20 December, 2009
18 December, 2009
၁၈-ရက် ဒီဇင်္ဘာ/ မတရားဖမ်းဆီးထိန်းသိမ်းခံ ကိုကိုကြီး၏ မွေးနေ့

တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ ထည်ဝါတဲ့ မိန့်ခွန်းသံတွေဟာ သမိုင်းစာမျက်နှာပေါ်က ဘယ်တော့မှ မပျောက် ပျက်နိုင်ဘူး။
ထူးထူးခြားခြား ဖြုတ်ပေးထားတဲ့ သံခြေကျင်းအစုံရဲ့ နောက်ကွယ်က ထောင်မှုးရဲ့စကား "စိတ်ခိုင်ခိုင်ထားပါ။ ခင်ဗျားအမေ ဆုံးပြီ''တဲ့။
မိခင်မေတ္တာဟာ သားတစ်ယောက်ရဲ့ သံခြေကျင်း နောက်ဆုံးအချိန်မှာ ဖြုတ်ပေးနိုင်စွမ်းရှိတယ် ယုံကြည်သူ။ သူဟာ "လားရာ" ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ် အမေအတွက် ရေးခဲ့ဖူးတယ်။
သူဟာ စစ်အာဏာရှင်လက်အောက်က ပညာရေးမှ နှုတ်ထွက်ခြင်းဖြင့် စိန်ခေါ်ခဲ့ရင်း ယုံကြည်ချက်အတွက် ဘ၀ကို ပေးအပ်ထားတယ်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ကျန်းကျန်းမာမာရှိပါစေ...
စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံ ဘ၀မှ အမြန်ဆုံးလွတ်မြောက်ပါစေ...
လွတ်လပ်သောမွေးနေ့များကို ချစ်သောပြည်သူများနဲ့အတူ ကျင်းပနိုင်ပါစေ...
နိုင်ငံအကျိုး ဒီထက်ပိုပြီးသယ်ပိုးနိုင်ပါစေ..
အမြန်ဆုံးလွတ်မြောက်ပါစေ...
၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး (၁၉၆၁ - ) ၏ ကိုယ်ရေးအကျဉ်း

(မွေးနေ့ အမှတ်တရ)
၁၉၆၁ ဒီဇင်ဘာ ၁၈ တွင် ဖွားမြင်သည်။
ကိုကိုကြီး၏ ကိုယ်တိုင်ရေး Biography
Biography of Student Leader Ko Ko Gyi Written by Himself
17 December, 2009
ဘုရားသခင် ကျီစားသန်ခဲ့တယ်
မိုးစဲနေ
အောက်တိုဘာ ၅၊ ၂၀၀၉
ရည်းစားများတဲ့ ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကို ဖွဲ့နွဲ့တယ်
ဘုရားသခင်က ကျီစားတယ်။
သန်းကြွယ်သူဌေးတွေကန်တဲ့ ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာ တိုးကြည့်ကြတယ်
ဘုရားသခင်က ကျီစားတယ်။
ငါးထောင်တန် ထုတ်တယ်
ဘုရားသခင်က ကျီစားတယ်။
ကိုယ့်ဖဲထုပ် ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ် ရိုက်တဲ့ ဖဲဝိုင်းမှာ
အခြေခံဥပဒေကို ၁၄ နှစ်ကြာအောင် ဆွဲတယ်
ဘုရားသခင်က ကျီစားတယ်။
ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေ ဖွင့်တယ်
ဘုရားသခင်က ကျီစားတယ်။
တိုင်းတပါးကျွန် မခံချင်လို့ တိုက်ယူခဲ့တဲ့ လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ် ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်က ကျီစားတယ်။
ဒီမိုကရေစီ ကိုမယုံကြည်သူတွေ ကိုယ်တိုင်က
ဒီမိုကရေစီတရားတွေ ပို့ချတယ်..
ဘုရားသခင်က ကျီစားတယ်။
စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေ ၀င်ရောင်းတယ်.
ဘုရားသခင်က ကျီစားတယ်။
ဗိုလ်ချူပ်တွေ ပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုပ်သည်လေးကို
ဘုရားသခင်က ကျီစားတယ်။
ခုကဗျာကို ၇ ရက်အတွင်း ဘယ်သူမှ မပြပါနှင့်
၇ ရက် အတွင်း ဖြန့်ဝေခဲ့သော်
ကဗျာရေးသူကို
ဘုရားသခင်က ကျီစားမည်။
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန် မကျီစားခဲ့လို့
ဒီည …
ကျနော့်ကို ကျနော် ပြန် ကျီစားတယ်။ ။
မိုးမခ မှ ကူးယူဖော်ပြပါသည်။
16 December, 2009
13 December, 2009
လမ်းသစ်ဂျာနယ် Online လွှင့်တင်ထား
လမ်းသစ်ဂျာနယ် Online လွှင့်တင်ထားပါတယ်။ www.lannthit.com
ဖိုရမ်တစ်ခုလဲ ဖွင့်ထားပေးတာတွေ့ရပါတယ်။
လမ်းသစ်ဂျာနယ်အား 2007 ခုမှ စ၍ မလေးရှားနိုင်ငံတွင် ပထမဦးဆုံးစတင် ထုတ်ဝေဖြန့်ချီခဲ့ပြီး 2009 ခုနှစ်အစော ပိုင်းမှ စကာ ကမ္ဘာနှင့်အ၀ှမ်းအများသူငါ ဖတ်ရှုစေရန်အလို့ငှါ www.lannthit.com အားလွင့်တင်ခဲ့သည်။ ထို့အတူ လမ်းသစ် ဖိုရမ်အား 2009 November 7 ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး..
