Showing posts with label irrawaddy.org. Show all posts
Showing posts with label irrawaddy.org. Show all posts

24 October, 2009

မလေးရှားရှိ မြန်မာသတင်းဂျာနယ်များ သံရုံးဖိအားကို ရင်ဆိုင်နေရ

( ဧရာဝတီ သတင်း မှ ထပ်ဆင့်ဖော်ပြသည် )
E-mail Print

မလေးရှားနိုင်ငံတွင် မြန်မာဘာသာဖြင့် ထုတ်ဝေလျက် ရှိသောဂျာနယ်များအနက် သူရိယနှင့် ပြည်ထောင်စု ဂျာနယ် များအား လက်ခံမရောင်းချရန် မြန်မာဆိုင်များကို ဖိအား ပေးမှု ရှိကြောင်း သတင်းရသည်။
အဆိုပါ ဂျာနယ်များကို လက်ခံ မရောင်းချရန် နီးစပ်သူများမှ တဆင့် မလေးရှားရှိ မြန်မာသံရုံးက မှာကြားထားခြင်း ဖြစ်သည်ဟု မြန်မာဆိုင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။


၎င်းက “ဒီက မြန်မာဆိုင်တွေက ပြည်ဝင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့ သူတွေက လာရောက် လုပ်ကိုင် နေ တာ များတော့ မြန်မာ သံရုံးရဲ့ ငြိုငြင်ခံရမှာရယ်၊ နောက် အခု ဂျာနယ်တွေက နိုင်ငံရေးနဲ့ဆက်စပ်နေတော့ နိုင်ငံကူး လက်မှတ် အပိတ်ခံရမှာကိုလည်း စိုးရိမ်တယ်လေ၊ သံရုံးနဲ့ နီးစပ်တဲ့ ဆိုင်တွေကို အဲဒီဂျာနယ်မရောင်းဖို့ တိုးတိုးတိတ်တိတ် အသိပေးထားတယ်” ဟု ပြောသည်။

သူရိယ၊ ပြည်ထောင်စုဂျာနယ်များသည် ဧရာဝတီ၊ မဇ္စျိမ၊ ခေတ်ပြိုင်၊ VOA ၊ RFA အစရှိသော သတင်းဌာနများမှ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော သတင်းများကိုကောက်နုတ်၍ တစ်လလျှင် တစ်ကြိမ်နှစ်ကြိမ်ကျ ထုတ်ဝေခြင်း ဖြစ်သည်။

ပြည်ထောင်စုဂျာနယ်သည် ၂၀၀၉-ခုနှစ် ဇွန်လမှစတင်၍ ထုတ်ဝေခဲ့သည်။ တစ်လလျှင် စောင်ရေ ၁၅၀၀နှင့် ၁၈၀၀ ကြား ဖြန့်ဝေလျက်ရှိပြီး တန်ဖိုးမှာ မလေးရှားငွေ ၂ ရင်းဂစ်ဖြင့် ရောင်းချကြောင်းသိရသည်။

ပြည်ထောင်စုဂျာနယ်မှ မန်နေဂျာကိုအောင်ထွန်းဦးက “ကျနော်တို့ ဂျာနယ်ဆိုင်တွေမှာမတင်နဲ့ ဆိုတဲ့ သတင်းတော့ အခုထိ မကြားသေးဘူး၊ ဒါပေမယ့် မလေးရှားက မြန်မာဆိုင်အတော်များများက ကျနော်တို့ ဂျာနယ်ကို တင်ဖို့လက်မခံကြဘူး”ဟု ပြောသည်။

နိုဝင်ဘာလ ၃၀ရက်က စတင်ထုတ်ဝေခဲ့သော သူရိယဂျာနယ်သည် စောင်ရေ ၁၀၀၀ ခန့်ဖြန့်ဝေပြီး တန်ဖိုးမှာ မလေးရှားငွေဖြင့် ၂.၅ ရင်းဂစ်ဖြင့်ရောင်းချ ကြောင်းသိရသည်။

