Showing posts with label ခေတ်ပြိုင်. Show all posts
Showing posts with label ခေတ်ပြိုင်. Show all posts

17 May, 2010

မလေးရှိ မြန်မာအလုပ်သမား (၅) ဦး ပြန်လည်လွတ်မြောက်

မြတ်ခိုင်ဦး   /   ၁၄ မေလ ၂၀၁၀(ခေတ်ပြိုင်....မှ)

အလုပ်သမားခွန် ဖြတ်တောက်သည်ကို သဘောမတူသဖြင့် မလေးရှားအလုပ်ရှင်နှင့်ရဲ ပူးပေါင်းကာ ဖမ်းဆီး ခံထားရသည့် မြန်မာအလုပ်သမား ခေါင်းဆောင် (၅) ဦးသည် ယမန်နေ့ကပြန်လည်လွတ်မြောက်လာသည်။

အဆိုပါ မြန်မာအလုပ်သမားများအား မေလ (၁၂) ရက် ည (၇) နာရီခန့်တွင် မလေးရှားရဲက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ Malaysia Trade Union Congress (MTUC)၏ ကြားဝင်ဆောင်ရွက် ပေးမှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

MTUC နှင့် ပူးတွဲ ကူညီဆောင်ရွက်ခဲ့သော Burma Campaign Malaysia မှ ကိုထွန်းထွန်းက “သက်ဆိုင်ရာ ရဲစခန်းကို MTUC က ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတော့ ရဲက သေသေချာချာ မဖြေနိုင်ဘဲ နောက်ဆုံး ညနေကြရင်လွှတ်ပေးမယ်ပြောပြီး လွှတ်ပေးတာ” ဟု ဆိုသည်။

ယခုအဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာကြသည့်အလုပ်သမားများမှာ Selangor ပြည်နယ်၊ Kelanajaya Quarter, Kuala Lumpur ဆင်ခြေဖုံးရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြပြီး အလုပ်ရှင်မှာ တရုတ်လူမျိုးသူဌေးဖြစ်ကာ ရဲအရာရှိတဦး ရှယ်ယာဝင် ပေါင်းစပ် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

ယင်းဆိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၆) ဦးရှိပြီး အလုပ်သမားအခွန်မဖြတ်ရန် ဦးဆောင် တောင်းဆိုခဲ့သူ (၅) ဦးကို ပိုင်ရှင်က ရဲခေါ်ဖမ်းခိုင်းခြင်းဖြစ်သည်။

ယခုပြန်လည်လွတ်မြောက်လာသူ (၅) ဦးအနက် တဦးဖြစ်သည့် ကိုအောင်လင်းဌေးက “ကျနော်တို့ အရင်က ဘာမှမသိပါဘူး။ တရက်မြို့ထဲရောက်တုန်း သူရိယဂျာနယ် ၀ယ်ဖတ်လိုက်မှ လဲဗီးဖြတ်လို့မရဘူးဆိုတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီလဲဗီးငွေ တလကို ရင်းဂစ် (၁၂၀) မဖြတ်ရင် ကျနော်တို့ ငွေပိုစုဆောင်း နိုင်မယ် ဆိုတာတွေးမိပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဂျာနယ်ပေးဖတ်ပြီးတော့ အားလုံးတိုင်ပင်ပြီး သူဌေးကို မဖြတ်ဖို့ သွားပြောဖြစ်သွားတယ်။ ကိုထွန်းထွန်းတို၊ ကိုရန်နိုင်ထွန်း တို့ကလည်း သူတို့လုပ်ပေးနိုင်သလောက် အစွမ်းကုန်ကူညီလို့ ကျနော်တို့ ဒီနေ့ အဆင်ပြေသွားပါတယ်။ ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

အလုပ်သမားခွန် (Levy) သည် နိုင်ငံခြားသားအလုပ်သမားများအား ခေါ်ယူငှားရမ်းသည့် လုပ်ငန်းပိုင်ရှင် များက မလေးရှားအစိုးရအား ပေးဆောင်ရသော အခွန်ငွေဖြစ်သည်။

လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ အခွန်သတ်မှတ်ခြင်းဖြစ်ပြီး အလုပ်သမားတဦးလျှင် ကုန်ထုတ်အတွက် ရင်းဂစ် (၁,၂၀၀)၊ စိုက်ပျိုးရေး အတွက် ရင်းဂစ် (၄၅၀)၊ ဆောက်လုပ်ရေး အတွက် ရင်းဂစ် (၁,၂၀၀)၊ စားသောက်ဆိုင်လုပ်ငန်းအတွက် ရင်းဂစ် (၁,၈၀၀) စသည်ဖြင့် တနှစ်အတွက် သတ်မှတ်ထားရှိသည်။

မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ အရ ယင်းအခွန်ကို အလုပ်ရှင်က ပေးဆောင်ရသော်လည်း ၁၉၈၀ ခုနှစ်ဝန်းကျင် နိုင်ငံခြားသားအလုပ်သမားများ စတင်ခေါ်ယူစဉ်မှစ၍ သက်ဆိုင်ရာနိုင်ငံများနှင့် နားလည်မှု စာချွန်လွှာ ချုပ်ဆိုရာတွင် အလုပ်သမားမှ ပေးရမည်ဟု စာချုပ်တွင်ထည့်သွင်းခဲ့သည်။

သို့သော် ယခုအခါ မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားနည်းသွားစေရန် ရည်ရွယ်၍ ယမန်နှစ် ဧပြီ (၁) ရက်မှစတင်ကာ အလုပ်သမားခွန်ကို အလုပ်သမားများထံမှ ဖြတ်တောက်ခွင့်မရှိဘဲ အလုပ်ရှင် ကသာ ပေးဆောင်ရန် တရားဝင် ကြေညာထားသော်လည်း အလုပ်ရှင်များက ဆက်လက်ဖြတ်နေကြဆဲ ဖြစ်ကြောင်း ကိုထွန်းထွန်းက ပြောသည်။

၎င်းက “ကျနော်ပြောချင်တာကတော့ ဒီမှာရှိတဲ့ မြန်မာအလုပ်သမားများ ညီညွတ်ကြပါ။ မိမိတို့အခွင့်အရေး အတွက် တောင်းဆိုကြပါ။ လိုအပ်ရင် ကျနော်တို့ကူညီပါ့မယ်။ များသောအားဖြင့် မြန်မာအလုပ်သမား များဟာ မညီညွတ်ကြဘူး။ သူဌေးတွေက ခွဲရင် အလွယ်ပဲကွဲကြတယ်” ဟု ဆိုသည်။

MTUC သည် မလေးရှားနိုင်ငံရှိ တခုတည်းသော အစိုးရအသိအမှတ်ပြု ယူနီယံဖြစ်ပြီး၊ အလုပ်သမားများ၏ ရပိုင်ခွင့်အတွက် မားမားရပ်ပြီး လုပ်ကိုင်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ပူးပေါင်း ဆောင်ရွက်မှု အကူအညီများ ရရှိရေးအတွက် မြန်မာအဖွဲ့အစည်းများအနေဖြင့် အချိန်ယူကြိုးစားခဲ့ကြ ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

မြန်မာပြည်တွင်း၌ စီးပွားရေးကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ထိုင်း၊ မလေးရှား၊ တရုတ် စသည့် နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် လုပ်ငန်းရှင်များ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများ ခံကြရပြီး အချို့အသက်ဆုံးရှုံးမှုများပင် ရှိသည်ကို တွေ့ရှိရသည်။

22 April, 2010

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

(ခေတ်ပြိုင် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)
အောင်ထက်/၂၂ ဧပြီ ၂ဝ၁ဝ
line


ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။

ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။

“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။

စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်နေခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။

“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။

အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။

ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က အပြစ်မြင်နေကြသည်။

ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်အား ဖယ်ရှားရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။

“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။

ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။

19 November, 2009

စစ်အစိုးရက ဖေ့ဘွတ်ကို ပိတ်လိုက်ပြန်

မေကျော် / ၁၈ နိုဝင်ဘာ ၂၀၀၉

(ခေတ်ပြိုင် သတင်း)

မြန်မာပြည်သူလူထု အင်တာနက်အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ထိန်းချုပ်နေသော စစ်အစိုးရက ပြီးခဲ့သည့် (၃) ရက်မှစပြီး လူထုအတွင်း အသုံးများနေသည့် ဆက်သွယ်ရေးကွန်ရက်တခုဖြစ်သည့် ဖေ့ဘွတ် (Face Book) ကို ပိတ်လိုက်သည်။