မလေးရှားနိုင်ငံရောက် ရွှေညီအစ်ကိုတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်
မြန်မာ့ပြည်နှင့်ဝေးကွာခဲ့ပေမဲ့ ကမ္ဘာ့ IT နှင့်မဝေးကွာစေရ
ဗဟုသုတ၊ စာပေရသ မျိုးစုံကို တစ်နေရာတည်းတွင် ရှာဖွေစုဆောင်းရရှိနိုင်စေရန်
မလေးရှားနိုင်ငံအတွင်း မိမိတို့နေထိုင်၊ လုပ်ကိုင်ရာ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ စီးပွားရေး ဆိုင်ရာတို့အား ဖွင့်ဟ ပြောဆို ဆွေးနွေး အကြံပြုနိုင်ရန်အတွက်
www.lannthit.com/forums အား ဖွင့်လှစ်ထားခြင်းဖြစ်သည်။
12 December, 2009
စာပေဟောပြောပွဲ ကျင်းပမည်
KL ဟောပြောပွဲကို 27.12.2009 နေ့တွင်ကိုတာရာယာ အနီးရှိ SM ကုန်တိုက် ၆ထပ် တွင် 12:00pm မှ 6:00pm အထိ ကျင်းပမည်ဖြစ်ပြီး အကျွေအမွေးနှင့် ကံစမ်းမဲ အစီအစဉ်များလည်း ပါရှိပါသည်။ လက်မှတ်များကို နီးစပ်ရာ မြန်မာဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။
ကိုညီညီ(ပီနန်း) မှပေးပို့သည်။
05 December, 2009
မီဒီယာနဲ့ ယုံကြည်မှု
ဒီဇင်္ဘာ ၅/ ၂၀၀၉
နိုင်ငံပိုင် ရေဒီယိုအသံလွင့်ဌာနကြီးတစ်ခုက တစ်နေ့လုံးနီးနီး အသံလွှင့်နေတယ်။ ဒါပေမယ့် နားထောင်မယ့် သူတော့မရှိပါဘူး။ နားမထောင်ဖြစ်တာက စားဝတ်နေရေးအတွက် အချိန်ပေးကြရတာ မျိုးကြောင့်လား။ TVတွေ စလောင်းတွေ VCD, DVDတွေ ပေါ်လာလို့လား။
ဒါဆို BBC, VOA, RFA, DVB စတဲ့ တစ်နာရီ နှစ်နာရီလောက်လွှင့်တဲ့ ရေဒီယိုများကိုတော့ လူတွေဘာကြောင့် နားထောင်ကြသလဲ။ မီးမလာလဲ ဓါတ်ခဲနဲ့ နားထောင်ကြသတဲ့...
ဒါဆို ရေဒီယိုရဲ့ အဓိကကျမှုဟာ ဘာလဲ။ အဓိကကတော့ နားထောင်သူ ပရိတ်သတ်ကို စွဲဆောင်နိုင်မှုပဲ ဖြစ်နေပါတယ်။ BBC, VOA, RFA, DVBစတဲ့ ရေဒီယိုတွေက သတင်းကို အခြေခံတဲ့ ရေဒီယိုများ ဖြစ်နေပါတယ်။
သတင်းဆိုတာက မှန်ရမယ်။ မြန်ရမယ်။ ။ ထူးရမယ်။ ဦးလဲ ဦးရမယ်။ ဒါမှ သတင်း။
BBC, VOA, RFA, DVBစတဲ့ ရေဒီယိုတွေဆိုတာက တစ်နာရီ နှစ်နာရီလောက်လွှင့်တယ်ဆိုပေမယ့် တကယ်တမ်း သတင်းအတွက်က နာရီဝက် သာသာလောက်ပဲ အချိန်ပေးသွားတာပါ။ ဒါပေမယ့် တခြား အစီအစဉ်တွေကိုပါ စိတ်ဝင်တစားဖြစ်အောင် လွှင့်ထုတ်သွားနိုင်တာကို တွေ့ရပါတယ်။ နာရီဝက်လောက် ဆိုတဲ့သတင်းဟာ အမြဲတမ်း update တော့ ဖြစ်နေတယ်။
ကျနော်တို့ ငယ်ငယ်တုန်းကတော့ မြန်မာ့အသံရေဒီယိုကို ဇာတ်လမ်းပမာလို နေ့အလိုက်ထူးခြားတာလေးတွေ နားထောင်ဖြစ်ကြသေးတယ်။ ဒီကနေ့ ခေတ်မှာတော့ တစ်နေ့လုံးနီးပါး အချိန်ယူလွှင့်နေတဲ့ အဲဒီရေဒီယိုကို City FM လောက်တောင် နားထောင်မည့်သူလဲမရှိတော့ပါ။ ရေဒီယိုလွှင့်နေမှန်းတောင် မသိကြတော့တဲ့ လူက များသည်။
1990 ရွေးကောက်ပွဲ အကြိုကာလမှာတော့ ဟောပြောခွင့် ၁၅ မိနစ်စာပေးခဲ့တာလဲ မှတ်မိပါသေးတယ်။ အဲဒီအချိန် ၁၅ မိနစ်စာအတွက် အစိုးရက ဘယ်လောက်အကုန်အကျ များတယ် ဆိုတဲ့လေသံမျိုးလဲ မမေ့သေးဘူး။ ခုခေတ်မှာ နားထောင်မယ့်သူ မရှိပဲ လွှင့်ထားရတာမျိုးကြတော့ လေကုန် ငွေပန်း ဖြစ်မနေဘူး လား။
ဘာ့ကြောင့် နားမထောင်ကြတာလဲ။ ပထမအချက်ကတော့ စွဲဆောင်မှုအရမ်းနည်းတယ်။ ထုတ်လွှင့်တဲ့ သတင်းတွေကြတော့ ဘာမှမထူးဘူး။ ဘုရားထီးတင်တာမျိုး လိုအပ်သည်များ မှာကြား ဆိုတာမျိုးလောက်ပါပဲ။ နာမ၀ိသေသနတွေ သုံးထားတာကတော့ အရမ်းထူးပါတယ်။ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်းတွေသုံးပြီး ရေးကြလွှင့်နဲ့။ "ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော" ဆိုတဲ့ နာမ၀ိသေသနကို သုံးထပ်ကွမ်း သုံးထာမျိုးနဲ့ မျက်မှောက်ခေတ်ကာလဟာ ရယ်စရာကြီးကိုဖြစ်လို့..။ "ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင်တိုးတက်နေပါပြီ" ဆိုတာမျိုးရဲ့ ရှေ့မှာ "တစ်နေ့တခြား" ဆိုတာမျိုးက ပါလာသေးတယ်။