သူရိယဂျာနယ်နှင့် နီးစပ်သူ ကိုမိုးဝေက“သူရိယ ဂျာနယ်ကို မြန်မာဆိုင်တွေမှာမတင်ဖို့ မြန်မာသံရုံးက လိုက် ပိတ်ပင်နေတယ်၊ ဂျာနယ်ဆိုင်ပေါ်သွားတင်ရင် ဆိုင်ရှင်တွေကပြောတယ် နိုင်ငံရေးဂျာနယ်ဆို သံရုံးက ပြဿနာ လာရှာမယ်လို့၊ အခု ဆိုင် ၁၂ ဆိုင်မှာ ၆ ဆိုင်ပဲလက်ခံတော့တယ်၊ တကယ်တော့ လက်ရှိ မြန်မာနိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ဒီဘက်က လူတွေ သိဖို့လိုတယ်” ဟုဆိုသည်။

မလေးရှားရဲများက သူရိယဂျာနယ်ထုတ်ဝေသူကို ခေါ်ယူစစ်ဆေးနေသည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မလေးရှားဌာနခွဲ) ဥက္ကဋ္ဌ ကိုကျော်ကျော်က “သူရိယ၊ ပြည်ထောင်စုနဲ့ တခြား ဂျာနယ် တစ်ခုကို မြန်မာဆိုင်တွေမှာ တင်ခွင့်မပေးအောင်ဆိုပြီးတော့ မြန်မာသံရုံးနဲ့သက်ဆိုင်သူတွေက လိုက်ပိတ်နေတယ်လို့ ကျနော်တို့ကြားတယ်၊ အခုလက်ရှိ မြန်မာဆိုင်တွေက အဲဒီဂျာနယ်တွေကို မတင်ရဲတော့ဘူး” ဟု ပြောသည်။ အားကစားနှင့်ပတ်သက်ပါက ဟဲလိုမြန်မာဂျာနယ်ကို ဖတ်ရှုကြပြီး နိုင်ငံရေးပိုင်းနှင့် ပတ်သက်ပါက စမတ်တိုင်းမ် ကို ဖတ်ရှုကြကြောင်း၊ စမတ်တိုင်းမ်တွင် အစိုးရ အာဘော်များလည်းပါသကဲ့သို့ ပြင်ပမီဒီယာ အာဘော်များလည်းပါကြောင်း၊ ဟဲလိုမြန်မာဂျာနယ်သည် စီးပွားရေးသမားတစ်ဦးက သီးသန့် ရပ်တည်ထုတ်ဝေလျက်ရှိသော်လည်း စမတ်တိုင်းမ်ကမူ မြန်မာသံရုံးနှင့် အဆက်အသွယ်ရှိသူများက ထူထောင်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လမ်းသစ်၊ စမတ်တိုင်မ်း၊ ဟဲလိုမြန်မာ၊ သူရိယ၊ ပြည်ထောင်စုဂျာနယ်များသည် မလေးရှားနိုင်ငံရောက် မြန်မာများ အကြား လူသိများကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဘောလုံးသတင်းကို အဓိကထား ဖော်ပြလေ့ရှိသော ဂျာနယ်များကို မလေးရှားရောက် မြန်မာနိုင်ငံသား အများစုက ၀ယ်ယူဖတ်ရှုကြကြောင်း လည်း စာဖတ် ပရိသတ်များက ပြောသည်။

စာဖတ်ပရိသတ်တဦးဖြစ်သူ ကိုမျိုးလွင်က“ကျနော်တို့ အလုပ်ရှုပ်တဲ့အခါ အင်တာနက်ကိုသွား မဖတ်နိုင်ဘူး၊ ဂျာနယ်တွေကိုပဲ အားကိုးရတာပေါ့၊ ဒါပေမယ့် ဂျာနယ်တွေရေးသားထားတာက မပွင့်လင်းဘူးဗျ၊ ဂျာနယ်တွေက မြန်မာနဲ့ လုပ်စားနေတော့ မြန်မာလူမျိုးတွေ ဘယ်လို ဒုက္ခရောက်တယ်ဆိုတာတွေကို ရေးစေချင်တယ်”ဟု ဆို သည်။

လက်ရှိဖတ်ရှုလျက်ရှိသော ဖေးဘရိတ်သတင်း ဂျာနယ်သည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော်လည်း နိုင်ငံရေး ဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်များထည့်သွင်းထားသည့် အပြင် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြလေ့ ရှိသော “လောက်ကိုင်မှာ သာတဲ့လ” ဆောင်းပါးကို ထည့်သွင်းထားကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး မှန်ကန်စွာ သိချင်ကြောင်း၎င်းက ဆက်ပြောသည်။