မူလလုပ်နေကျအတိုင်း ဖေ့ဘွတ်ကို ပိတ်ပစ်လိုက်ခြင်းမဟုတ်ဘဲ ဆက်သွယ်မှု အမှားအယွင်းပုံစံ အသစ်တမျိုးဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်း အိုင်တီအသိုင်းအ၀ိုင်းက ပြောသည်။

“IP Drop လုပ်ပစ်လိုက်တယ်။ မသိရင် ကိုယ့်ဆီကပဲ ကော်နက်ရှင် ကျနေသလိုလို။ စစ်တပ်က သိပ်ကို တော်ပါတယ်ဗျာ။ အရမ်းတော်ပါတယ်။ Banned တာမဟုတ်ဘဲ connection error ပုံစံမျိုး လုပ်လိုက်တာ ခင်ဗျ” ဟု ပြည်တွင်း အိုင်တီပညာရှင် တဦးက ပြောသည်။

လက်တလော အခြေအနေအရ ဖေ့ဘွတ် အသုံးပြုနေသူများသည် စစ်အစိုးရက ပိတ်ပင်ထားသည့် သတင်းဝက်ဘ်ဆိုက်များကဲ့သို့ ပရော့ဇီများဖြင့်ကျော်ပြီး ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။

“ပြည်တွင်းမှာ တားမြစ်မထားတဲ့ ၀က်ဘ်ဆိုက်ဆိုတာ မရှိဘူး။ သုံးသမျှ သူတို့ဥပဒေနဲ့ ငြိတာပဲ။ အီးမေးလ်လည်း သူတို့ အီးမေးလ်ပဲ သုံးရမယ်လို့ ပြောထားတာပဲ” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

စစ်အစိုးရက အင်တာနက်ကဖေးများကို စည်းကမ်းချက် (၁၉) ချက် ချမှတ်ပြီး လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်းကို (၅) မိနစ်တခါ မှတ်တမ်းတင်ပြီး ယင်းမှတ်တမ်းများကို (၂) ပတ်တကြိမ် စီဒီများဖြင့် ကူးယူကာ မြန်မာအင်ဖိုတက်သို့ ပေးအပ်ရန် ညွှန်ကြားထားသည်။

ထို့အပြင် လာရောက်သုံးစွဲသူများကို မှတ်ပုံတင်နံပါတ်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို မှတ်တမ်းတင်ခိုင်းထားပြီး ဒေါင်းလော့ လုပ်မှုအားလုံးကို မှတ်တမ်းတင်ထားရန်နှင့် အင်တာနက်ဆိုင်များမှ Floppy Drive၊ CD Drive နှင့် USB Port များကိုလည်း သုံးခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။

29 October, 2009

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီစာချုပ်များ လက်တွေ့အခြေအနေနှင့် များစွာကွဲလွဲ

အောင်ထက် / ၂၈ အောက်တိုဘာ ၂၀၀၉

(ခေတ်ပြိုင် သတင်းမှ ရယူဖော်ပြသည်)

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားအများစုမှာ ၎င်းတို့ရသင့်သည် အခွင့် အရေးများ နစ်နာ ဆုံးရှုံးနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများ၏ အဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများသည် မလေးရှားနိုင်ငံ အလုပ်ရှင်များ၏ မူလအလုပ် ကမ်းလှမ်းစာပါ လစာအတိုင်း မရရှိသည့်အပြင် ကူညီဆောင်ရွက်ပေးမည့်သူမရှိ ဖြစ်နေကြသည်။

အလုပ်ကမ်းလှမ်းစာတွင် လုပ်သားတဦးလျှင် တလပျှမ်းမျှ မလေးရှားရင်းဂစ် (၇၀၀-၈၀၀) ရရှိမည်ဟု ပါရှိပြီး သဘောတူ စာချုပ်ခဲ့ကြသူများသည် မလေးရှားရောက်ပြီး ယခုလပိုင်းတွင် တနေ့ (၁၈) ရင်းဂစ်မျှနှင့် အချိန်ပိုမရှိ အလုပ်ဆင်းနေကြရသည်ဟု မလေးရှားမှပြန်လာသူ လူငယ်တဦးက ပြောသည်။