ဒါပေမယ့် အရင်နှစ်ကတော့ လျှပ်စစ်မီးမမှန်ဘူး။ ဒီနှစ် ၂၀၀၉ မှာကြတော့ လျှပ်စစ်မီးမပြောနဲ့ ရေပါ မမှန်ကြတော့ဘူး။ ရန်ကုန်မြို့လယ်ခေါင်လဲ ရေသန့်ဗူးကြီး ၀ယ်ပြီးအားပေးကြရတဲ့ခေတ် အားကိုးရတော့ခေတ်။
ဒီတော့ ဘယ်ခေတ်ဘယ်အခါနဲ့မှမတူဘူးဆိုတဲ့ စကားဟာ လူတွေရဲ့ ပါးစပ်ဖျားမှာ ထေ့ငေါ့ပြီး ပြောစရာ တစ်ခုလို ဖြစ်လာပါတယ်။
လွင့်ပေးတဲ့ သီချင်းတွေကရော။ Rock တွေ Pop ခေတ်စားလာတော့ ခေတ်ဟောင်း ရှေးကျကျသီချင်းတွေလွှင့်သည်။ ခု..Hip hot ခေတ်ရောက်တော့Rock သီချင်းလေး Pop သီချင်းလေးတွေတော့ လွှင့်ပေးတတ်သည်။ ဒါပေမယ့် ထင်ထင်ပေါ်ပေါ် ကျော်ကျော်ကြားကြားရှိလှသည့် အဆိုတော်များရဲ့သီချင်းတွေတော့ မပါဘူး။ လူထူနဲ့ အနုပညာရှင်အကြား နီးစပ်သွားမှာကို စစ်အစိုးရက အရမ်းကြောက်နေတယ်။ စစ်အစိုးရက ကျော်သူ နောက်တစ်ယောက် ပေါ်လာမှာကို တွေးကြောက်တယ်။ ဇာဂနာရဲ့ ဟာသပျက်လုံးတွေကို ကြောက်တယ်။ ကိုမင်းကိုနိုင်ရဲ့ သီချင်းစာသားကအစ ပြည်ပရေဒီယိုတစ်ခုခုကို အင်တာဗျူးမှာကိုလည်း ကြောက်ခဲ့တယ်။
ဒါပေမယ့် BBC လို အသံလွှင့်ဌာနက ပြည်တွင်းကပို့တဲ့ တိုင်စာတွေကို လွှင့်ထုတ်တာကိုကြတော့ ချက်ခြင်း အရေးယူမှုတွေဘာတွေ လုပ်ပြန်တယ်။
အဲဒီတော့ ဘာကြောင့် မြန်မာ့အသံက ရေဒီယိုလွှင့်မှန်း လူတွေမသိကြသလဲဆိုတာကလည်း ရှင်းနေပါတယ်။ သူတို့ကိုယ်တိုင်က BBC, VOA, DVB စတာတွေပဲ ဂရုစိုက်နားထောင်နေလို့ ဖြစ်မှာပါ။ မြန်မာအသံက လွှင့်တဲ့ ရေဒီယိုကို စစ်အစိုးရရဲ့ တာဝန်ရှိပါတယ်ဆိုတဲ့ ဗိုလ်ချုပ် ဗိုလ်မှုးများရော ဘယ်လောက်နားထောင်ကြသလဲ။ ကိုရီယားဇာတ်လမ်းနဲ့ ဘောလဲုးပွဲလောက်ကိုပဲ စိတ်ဝင်တစားရှိကြလိမ့်တယ်။ "ရေဒီယို နားထောင်ဖို့ နေနေသာဗျာ မီးမလာရလို့စိတ်ညစ်ရတဲ့အထဲ " လို့များပြန်ပြောလေမလားပဲ။
အဲဒီတော့ ပြည်တွင်းသတင်းကို ပြည်ပကလွှင့်တဲ့ သတင်းက ကြားရသိရသည်။ ဒါနဲ့ ပြည်ပသတင်းကိုရော ပြည်တွင်းသတင်းတွေက သိရသလားဆိုတော့ CNN က လွှင့်တဲ့သတင်းလောက်ပဲ သိခွင့်ရကြသည်။ CNN က တရုတ်ပြည်မှာ အခြေစိုက်တာကိုး။ တရုတ်ဆိုတာကလဲ Youtube လဲ ဖွင့်မရ။ blogspot မပြောနဲ့ .co.cc တောင်ဖွင့်မရတဲ့ နိုင်ငံမျိုး။ ဒီတော့ ဆက်ဒမ်ဟူစိန် ကြိုးပေးခံရတဲ့သတင်းမျိုးကြတော့ သူတို့မသိလိုက်သလိုမျိုး၊ မကြားလိုက်သလိုမျိုး ဖြစ်နေကြပြန်ရော။ အရပ်ထဲက ချဲထီစကားနဲ့ ပြောရရင် Calendar ကျ ဖြစ်သွားမှာ ကြောက်နေလို့မျာလား။
ဒီတော့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ပြောခဲ့တာထက် ကိုယ့်မီဒီယာကို ကိုယ့်လူတွေယုံကြည်မှုရလာအောင် ဘယ်လို ဆက်ရပ်တည်မလဲ ဆိုတာကပဲ ဒီကနေ့မှာပိုပြီး အရေးကြီးလာပါတော့တယ်။
02 December, 2009
ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ
Tuesday, 01 December 2009 17:47 ကိုထွေး
အမေရိကန်ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင့်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသားအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။
(ဓာတ်ပုံ - ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးအခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေး အတွက် စစ်အစိုးရကို အကူအညီ ပေးခဲ့ကြောင်း ရေးသားထားသည်။