“အားကစားဂျာနယ်တွေက ဘောလုံးအကြောင်းအဓိကထားရေးတယ်၊ တချို့က အလောင်းအစားကို အဓိကထား ရေးကြတယ်၊ ပြီးတော့ ရှိစုမဲ့စုနဲ့ အလောင်းအစားလုပ်တော့ ရှာထားတဲ့ပိုက်ဆံကုန်သွားတာလည်း တွေ့ရတယ်၊ ဂျာနယ်တွေမှာပါတဲ့ သတင်းတွေက သံရုံးကိုဖားပြီးရေးထားတာတွေလည်းတွေ့ရတယ်၊ သတင်း အမှန်ကို သိပ် မသိရဘူး”ဟု ကိုမျိုးလွင်ကပြောသည်။

မလေးရှားနိုင်ငံတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ လာရောက် လုပ်ကိုင်လျက်ရှိပြီး အလုပ်သမားများ အတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ ဒေသခံများက ရွှေ့ပြောင်း အလုပ်သမားများအပေါ် ငြိုငြင် မှုကိုလည်း ရင်ဆိုင်ကြရ၍ လူမှုဆက်ဆံရေး ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်းလည်း ကြားသိရသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြား သား ၇၀၀၀ ခန့်တွင် မြန်မာပြည်သား ၂၈၀၀ ခန့် ရှိသည်ဟု AP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် အဆိုပါ ထိန်းသိမ်းခံနေရသော မြန်မာပြည်သား များကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

11 July, 2009

မလေးရှားအချုပ်ခန်းမှ မြန်မာများ စိုးရိမ်ရ

Friday, 10 July 2009 18:13 သန်းထိုက်ဦး

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတခုမှ မြန်မာပြည်သားများကို နေရာသစ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေ သောကြောင့် ထိန်းသိမ်းခံနေရ သူများအတွက် စိုးရိမ်ရသည် ဟု အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။ “ကျနော်တို့ကတော့ တော်တော်လေးကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အဆက်အသွယ် မရတော့ဘူး၊ စခန်း တခုကို ပြောင်းသွားပြီ ဆိုရင် တာဝန်ရှိသူတွေ အချင်းချင်းတော့ ပြောမှာပဲ။ အဲဒီ အခါကျရင် ပြောင်းသွားတဲ့ လူတွေ ကတော့ ပိုပြီးတော့ အဖိနှိပ်ခံရမှာပဲ” ဟု မျိုးချစ်လူငယ်များ အဖွဲ့ မှ တာဝန်ခံတဦးဖြစ်သူ ကိုအောင်နိုင်သူက ဧရာဝတီသို့ ပြောသည်။ အဆိုပါ Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အချုပ်ခန်းတွင် ရှိသော မြန်မာပြည်သား ၅၉၈ ဦး မည်သည့် ဒေသသို့ ရောက်ရှိသွားမည်ကို မသိရသေးဟု ဆိုသည်။နေရာသစ်သို့ ရောက်ရှိပြီး ၎င်းတို့နှင့် အဆက်အသွယ် ပြတ်သွားပါက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို သိရတော့မည် မဟုတ်ဟု ကိုအောင်နိုင်သူက ပြောသည်။ယခုလ ၁ ရက်နေ့က Semenyih စခန်းတွင် မြန်မာ အလုပ်သမားများ ဆန္ဒပြကြရာ အာဏာပိုင်တို့က အကြမ်းဖက် နှိမ်နှင်းလိုက်သည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ထိန်းသိမ်းခံနေရသူများထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားသူတချို့လည်း ပါဝင်သည်။၎င်း ထိန်းသိမ်းရေး စခန်းမှ မကြာခင်ရက်ပိုင်းက လွက်မြောက်ခဲ့သူ ကိုသန့်ဇင်က မလေးရှား အာဏာပိုင်များ၊ UNHCR တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းခံနေရသူများကို အကူအညီ ပေးသင့်သည်ဟု ဆိုသည်။“အရမ်း ဒုက္ခရောက်တယ်။ ကျနော်လည်း ကြုံတွေ့ ခဲ့ရလို့ သိတယ်။ နေမကောင်းဘူး ဆိုရင် ကျန်းမာရေး အတွက် ပြခွင့် မရှိဘူး။ သူတို့ ကျွေးတဲ့ အစားအစားတွေကလည်း အာဟာရ မဖြစ်ဘူး”ဟု ပြောသည်။ လွန်ခဲ့သည့် ၂ လ ကလည်း မလေးရှား အချုပ်ခန်းတခုတွင် ကြွက် ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် မြန်မာ အလုပ်သမား ၂ ဦး သေဆုံးသွားသည်။ ထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်သည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက်ရှိသည်။“ပြီးခဲ့သည့် ၆ နှစ်အတွင်း ထိန်းသိမ်းခံရစဉ် သေဆုံးသွားသူ တရားမဝင် နိုင်ငံခြားသား အရေအတွက်မှာ ၁၃ဝဝ ရှိသည်” ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာ အင်တာနက် စာမျက်နှာတွင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရေးသားထားသည်။ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ် ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

