေးကို အလေးထားခဲ့ရာ ယခုအခါ မလေးရှားနိုင်ငံသားများ၏ တဦချင်းဝင်ငွေမှာ $6956 ထိရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေမှာမူ $233 သာရှိသည်။

မလေးရှားနိုင်ငံတွင် တယ်လီဖုန်းကုမ္ပဏီကြီး ၃ခု ရှိပြီး ကမ္ဘာ့အဆင့်မီ ၀န်ဆောင် မှုများကို ထောက်ပံ့ပေးလျှက်ရှိသည်။ လူအများ သုံးစွဲနိုင်လောက်အောင် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးနှုန်းများလည်း ချိုသာသည်။ ဖုန်းလိုင်း ကတ်တခုဝယ်ယူလျှင် သင့်အနေနှင့် Rm-5.00 ဖိုး အခမဲ့ စကားပြောခွင့် ရပါ လိမ့်မည်။ ထိုကတ်၏တန်ဖိုးမှာ Rm 8.5 မျှသာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ အစိုးရသတ်မှတ်ဈေး၁၅သိန်းခွဲ ရှိပြီး အလွယ်တကူမရနိုင်ပါ။ မလေးရှားတွင်မူ authorized centre တွင်ဝယ်ယူနိုင်ပြီး ထိုဆိုင်များမှာလည်း ပေါများလှ ပါသည်။
မြို့တော်ကွာလာလမ်ပူတွင် KLIA လေဆိပ်ရှိပြီး မြို့တော်တစ်ခွင် မြေအောက်ရထား၊ ကောင်းကင်ရထား ၊Rapid KL Bus Route တို့နှင့် သင်သွားလိုရာကို သက်သက်သာသာ သွားရောက်နိုင်ပါသည်။ ပြည်နယ်နှင့် တိုင်းများတွင် အဝေးပြေး ဘစ်ကားဂိတ်များရှိပြီး တစ်နိုင်ငံလုံးသို့ လွယ်လင့် တကူ သွားနိုင်သည်။ ကားပေါ်မှဆင်းပြီး Check Point များတွင် စစ်ဆေးသော ဓလေ့မရှိပါ။ ထိုနည်းတူစွာ သန်းခေါင်စာရင်း စစ်ခြင်းလည်း မတွေ့ရသကဲ့သို့ ဧည့်စာရင်းလည်းတိုင်စရာ မလိုအပ်ပါ။
Banking System မှာလည်း လွန်စွာမှ အားကိုးလောက်ပါသည်။ ATM centre များတွင်စက်ထဲမှ ပိုက်ဆံထုတ်ခြင်း ၊ပိုက်ဆံထည့်ခြင်း စသည်တို့ကို ၂၄ နာရီ နီးပါး စိတ်တိုင်းကျအသုံးပြုနိုင်သည်။ ထိုသို့ဝန်ဆောင်မှုများချောမွေ့မှုကြောင့် ၂၀၀၈ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၁၉.၉ သန်းကျော် လာရောက်လည်ပတ်၍ မြန်မာနိုင်ငံသို့ ၂သိန်း၃သောင်းသာလာရောက်ကြောင်းတွေ့ရှိရသည်။

ပေးပို့သူ အဓိပတိ
This blog information for all of Myanmar in Malaysia.

Followers