၁၉၈၉-ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့်အနေနဲ့တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ်တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘောတရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုသာမက ကျောင်းသားလူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိကတွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင်နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့်ပတ်သက်၍ ဓနုဖြူဖြစ်ရပ်က သက်သေခံလျက်ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီလိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ်ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အကျင့်စရိုက် အတွေးအခေါ်အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာ တရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း က “ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တစ်လုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လိုလူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကိုလုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သည်းခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။
၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစ်စောင်ဖြစ်သည်။
ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ်ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆-နှစ် ပြည့်တော့မည့်အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန်-ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရခြင်းဖြစ်သည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟုဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃-နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက်လျှော့ချကာ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် ၁-နှစ်ခွဲ ကျခံစေခဲ့သည်။
ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄-ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂-ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃-ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆-နှစ်ပြည့်ခါနီးအချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄-နှစ်ကျော်ပြီ ဖြစ်သည်။
01 December, 2009
သားကောင်ဖြစ်သွားကြသူများ
ဆောင်းပါးရှင်-ကျော်သိင်္ခ
နိုဝင်ဘာလ ၂၉၊ ၂၀၀၉
မလေးရှားနိုင်ငံတွင် overstayed ဘ၀ဖြင့် ၁၃ နှစ်ကျော်နေထိုင်လာသည့် သူ့အတွေ့အကြုံများ နှင့် အဆက်အသွယ် ကောင်းများကြောင့် အရေးကြုံလာလျှင် လူတကာက အသန်းကို သတိရကြသည်။
အဆက်မပြတ် မြည်နေသော ဖုန်းသံတွေကြောင့် ရုတ်တရက် လန့်နိုးသွားပြီး ညအချိန်မတော်ကြီး အရေးပေါ်ကယ်ဆယ် ရေးအလုပ်ကို လုပ်ရသည့် ညတွေကလည်း မရေတွက်နိုင်တော့။ ညကြီးသန်းခေါင်း ကိုယ့်ကို အားကိုးတကြီး ခေါ်လာ သောဖုန်းသံများကို အသန်း လျစ်လျူမရှုရက်ပါ။ လျစ်လျူရှုလိုက်တာနှင့် တစ်ဖက်ကလူ၏ အသက်အန္တရာယ်က မတွေး ၀ံ့စရာ။
လူကုန်ကူးမှု စက်ဝန်းထဲက သားကောင်ဖြစ်နေသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ “ကိုအသန်းရေ… လုပ်ပါဦးဗျာ။ ကျနော့်သူငယ်ချင်းကို ကယ်ပါဦး” ၊ “ကိုအသန်းရေ….ကျနော့်ကို ရွေးပေးပါဦး” ဆိုတဲ့ အသံတွေကိုကြားရသည့် ညတွေ ကလည်း မနည်းတော့ပေ။
ထိုအသံကို ကြားလိုက်ရင်တော့ “သေချာသွားပြီ၊ မြန်မာတစ်ယောက်တော့ မလေးနယ်စပ် မှာ ရောင်းစား ခံလိုက်ရပြီ” ဟူ၍ သူ့အတွေ့အကြုံက သူ့ကို အလိုလိုနေရင်း သတိပေးနေသည်။ ထိုအသံကြားလျှင်လည်း ကြားသည့်အချိန်တွင် အသန်းမှာ မဆိုင်းမတွပင် ဖုန်းဆက်ပြီး နီးစပ်သူတွေထံမှ ငွေချေးရ၊ ပွဲစားထံသို့ငွေလွှဲပြီး ကိုယ့်လူကိုယ် ပြန်ပြီးဝယ်ရနှင့် အလုပ်ရှုပ်နေတော့သည်။