28 January, 2009

နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်ပြီ


Thursday, 22 January 2009 17:16 ဇာနည်ဝင်း
မလေးရှားနိုင်ငံသည် ၎င်း၏နိုင်ငံသားများ အလုပ်အကိုင် ရှားပါးလာမည်ကို ကာကွယ်သည့် အနေဖြင့် စက်ရုံ၊ စတိုးဆိုင်၊ စားသောက် ဆိုင်များအတွက် ပြည်ပမှ အလုပ်သမားများ ခေါ်ယူခြင်းကို တားမြစ် လိုက်ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မလေးရှားရောက် နိုင်ငံခြားသားတို့၏ ရှေ့ရေးကလည်း မရေမရာ ဖြစ်လာသည် (ဓာတ်ပုံ - အေပီ)နိုင်ငံခြားသား အလုပ်သမားများ လျှော့ချရန် ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း အဆိုပါ အမည် မဖော်လိုသူ အရာရှိက ပြောပြသည်ဟု ဆိုသည်။မလေးရှားနိုင်ငံ The Star သတင်းစာ အင်တာနက် စာမျက်နှာတွင်မူ ပြည်ပမှ အလုပ် သမားများ ခေါ်ယူမှု လျှော့ချခြင်းကို တဆင့်ပြီး တဆင့် လုပ်ကိုင်သွားမည် ဟူသော ဒုဝန်ကြီးချုပ် Datuk Seri Najib Tun Razak ၏ ပြောကြားချက်ကို ဖော်ပြထားသည်။ပို့ကုန် အားထားသည့် မလေးရှား နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် ပြီးခဲ့သည့် သုံးလအတွင်း နိုင်ငံသား တသောင်းကျော်၊ နိုင်ငံခြားသား အလုပ်သမား သုံးထောင်ကျော် အလုပ်ပြုတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံသား လေးသောင်းခွဲခန့် အလုပ်ပြုတ်ဦးမည်ဟု အစိုးရက ခန့်မှန်းထားသည်။မလေးရှားတွင် မြန်မာနိုင်ငံသား အများအပြားလည်း အလုပ် လုပ်ကိုင်လျက်ရှိသည်။ ဤသို့သော အခြေအနေတွင် မြန်မာ အလုပ်သမားတချို့သည် အလုပ် ဖြုတ်ခံရမည်ကို စိုးရိမ်သဖြင့် အချိန်ပို အခမဲ့ လုပ်အားပေးနေရသည်ဟု မလေးရှားအခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့ တခုက ဆိုသည်။“အိုဗာတိုင်ကြေးတွေ မပေးတော့တာတို့၊ လစာတွေ လျှော့လိုက်တာတို့ အဲဒါတွေ ရှိတယ်။ အဲဒါကို မကျေနပ်ရင်တော့ ပြန်ရမယ်ပေါ့” ဟု မြန်မာနိုင်ငံသား အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (BWRPC) မှ ကိုရဲမင်းထွန်းက ဧရာဝတီသို့ ပြောပြသည်။“အသက် ၂၃ နဲ့ ၂၈ ကြားထဲရှိတဲ့ မိန်းကလေးတွေ။ ဗမာပြည်ကနေ စက်ချုပ်မယ် ဆိုပြီး ဒီလာ။ ဒီလာပြီးတော့ ယုံတောင် မယုံနိုင်စရာပဲ၊ တခါ အလုပ်လုပ်ရင် နာရီ ၂၀၊၂၆ နာရီ အဲဒီလို လုပ်ရတာ။ ပလာတာ တချပ်ကျွေးတယ်။ ပြီးတော့ အဲဒီလို လုပ်ရတာ” ဟု ကိုရဲမင်းထွန်းက ရှင်းပြသည်။စက်ရုံ အလုပ်သမားများသည် လစာငွေ မလေးရှား ရင်းဂစ် ၅၀၀ကျော် (ဒေါ်လာ ၂၀၀ ခန့်) ရရှိကြောင်း၊ မလေးရှား နိုင်ငံသားများ မက်မောသည့် ၀င်ငွေ မဟုတ်ကြောင်း ကိုရဲမင်းထွန်းက ဆိုသည်။မလေးရှားသည် အာရှတိုက်တွင် ပြည်ပ အလုပ်သမား အများဆုံး ခေါ်ယူ တင်သွင်းသည့် နိုင်ငံတခုဖြစ်သည်။ လူဦးရေ ၂၇ သန်းရှိသော မလေးရှားနိုင်ငံတွင် ပြည်ပမှ အလုပ်သမားပေါင်း ၂ သန်းကျော် အလုပ် လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံသားများ ပါဝင်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းခွင် နှင့် စက်ရုံများတွင် လုပ်ကိုင်ကြသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများ ဖျက်သိမ်းကြဖွယ်ရှိ