၎င်းက “ကျနော်က ကလန်းမြို့ သံမဏိစက်ရုံမှာ အလုပ်ဝင်တယ်။ သူဌေးက ကျနော်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ဗီဇာပါမစ် နေထိုင်ခွင့် စတေကာ ကပ်မပေးဘူး။ တာဝန်မယူနိုင်ဘူးပေါ့။ ပြီးတော့ တခြားစက်ရုံတခုကို ရွှေ့ပေးတယ်။ အဲ့ဒီမှာ တနေ့ (၁၈) ရင်းဂစ်ပဲရတယ်၊ အိုဗာတိုင်မရှိဘူး။ မလေးရှားလူဝင်မှုက ထုတ်ပေးတဲ့ (visit pass) တလက ကုန်တော့မယ်။ ဒါနဲ့ ရန်ကုန်ကို ပိုက်ဆံလှမ်းမှာပြီး ပြန်လာခဲ့တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများမှ ၎င်းတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးနေရသည့်အပေါ် ချိတ်ဆက်ထားသော ပြည်ပအေဂျင်စီများ၊ ပြည်တွင်းရှိ လိုင်စင်ရအကျိုးဆောင်အေဂျင်စီများထံ ဆက်သွယ်ခဲ့သော်လည်း ထိရောက်သော ကူညီပံ့ပိုးမှုများ မရရှိကြကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူများအနက် တရားမ၀င်လာရောက်သူများ၊ မြန်မာနိုင်ငံကူး လက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ဗီဇာ မရှိသူများနှင့် မိမိဆန္ဒအလျောက် အလုပ်ကူးပြောင်းသူများသည် အလုပ်ရှင်များက တာဝန်ယူခြင်း မရှိသောကြောင့် အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။

ယခင်က မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် နယ်စည်းမခြားအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ပြန်လည် ပို့ဆောင် ပေးခဲ့သော မြန်မာအလုပ်သမားများလည်း ရှိကြောင်း သိရသည်။

ပြည်တွင်းအေဂျင်စီ၏ စာချုပ်ပါလစာနှင့်မကိုက်ညီခြင်းကြောင့် မိမိသဘောနှင့်အလုပ်ထွက်ကာ တရားမ၀င် (အောက်လမ်း) မှ ပြည်တွင်းပြန်ဝင်လာသူ လူငယ်တဦးက “မလေးရဲကို ရင်းဂစ် (၇၅၀) ပေးလိုက်ရင် သူတို့က ကားကြုံနဲ့ ထိုင်းနယ်စပ် မဟာချိုင်ကို ပို့ပေးတယ်။ အဲ့ဒီကမှ ထိုင်းအချုပ်ခန်းမှာ တညအိပ်၊ နောက်နေ့ညနေမှာ နယ်စည်းမခြားအဖွဲ့က (Express) ကားကြီးတွေနဲ့ တင်ခေါ်သွားတယ်။ ကျနော်တို့အသုတ်မှာ အမျိုးသမီး၊ အမျိုးသား (၂၈၀) ပါတယ်။ စရိတ်စက အားလုံး နယ်စည်းမခြားက တာဝန်ယူတယ်။ မဟာချိုင်က ညနေ (၆) နာရီ ကားထွက်တယ်၊ မဲဆောက်ကို နောက်တနေ့ညနေ (၄) နာရီရောက်တယ်။ မဲဆောက်ရဲစခန်းကိုဝင်၊ အဲ့ဒီကမှ လှေနဲ့ ကိုးသုံးလုံး ဒီကေဘီအေဂိတ်ကို ပို့ပေးတယ်။ (၁) ယောက်ကို ဘတ် (၂၅၀) ပေးရတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ပြည်ပလုပ်သားခေါ်ယူမှု လျှော့ချခြင်း၊ ပြည်ပလုပ်သားခေါ်ယူခန့်ထားမှု ဥပဒေ တင်းကျပ်လိုက်ခြင်း တို့ကြောင့် မလေးရှားနိုင်ငံရောက် ကန့်သတ်မှုမဲ့ အလုပ်သမားများ၊ ရွှေ့ပြောင်း လုပ်သားများနှင့် နေထိုင်ခွင့် သက်တမ်းလွန် လုပ်သားများကို အောက်တိုဘာလကုန် အပြီးနှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