တခါတရံ အရေးကြီးလျှင်ကြီးသလို ည အချိန်မတော်ကြီး ပိုက်ဆံရနိုင်မည့်နေရာသို့ သွားရသည်။ မလေးရှားလို နေရာမျိုးမှာ ညအချိန်မတော်ကြီး အပြင်ထွက်လျှင် လုယက်တာမျိုးနှင့် အန္တရာယ်ရှိမှန်းသိသည်။ ညဘက်မပြောနှင့် မလေးရှားလိုနေရာမျိုးမှာ နေ့ခင်းဘက် အပြင်ထွက်လျှင်တောင် တက္ကစီပေါ်မှာ ဓားပြ တိုက်တာ၊ လမ်းပေါ်မှာ လုယက်တာမျိုး ရှိသေးသည်။
သို့သော် ထို အချိန်အခါမျိုးတွင် မိမိအန္တရာယ်ထက်ပိုပြီး စိုးရိမ်ရတာက လူကုန်ကူးမှု ဈေးကွက်ထဲက သားကောင်ဖြစ်နေသော အလုပ်သမား တစ်ယောက်။ မလေးလို နိုင်ငံမျိုးတွင် တရားဝင် စာရွက်စာတမ်း တစုံတရာ ကိုင်ဆောင်ခြင်း မရှိဘဲ၊ မိမိဝမ်းစာရေးအတွက် လာရောက်ရှာဖွေ စားသောက်ရင်း မလေးရဲက ဖမ်းဆီးထောင်ချ၊ ထောင်မှလွတ်သော်လည်း မလေးရဲက ပွဲစားလက်ထဲသို့ ရောင်းစားခြင်းကိုခံရသည်။
ပွဲစားကလည်း ထိုသူတွေကို လက်ထဲတွင် ကြာကြာမထား။ သတ်မှတ်ထားသည့် အချိန်အတွင်း တစ်ယောက်ယောက်က လာရွေးလျှင်ရွေး၊ မရွေးလျှင် ထိုင်းဘတ် သုံး-သောင်းခွဲဖြင့် ငါးဖမ်းလှေ (သို့မဟုတ်) ရာဘာခြံထဲသို့ ကျွန်အဖြစ် ရောင်းစားမည်။ ထွက်ပြေးလျှင်လည်း ပစ်သတ်မည်။ ထိုင်း-မလေး နယ်စပ်မှာ လူကုန်ကူးမှုက သည်မျှ လောက်ဆိုးဝါး နေသည်ကို အသန်းသိသည်။
အသန်းရဲ့ပြောပြချက်အရ “ထောင်ထဲကနေ လွှတ်တဲ့သူတွေဆိုရင် ရဲတွေက ခေါ်သွားတယ်။ ရဲတွေက သူတို့ကို ထိုင်း-မလေးရှား နယ်စပ်က ပွဲစားတွေလက်ထဲကို ည ၇ နာရီလောက်ဆိုရင် တစ်ယောက်ကို မလေးရင်းဂစ်ငွေ ၄၀၀ နဲ့ ရောင်းစားလိုက်တယ်။ အဲဒီလိုလုပ်ဖို့အတွက် ထောင်သားတွေကို နယ်စပ်ကို သွားပစ်တော့မယ် ဆိုကတည်းက မလေးရဲက နယ်စပ်ကပွဲစားနဲ့ တစ်ခါတည်းချိတ်ထားတာ။ ရဲကရောင်းလိုက်ပြီဆိုတာနဲ့ ရောင်းစားခံလိုက်ရတဲ့ လူတွေကို ပွဲစားက တောထဲက နေရာတစ်နေရာကို ခေါ်သွားတယ်။ အဲဒီနေရာမှာပဲ အခုလို ရောင်းစားခံလိုက်ရတဲ့ လူပေါင်း ၁၀၀၊ ၂၀၀ လောက်ရှိတယ်”
အချို့ အကျဉ်းသားများမှာ မလေးရဲက ထောင်ထဲမှထုတ်၍ ထိုင်း-မလေးနယ်စပ်တွင် ရောင်းမစားမီ ကြိမ်ဒဏ်ရိုက်ခြင်း ကိုခံရပါသေးသည်။ ထိုအကြောင်း နှင့် ပက်သက်၍ ရောင်းစားမခံရမီ မလေးအကျဉ်းစခန်း၌ ကြိမ်ဒဏ်အရိုက်ခံခဲ့ရ သူ ကိုညွန့်ဝင်းက သူ့အတွေ့အကြုံကို အခုလိုပြောပြပါသည်။
“တရားရုံးကလည်း ကြိမ်ဒဏ်ရိုက်ဖို့ အမိန့်က ချပြီးသားဆိုတော့ ဘာမှပြောလို့မရဘူးလေ။ ကြိမ်ရိုက်မယ့်လူကို သူတို့က သက်သက်ကို မွေးထားတာ။ လူတစ်ယောက်ရိုက်ရင် မလေး ရင်းဂစ် ၁၀၀ (US$28) ရတယ်။ သူတို့က ထောင်ထဲမှာ ထောင်သားတွေကို အကြမ်းဖက်ပြီး ထိန်းတဲ့ကောင်တွေလေ။ အရပ်ကြီး တွေဆိုရင် ငါးပေရှစ်၊ ငါးပေကိုးလက်မ လောက်ရှိ တယ်။ တစ် ချို့ဆို ငါးပေဆယ့်တစ်လောက်အထိရှိတယ်။
ကျနော်တို့ကို ဆေးစစ်နေတုန်း၊ ဒီကောင်ကြီးတွေက ကြိမ်စင်ပေါ်မှာ သားရေပြားတွေကို တဖြောင်းဖြောင်း ရိုက်ပြီး ကြိမ်စမ်း နေတာ။ ကြိမ်ရိုက်တော့မယ်ဆိုတော့ ကျနော်တို့ကို ဆွဲခေါ်ပြီး ထုတ်သွားတာ ဟိုတုန်းက ကားစင်တင်ခံရတော့မယ့် လူတစ်ယောက်ကို အာဏာပါးကွက်သားတွေက လာပြီးခေါ် ထုတ်သွားသလိုပဲ။ ကျနော်ကတော့ ဘုရား၊ တရားပဲ အောက် မေ့ပြီး၊ ကဲ… ကံမကောင်းလို့ ခံရတာပဲကွာ။ ချကွာ… ယောက်ျားပဲကွာ ဆိုပြီး အားတင်းထားလိုက်တယ်”
ထို့နောက် ကြိမ်ဒဏ်ရိုက်ပြီးသူများကို မလေးရဲနှင့် လ၀က အရာရှိများက ထောင်ထဲမှထုတ်၍ ထိုင်း-မလေးနယ်စပ်တွင် စွန့်ပစ်မည့်သူများကို နယ်စပ်တွင်ရှိသော ထိုင်းပွဲစားများထံ မလေးရင်းဂစ် ၄၀၀ နှင့် ရောင်းစားသည်။ ထို ထိုင်းပွဲစားများ လက်အောက်တွင် မြန်မာ-မွတ်စလင်များ အပါအ၀င်၊ တိုင်းရင်းသား ပွဲစားများက ဝေစား၊ မျှစားစနစ်ဖြင့် လူပွဲစားအလုပ်ကို လုပ်ကြသည်။ ထိုပွဲစားများထဲတွင် အဆိုးဆုံးမှာ ဟာမစ်ကိုနိုင်ဟုခေါ်သော မွန်ကုလားပွဲစား (အသက် ၃၈-၄၀ ခန့်)က အဆိုးဆုံးဖြစ်သည်ဟု လူကုန်ကူးခံရပြီး ကွာလာလမ်ပူသို့ ပြန်တက်လာသော မြန်မာအလုပ်သမား တစ်ဦး က ပြောပြပါသည်။