Tuesday, 27 January 2009 18:45 အောင်သက်ဝိုင်း

မြန်မာ အလုပ်သမားများကို နိုင်ငံရပ်ခြားသို့ တရားဝင် ပို့ဆောင်ပေးနေသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေနှင့် ယခုနှစ်တွင် လုပ်ငန်းလိုင်စင် သက်တမ်း ဆက်မတိုးတော့ဘဲ ဖျက်သိမ်းကြဖွယ် ရှိကြောင်း ရန်ကုန်အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များက ပြောသည်။ယခုအခါ နိုင်ငံရပ်ခြားသို့ မြန်မာ အလုပ်သမားများ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၃၂ ခုအနက် ထက်ဝက်ခန့်မှာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းကြရန် စီစဉ်နေကြောင်း ရန်ကုန်၊ ကျောက်တံတား မြို့နယ်မှ ပြည်ပ အလုပ်အကိုင် အေဂျင်စီပိုင်ရှင် တဦးက ပြောသည်။ ထိုလုပ်ငန်းများ အားလုံး အလုပ်သမား ၀န်ကြီးဌာနတွင် တနှစ်တကြိမ် လုပ်ငန်းလိုင်စင် သက်တမ်း တိုးရကြောင်း ၎င်းကဆက် ပြောသည်။“မနှစ် နိုဝင်ဘာလောက် ကတည်းက ပြည်ပအလုပ် ခေါ်တာတွေ အရမ်းနည်းလာတယ်။ ဒီဇင်ဘာလ မှာလည်း ပိုပြီး နည်းလာတယ်။ ခုတော့ လုံးဝကို အလုပ်ခေါ်စာ မရှိတောဘူး” ဟု ကမာရွတ် မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုမှ ၀န်ထမ်းတဦးက ရှင်းလင်း ပြောပြသည်။ယခင်က အေဂျင်စီ တခုအနေနှင့် မလေးရှားသို့ တလလျှင် လုပ်သား ၃၀ နှင့် ၄၀ အကြား စေလွှတ်နိုင်ခဲ့ သော်လည်း ယခုအခါ ၃ ဦးမှ ၁၀ ဦးခန့် အထိသာ စေလွှတ်နိုင်ပြီး တချို့သော လများတွင် အလုပ်ခေါ်စာ မရှိသည့် အတွက် လုပ်သားများ လုံးဝ စေလွှတ်နိုင်ခြင်း မရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်မှ သိရှိရသည်။ရန်ကုန် အခြေစိုက် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၃၂ ခုတွင် မလေးရှား နိုင်ငံသို့ အဓိကထားကာ လုပ်သား ပို့ဆောင်နေသည့် အေဂျင်စီ အရေအတွက်မှာ ၇၀ ကျော်ရှိပြီး စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဒူဘိုင်းနှင့် တခြားသော နိုင်ငံများသို့ ပို့ဆောင်သည့် အေဂျင်စီ အရေအတွက်မှာ ၄၀ နီးပါးရှိသည်။ ယခု အနေအထားတွင် မလေးရှားနိုင်ငံမှ အလုပ်ခေါ်ဆိုမှု အလွန့််အလွန် ကျဆင်းနေသည့် အတွက် စီးပွားရေး အဆင်မပြေ တော့ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသိုင်းအ၀န်းမှ သိရသည်။မြန်မာလုပ်သားအများအပြား တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မလေးရှား နိုင်ငံမှ အလုပ်သမား ခေါ်ယူမှုမရှိသကဲ့သို့ စင်ကာပူနိုင်ငံသည်လည်း လုပ်သားခေါ်ယူမှု အလွန်အမင်း လျော့ကျနေသည့်အတွက် အလုပ်အကိုင်အေဂျင်စီများတွင် မြန်မာလုပ်သား အများစု ရာထောင်ချီ သောင်တင်စုပြုံနေကြောင်း ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးအနီးရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီတခု၏ ပိုင်ရှင်ကပြောဆိုသည်။“မလေးရှားသွားချင်တဲ့ သူကများတယ်။ အားလုံးကနယ်ကချည်းပဲ။ သွားချင်တဲ့လူက များပြီး အလုပ်ခေါ်စာက နည်းတော့ လူတွေစုပြုံ တိုးနေကြတာ။ လယ်သမားတွေ၊ ရာဘာခြံ လုပ်သားတွေ အများကြီးပဲ။ စင်ကာပူ သွားချင်တဲ့ လူတွေလည်း ပုံနေပေမယ့် မလေးရှား သွားချင်တဲ့ လူလောက်တော့ မများဘူး” ဟု ၎င်းကပြောပြသည်။ကာတာ၊ ယူအေအီးနှင့် ဒူဘိုင်း နိုင်ငံများသို့ လုပ်သားစေလွှတ်နိုင်သော အေဂျင်စီ အနည်းငယ်မှာမူ အလုပ်ဖြစ်နေသေးသော်လည်း တခြား အေဂျင်စီအများစုမှာ အလုပ်မဖြစ် တော့ဘဲ စီးပွားရေး အဆင်မပြေကြောင်း သိရှိရသည်။ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် ယခုအခြေအနေတွင် စီးပွားရေးကြပ်တည်းသည့်ပြဿနာများ ရင်ဆိုင်နေရသကဲ့သို့ တနှစ်လျှင် လုပ်သား ၃၀၀ ပြည်ပသို့ စေလွှတ်နိုင်မှသာ အေဂျင်စီ လိုင်စင်သက်တမ်းတိုးပေးမည် ဆိုသော အလုပ်သမားဝန်ကြီးဌာန၏ ကန့်သတ်ချက် ကြောင့် အခက်တွေ့နေရကြောင်း ကြားသိရသည်။“ပြည်ပအလုပ်တွေ ရှားသွားတော့ အေဂျင်စီတော်တော်များများ မနှစ်ကတည်းက လုပ်သား ၃၀၀ ပြည့်အောင် မပို့နိုင်တော့ဘူး။ စီးပွားရေးမကောင်းတဲ့ အချိန်မှာ အလုပ်သမား ၀န်ကြီး ဌာနရဲ့ သတ်မှတ်ချက် ကြောင့် လုပ်ငန်းလိုင်စင် ဖျက်သိမ်းကြဖို့ များတယ်” ဟု ကမာရွတ် မြို့နယ်မှ ပြည်ပအလုပ်ကိုင် အေဂျင်စီ လုပ်ငန်းရှင်ကဆိုသည်။အလုပ်သမားဝန်ကြီးဌာန၏ ကန့်သတ်ချက်ကို လျှော့ချပေးသည့်တိုင် စီးပွားရေးပြန်လည် ကောင်းမွန်မည့် အခြေအနေ မရှိသည့်အတွက် အေဂျင်စီများသည် ၂၀၀၉ ခုနှစ်အတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးကြဖွယ် မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ အေဂျင်စီပိုင်ရှင်တဦးက သုံးသပ်သည်။လက်ရှိအနေအထားအရ မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားခေါ်ဆိုမှု လုံးဝမရှိတော့ဘဲ စားသောက်ဆိုင်နှင့် တခြားဝန်ဆောင်မှုလုပ်ငန်း အနည်းငယ်မှ လုပ်သားခေါ်ယူမှု အနည်းငယ်သာရှိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီ ဈေးကွက်မှ သိရှိရသည်။“အလုပ်ရုံ စက်ရုံတွေက လုပ်သားခေါ်စာ လုံးဝမရတော့ဘူး။ စားသောက်ဆိုင်နဲ့ ကားရေဆေးတို့လို ၀န်ဆောင်မှု လုပ်ငန်းတွေကတော့ လုပ်သားနည်းနည်း ခေါ်တယ်” ဟု ကျောက်တံတားမြို့နယ် အေဂျင်စီတခု၏ မန်နေဂျာ တဦးက ပြောပြသည်။ပြည်ပနိုင်ငံမှ အလုပ်အကိုင်ခေါ်ဆိုမှု နည်းပါးနေသော်လည်း