သူက “ရောင်းစားခံလိုက်ရတဲ့ ကျနော်တို့အုပ်စုထဲက လူတစ်ယောက်ပေါ့။ သူက ပွဲစားကို တွေ့ချင်တယ်လို့ ပြောတယ်။ ပြောလည်း ပြောရော။ ပွဲစားဟာမစ်ကိုနိုင်တပည့်တွေက “အေး….မင်း၊ ငါတို့ဆရာကိုတွေ့ရမယ်” ဆိုပြီး ဟာမစ်ကိုနိုင်ကို သွားပြောလိုက်တယ်။ “အဲဒီကောင်ကတော့ ဆရာ့ကို တွေ့ချင်တယ်” လို့လဲ ဆိုရော ဟာမစ်ကိုနိုင် ရောက်လာပြီး ကျန်တဲ့ လူတွေရှေ့မှာ “မင်းလားကွ ငါ့ကိုတွေ့ချင်တာ” ဆိုပြီးတော့ သေနတ်ဒင် နဲ့ ထုတယ်။ ဆောင့်ကန် တယ်” ဟု သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြပါသည်။
လူကုန်ကူးခံခဲ့ရသော မြန်မာအလုပ်သမားများ၏ ပြန်လည်ပြောပြချက်အရ ယခုလို လူကုန်ကူးမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသူများကို ဦးဆောင်သူမှာ ဟာမစ်ကိုနိုင်ပင်ဖြစ်ပြီး၊ ၄င်းနှင့် အတူလူကုန်ကူးမှုကို ကျူးလွန်နေသူမှာ မလေး နိုင်ငံသား အသက် ၃၈-၄၀ ၀န်းကျင်ရှိ ဟတ်ဆန်ဆိုသူဖြစ်သည်။ ၄င်းက မလေးရဲများနှင့် ချိတ်ဆက်ပြီး၊ မလေးထိန်း သိမ်းရေးစခန်းများမှ ထုတ်လာသော ထောင်သားများကို အရေအတွက်အလိုက် တစ်ယောက်လျှင် ရင်းဂစ် ၄၀၀ (US$114) နှင့် ၀ယ်သည်။
မလေးရှား ရဲထောက်လှမ်းရေး တပ်ဖွဲ့အနေနှင့် မကြာသေးမီက လူကုန်ကူးမှုတွင် ပါဝင်ပက်သက်နေသည့် မလေးလ၀က အရာရှိများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော်လည်း ထိုင်း နှင့် မလေးရှား အာဏာပိုင်များဖက်မှ ထိုင်း-မလေးရှားနယ်စပ်တွင် အခြေချ၍ လူကုန်ကူးမှုကို ကျူးလွန်နေကြသော ဟာမစ်ကိုနိုင်ဦးဆောင်သည့် လူကုန်ကူးမှုဂိုဏ်းကို မူ ယနေ့ထိ ခြေရာခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
“အဲဒီနေ့က ၂၀၀၈ ခုနှစ်၊ မေလ တစ်ရက်နေ့ပေါ့။ ကွာလာလမ်ပူကို ပြန်တက်မယ့် ကျနော်တို့ကတော့ ညကိုးနာရီခွဲ လောက်မှာ တန်းစီရတယ်။ နယ်စပ်ကနေ စထွက်လာတော့ ည ၁၀ နာရီရှိပြီ။ ကွာလာလမ်ပူကို နောက်တစ်နေ့မနက် ၇ နာရီခွဲ၊ ၈ နာရီလောက်မှ ရောက်တယ်။ အဲဒီ ညမှာပဲ ထိုင်းငါးဖမ်းလှေပေါ်ကို စုစုပေါင်း ၂၇ ယောက် ရောင်းစားခံ လိုက်ရ တယ်။ ကျနော်ကတော့ မလေးရှားဖက်ကို ပြန်တက်မယ့် ၁၃ ယောက် အုပ်စုထဲမှာပါတယ်။
ကျနော်တို့ အားလုံး တန်းစီရတယ်။ ဟာမစ်ကိုနိုင်လက်ထဲက ဟို ၂၇ ယောက်ကိုတော့ ထိုင်းပွဲစားက ဘတ် ၃ သောင်း ခွဲနဲ့ လှေပေါ်မှာ ခိုင်းစားဖို့ လာဝယ်တာပေါ့။ အဲဒီ ၂၇ ယောက်က အိမ်နဲ့လည်း အဆက်အသွယ်မရဘူး။ ထိုင်းမှာလည်း အဆက်အသွယ်မရှိဘူး။ မလေးမှာလည်း အဆက်အသွယ်မရှိဘူး။ အဲဒီတော့ သူတို့ကို ပွဲစားက တစ်လကျွေးထားပြီး ရောင်းစားပစ်လိုက်တာ။ ကျနော့်အထင်တော့ ဒီလူတွေ အသက်ရှင်ဖို့ လမ်းမမြင်ဘူး။ ပွဲစားက ထိုင်းလှေကို အပြတ်ရောင်းပစ်တာ” လို့ ထိုင်း-မလေးရှားနယ်စပ်တွင် ရောင်းစားခံခဲ့ရပြီး၊ ပွဲစားအား ငွေပေး၍ ကွာလာလမ်ပူသို့ ပြန်တက်လာနိုင်ခဲ့သော အသက် ၃၂-နှစ်အရွယ်ရှိ ကိုထွန်းအောင်က သူ့ အတွေ့အကြုံကို ပြောပြသည်။
ကိုထွန်းအောင် ပြောပြချက်အရဆိုလျှင် ပြီးခဲ့သည့် မေလ ၁-ရက်နေ့က ရောင်းစားခံလိုက်ရသော မြန်မာ ၂၇-ယောက် ဘယ်ကိုရောက်သွားပြီလဲ။ ငါးဖမ်းလှေပေါ်မှာပဲ ကျွန်တွေဖြစ်ကုန်ကြပြီလား။ သို့မဟုတ် ထွက်ပြေး၍အသတ်ခံလိုက်ရပြီလား။ ယခုလို ငါးဖမ်းလှေတွေကို ရောင်းစားခံလိုက်ရသော မြန်မာလူမျိုး အရေအတွက် ဘယ်လောက်ရှိနေပြီလဲ။ ဘယ်နှစ်ယောက် အသတ်ခံလိုက်ရပြီလဲ။ မည်သူမှ အတိအကျမသိပါ။
“တခါတခါ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတယ်။ ကိုယ့်လူတစ်ယောက် နယ်စပ်ကနေပြန်တက်လာဖို့အတွက် ပွဲစားကို ပိုက်ဆံပေးပြီး ရွေးလိုက်တာကိုက သူတို့ကို လူကုန်ကူးမှုကျူးလွန်ခွင့်ကို ပေးနေသလို ဖြစ်နေသလားလို့ပါ။ ကိုယ်က အဆင်မပြေသေးလို့ပါ လို့ပြောရင် ပွဲစားက သူ့လက်ထဲကကိုယ့်လူကို ကိုယ်နဲ့ ဖုန်းပေးပြောခိုင်းတယ်။ ဖုန်းပြောနေတုန်းမှာပဲ ပွဲစားရဲ့ တပည့်တွေက နောက်ကနေ ကန်တယ်၊ ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်ပေါ့။
အဲဒီအသံကို ဒီဖက်ကနေ ကြားနေရတော့ စိတ်မချမ်းသာဘူး။ မရွေးရင်လည်း ကိုယ့်လူက သူတို့လက်ထဲမှာ သေရတော့မှာ။ မသေခင် ဒီကောင်တွေက ၀ အောင် ညှဉ်းဆဲဦးမှာ။ နောက်ဆုံးတော့ ကိုယ့်မှာ မရှိ၊ ရှိတဲ့ပိုက်ဆံလေး နဲ့၊ မလောက်ရင်လည်း သူများဆီက ခဏချေးငှားပြီးတော့ ကိုယ့်လူကိုယ် ပြန်ရွေးရတာပါပဲ” ဟု အသန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောသည်။
လူအခွင့်အရေး အဖွဲ့တွေသော်လည်းကောင်း၊ ထိုင်း နှင့် မလေးရှား အာဏာပိုင်တွေကသော်လည်းကောင်း၊ နိုင်ငံတကာက သော်လည်းကောင်း ထိုကိစ္စတွေကို မသိ၍ပဲလား၊ သို့မဟုတ် လျစ်လျူရှုထားတာလား ဆိုသည်ကိုတော့ မပြောတတ်။ ထိုကဲ့သို့အမှုမျိုးကို ယနေ့ထိတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ သေချာတာကတော့ ထိုင်း-မလေးနယ်စပ်က လူကုန်ကူးသည့် ပွဲစားများနှင့် သက်ဆိုင်ရာ အာဏာပိုင်များမှာ မိမိတို့နှင့် အမျိုးအနွယ်တူ လူသားအချင်းချင်းကိုပင် လက်လီ၊ လက်ကား ရောင်းဝယ် ဖောက်ကား၍ စီးပွားဖြစ် နေကြသည်။ ခေတ်သစ်ကျွန်စနစ်ထဲမှာ သားကောင်ဖြစ်နေရတာကတော့ ပြည်တွင်းက မိသားစု စားဝတ် နေရေးအတွက် ပြည်ပမှာ နဖူးကချွေး ခြေမ ကျအောင် လာရောက်ရုန်းကန်နေကြရပြီး၊ နောက်ဆုံးမှာ ကျွန် အဖြစ် ဘ၀ဇာတ်သိမ်းသွားကြရရှာတဲ့ မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်။
19 November, 2009
စစ်အစိုးရက ဖေ့ဘွတ်ကို ပိတ်လိုက်ပြန်
| ||
13 November, 2009
ခေတ်မြင်ကွင်း
Hip Hop is so popular musiz in myanmar!! Watch this !!
ATM ဘဏ်များ၌ မလေးရှား ရဲတပ်ဖွဲ့၏ သတိပေးချက် ကပ်ထား
- ဖုန်းခေါ်ခြင်း၊ SMS ပို့ခြင်း၊ Email ပို့၍ ဖြစ်စေ သင့်ဘဏ်အကောင့် ၏ အသေးစိတ် အချက် အလက်များအား မည်သည့် အခါတွင်မှ တုန့်ပြန်ဖြေကြားခြင်း မပြုလုပ်ရန်။
- သင့်ဘဏ်အကောင့် ၏ အသေးစိတ် အချက် အလက်များ၊ ATM ကဒ် ၏ Pin နံပါတ် နှင့် Internet Banking ၏ လျှို့ ဝှက် နံပါတ်များ အား မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရန်။
- သင်မသိသောသူများ၏ ညွှန်ကြားချက်အရ သင့်ဘဏ်အကောင့်မှ ငွေများအားလွှဲပြောင်းပေးခြင်း (သို့) သင့်ဘဏ်အကောင့် ၏ အသေးစိတ် အချက် အလက်များ အားပြောင်းလဲခြင်းများ အား မည်သည့် အခါတွင်မှ လိုက်နာလုပ်ဆောင်ခြင်း မပြုလုပ်ရန်။
- အယုံသွင်းခံရခြင်းကြောင့် လိမ်လည်မှု၏ သားကောင်မဖြစ်စေရန်။
06 November, 2009
ဇာတ်နာတယ် ရုံက မသန့်ဘူး

၁။
ဇာတ်နာတယ်
ရုံက မသန့်ဘူး.
မင်းသမီးလွမ်းခန်းတွေ များတယ်..
တဇာတ်လမ်းလုံး ဗီလိန်တွေများတယ်.
ဇာတ်လိုက်တွေ တရုတ်သိုင်းကားဆန်တယ်
သူထက်သူ စွမ်းတယ်.
ခက်တာက ရုံကမသန့်ဘူး
ဇာတ်ကနာခဲ့တယ်.
၂။
ရုံကမသန့်
ဇာတ်ကနာတဲ့ အထဲ
ပုရိသတ်က ကြည့်ချင်ယောင်ဆောင်နေရတယ်.
ပွဲဈေးတန်းက အကြော်သည်မလေး အအေးမိတာ
လူမသိလိုက်ဘူး.
ပွဲဈေးတန်းမှာ ချဲထီရောင်းတဲ့ကောင်လေး
လိုင်းကြေး တနင့်တပိုးပေးလိုက်ရတယ်.
ဘ၀ကိုရေမွှေးဆွတ် မိတ်ကပ်ထူထူလိမ်းရတဲ့ ကောင်မလေးတွေ
ပေါလာတယ်
ဘာမှမလုံခြုံတဲ့ ပွဲခင်းလေးမှာ
လုံခြုံရေးတွေ လွှတ်များတယ်.
၃။
ကျနော်ကတော့
ထဲထဲဝင်ဝင် ပြောခွင့်မသာတဲ့ဇာတ်မှာ
မင်းသမီးကို လူဆိုးတွေ ဖမ်းတဲ့အခါ
မင်းသမီးလွတ်စေရေး ဆုတွေတောင်းတယ်.