အလုပ်အကိုင် ပြန်လည် ကောင်းမွန်ချိန်တွင် လုပ်သားခေါ်ယူမှုများ ပြန်လည်စတင်ပါက အဆင်သင့် ဖြစ်ရန် မလေးရှားနိုင်ငံအတွက် လုပ်သား ၁၅၀၊ စင်ကာပူနိုင်ငံအတွက် လုပ်သား ၆၀၀ ကျော် စုဆောင်းနေကြောင်း ရန်ကုန်မြို့မှ နာမည်ကျော် သုခစုစံပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီ ၀န်ထမ်းတဦးက ရှင်းပြသည်။သုခစုစံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွင် မလေးရှားနှင့် စင်ကာပူ အလုပ်အကိုင် အတွက် စာရင်းပေးသွင်းသည့် လုပ်သားများ အလုပ်ရရှိရန် ၃လ၊ ၅လ သို့မဟုတ် ပြည်ပအလုပ်များမှ လုပ်သား လိုအပ်ကြောင်း အလုပ်ခေါ်စာ ပေးပို့သည့်အချိန်ထိ စောင့်ဆိုင်းကြရကြောင်း ၎င်းက ပြောပြသည်။မြန်မာအလုပ်သမားအများစု သွားရောက်အလုပ်လုပ်နေသော မလေးရှားနိုင်ငံတွင် တရုတ် နှစ်သစ်ကူးအပြီး အလုပ်သမား ၄၅၀၀၀ ကို လျှော့ချမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းများအတွက် နိုင်ငံခြားသား လုပ်သားများ ခေါ်ယူမှုရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း မလေးရှား လူ့အရင်းအမြစ် ၀န်ကြီး အက်စ်ဆူဗရာမာနီယန်က ပြောကြားခဲ့ပြီး ယခုအချိန်သည် နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းရမည့် အချိန်မဟုတ်ဘဲ ပထမဆုံး လျှော့ချရမည့် အလုပ်သမားများသည် နိုင်ငံခြားသားများသာ ဖြစ်သင့်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောကြားသည်ဟု ဇန်န၀ါရီ ၂၂ ရက်နေ့ နယူး စထရိတ်တိုင်းမ်(စ်) သတင်းစာတွင် ဖော်ပြထားသည်။ထိုသတင်းဖော်ပြချက်များကြောင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းမပြုဘဲ ဖျက်သိမ်းရန် စီစဉ်နေသည့် ရန်ကုန် ပြည်ပ အလုပ်အကိုင်အေဂျင်စီများ အတွက် ယခုနှစ် လုပ်ငန်းများခေတ္တရပ်နားရန် ပိုမိုသေချာလာစေသည်ဟု ကမာရွတ်မြို့နယ်မှ လုပ်ငန်းရှင်က သုံးသပ်သည်။“မလေးရှားအလုပ်အတွက် စောင့်နေတာ သုံးလလောက်ရှိပြီ။ ခုထက်ထိ မရသေးဘူး” ဟု တာမွေမြို့နယ် အတွင်းရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုနှင့် ဆက်သွယ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန် စီစဉ်နေသူ အသက် ၂၇ နှစ်အရွယ် ရန်ကုန်သား တဦးက ဆိုသည်။ယခုနှစ် စပါးဈေးနှုန်းနှင့် ပဲဈေးနှုန်းများ ကျဆင်းခဲ့ရာ တောင်သူ လယ်သမားများ အရှုံးပေါ်လျက်ရှိသောကြောင့် ဧရာဝတီတိုင်းမှ တချို့သော လယ်သမားများမှာ လယ်ယာလုပ်ငန်း ပြန်လည် လုပ်ကိုင်ရန် စိတ်မ၀င်စားတော့ဘဲ မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း ဧရာဝတီတိုင်း၊ ကျောင်းကုန်း မြို့နယ်မှ လယ်သမားများက ပြောကြသည်။

Followers