မင်းသမီးကို လူဆိုးတွေ
လွှတ်ချင်ယောင်ဆောင်တဲ့ ဇာတ်ဝင်ခန်းကို
လက်ခုပ်လက်ဝါးတီး အားပေးတယ်.
တော်သေးတယ်.
ဇာတ်ထဲကလူဆိုးတွေ လူအခွင့်ရေးဆု ခဏခဏမရလို့..
မင်းသမီးကို ပင်တိုင်ထားတဲ့ဇာတ်မှာ
တော်သေးတယ်..
မီးဇာလည်းမကုန် ဆီလဲမခန်းလို့..
တော်သေးတယ်..
မိုက်မိုက်မဲမဲရိုးသားမှုတွေ ဖြူဖြူစင်စင်ရှိနေလို့
တော်သေးတယ်
ဇာတ်လမ်းကို ချမရောင်းခဲ့တဲ့သူတွေရှိလို့
တော်သေးတယ်..
နိုင်ပွဲမရတိုင်း
ပ၀ါဖြူလေး ထောင်မပြတတ်တဲ့သူတွေရှိနေလို့.
တော်သေးတယ်..
ကမ္ဘာမကြေတဲ့ မျိုးဆက်တွေရှိနေလို့
၎။
မင်းသမီးရေ
ခင်ဗျားကရတဲ့ဇတ်
လွမ်းခန်းတွေများတယ်.
ကြောင်သူတော်တွေ ကြွက်သူခိုးတွေများတယ်
ဇာတ်လိုက်တွေလက်မဖြောင့်ပဲ ဗိုလ်လုပ်တယ်
အရောင်မရှိတဲ့သူတွေ အယောင်ဆောင်တယ်
ကုမ္ပဏီထောင်တယ်.အတောင်းအရမ်းများတယ်
ဇာတ်လိုက်တွေ လက်နက်စွန့်ပြီး
ရာသီစာ အန်ဂျီအိုယောင်ဆောင်ကြတယ်.
၅။
ကျနော်ကရော
ကျနော်ကတော့.
ဟိုး..ပရိတ်သတ်နောက်နားမှာ
ဆေးပေါ့လိတ်တတိုနဲ့ ဘေးထိုင်ဘုပြောတယ်
ရုတ်ရုတ်သဲသဲပွဲလန့်တိုင်း ဖျာခင်းတယ်.
ဒီလိုနဲ့မိုးကြီးလင်းတယ်.
ရုံကမသန့်ဘူး
ဇာတ်ကလည်းနာတယ်။ ။
မိုးစဲနေ..
၉။အောက်တိုဘာ။၂၀၀၉
05 November, 2009
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ
ခေတ်ပြိုင်-သတင်း မှထပ်ဆင့်ဖော်ပြပါသည်
NEJ / ၄ နိုဝင်ဘာ ၂၀၀၉
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ယနေ့မွန်းလွဲပိုင်း၌ (၂) နာရီကြာခန့် တွေ့ဆုံခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁၁) နာရီခွဲကနေ (၁) နာရီခွဲလောက် အထိ အင်းယားလိတ်မှာ တွေ့ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နဲ့ (၃:၄၀) နာရီမှာ တွေ့နေပါတယ်” ဟု အန်အယ်လ်ဒီပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အများပြည်သူ ၀င်ထွက်သွားလာရာ နေရာတခုတွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ သတင်းမီဒီယာများအား ၀င်ရောက် ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့သော်လည်း မေးမြန်းခွင့်မပြုခဲ့ကြောင်း သိရသည်။
“ဓာတ်ပုံရိုက်ခွင့်ပဲပေးတယ်။ ရိုက်ပြီး ပြန်ရတာပဲ။ သတင်းအချက်အလက် ဘာမှမရပါဘူး။ အန်တီစုကို တွေ့ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းမာပါတယ်။ သူ့မျက်နှာက အရမ်းကျက်သရေ ရှိနေတာပါပဲ” ဟု အင်းယားလိတ်သို့ သွားရောက်ခွင့်ရသည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့သည် မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံမှုသည် အမေရိကန်နှင့်မြန်မာအစိုးရ (၂) ခုအကြား (၁၀) စုနှစ်အတွင်း အဆင့်အမြင့်ဆုံးအရာရှိများ တွေ့ဆုံခြင်းဖြစ်သည်။
တွေ့ဆုံသည့်အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရထိန်းချုပ်ထားသည့်
မီဒီယာများက မစ္စတာကမ်ဘဲလ်၏ (၂) ရက်ကြာခရီးစဉ် နှင့်စပ်လျဉ်း၍ ယနေ့အထိ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။
ယခုကဲ့သို့ အဆင့်မြင့်အမေရိကန် သံတမန်များ မြန်မာနိုင်ငံ လာရောက်ခြင်းသည် အမေရိကန်အစိုးရက ပိတ်ဆို့တားမြစ်မှုများနှင့်အတူ တိုက်ရိုက်ပြောဆိုဆက်ဆံမှုများ ပြုလုပ်သွားမည်ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီသစ်တရပ် ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။
မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့အပါအ၀င် အမေရိကန်ကိုယ်စားလှယ် (၄) ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် (၁) နာရီကြာတွေ့ဆုံခဲ့သည်ဟု အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “ဆွေးနွေးပွဲမှာ အဓိကထားပြောဖြစ်ကြတာကတော့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်နိုင်ရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေကို ဆွေးနွေးသွားကြတာပါ” ဟု ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ (၆) ဦးသာ တက်ရောက်နိုင်ခဲ့ပြီး ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိပေ။
၂၀၀၈ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်ခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့သည် စစ်အစိုးရက စီစဉ်ပေးသော သံတမန်တွေ့ဆုံပွဲများတွင် တက်ရောက်ခွင့်ရခြင်းမရှိဘဲ ယခု ပထမအကြိမ်အဖြစ် နိုင်ငံခြားသံတမန်များနှင့် တရားဝင်တွေ့ဆုံနိုင်ခြင်းဖြစ်သည်။