10 October, 2009

မလေးရှားအကျဉ်းစခန်းတွင် မြန်မာ (၃,၅၀၀) ခန့် ပြန်စရိတ်မရှိ၍ သောင်တင်နေ

(ခေတ်ပြိုင်သတင်းအား ထပ်ဆင့်ဖော်ပြပါသည်)
ဝီရ / ၉ အောက်တိုဘာ ၂၀၀၉

သက်ဆိုင်ရာအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မလေးရှား အကျဉ်း စခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၃,၅၀၀)ခန့် ရှိကြောင်း လွတ်မြောက် လာသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ တို့က ပြောသည်။
အများစုမှာ လွတ်ရက် စေ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထား မပြသနိုင်ခြင်း၊ အပြန် လေယာဉ်စရိတ် မတတ်နိုင်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေး စခန်းများတွင် နှစ်ရှည်အကျဉ်းကျနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက် အမျိုးသမီးများလည်း ပါဝင်သည်။

မလေးရှားနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုဝင်းနိုင်ဦးက “ဒီ ကေအယ်လ် လေဆိပ်အနားက Lenggeng အချုပ်ခန်းက ပြန်ဖို့စောင့်နေတဲ့လူတွေ အများဆုံးပေါ့။ ဒီက အများစုက အပြန်စရိတ် မရှိလို့ သောင်တင်နေတာ။ အမှန်က လေယာဉ်လက်မှတ်နဲ့ ဒဏ်ငွေအတွက် ရင်းဂစ် (၆၂၀) ပဲ ကုန်ကျတယ်။ မြန်မာ သံရုံးက အဲဒါကို (၁,၆၀၀)ရင်းဂစ်အထိ တောင်းတယ်။ တချို့ဆို အပြင်က ဆွေမျိုးတွေဆီ ဖုန်းဆက်ပြီး ပိုက်ဆံ ရှာခိုင်းတာလည်း ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လွတ်ရက်စေ့သူ နိုင်ငံခြားသားများကို နေရပ်သို့မပို့ခင် ကေအယ်လ် လေဆိပ်အနီးရှိ Lenggeng အချုပ်ခန်းတွင် ခေတ္တထားရှိသော်လည်း မြန်မာနိုင်ငံသားအများစုမှာ အဆိုပါအချုပ်ခန်းတွင် နှစ်လကြာစွာ စောင့်ဆိုင်း နေကြရကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသား (၂,၀၀၀) ကျော်ရှိပြီး တဝက်ကျော်မှာ ပြီးခဲ့သည့် သြဂုတ်လမှ ထပ်မံရောက်ရှိလာသူများဖြစ်ကြောင်း ယင်းအချုပ်ခန်းမှ မြန်မာနိုင်ငံသို့ ရောက်လာသူ မွန်ပြည်နယ်သား တဦးက ပြောသည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသားများအား နေရင်းပြန်လည်ပို့ဆောင်ခဲ့ပြီး ယခုအခါ အရေအတွက် (၅၀၀)ခန့်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း အောက်တိုဘာ (၆)ရက်ထုတ် စစ်အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

အကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား (၂,၇၀၀)ကျော် ကျန်ရှိနေသေးကြောင်း စစ်အစိုးရက ဖော်ပြထားသော်လည်း ယင်းအရေအတွက်ထက်များကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်သူတို့က ခန့်မှန်းသည်။

လေယာဉ်ဖြင့်ပြန်ရန် မတတ်နိုင်သူများအတွက် လှေများဖြင့် နေရင်းသို့ ပို့ဆောင်ရန် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း၊ ဖမ်းဆီးထားသည့် တရားမဝင် မြန်မာနိုင်ငံသားတို့အား စင်ကာပူနိုင်ငံက စက်လှေဖြင့် ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးကြောင်း မလေးရှား မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

Lenggeng ခတ္တထိန်းသိမ်းရေးစခန်းအပြင် မလေးရှားနိုင်ငံရှိ အခြားအကျဉ်းစခန်း (၅) ခုတွင်လည်း အချက်အလက်ဖြည့်ပြီး နေရပ်ပြန်ရန် စောင့်စားနေသည့် မြန်မာနိုင်ငံသား (၁,၀၀၀) ကျော်ရှိသေးကြောင်း၊ အများစုမှာ မြန်မာနိုင်ငံတွင် အကျဉ်းချခံရမည်စိုး၍ နေရပ်သို့ ပြန်ရန် ငြင်းဆန်နေကြကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်အဖြစ် မလေးရှားနိုင်ငံတွင် ဆက်လက် နေထိုင်လိုကြကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူတို့က ပြောသည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံ နိုင်ငံခြားအကျဉ်းသား (၇) ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံမှ အများဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တို့က တရားဝင်ဖော်ပြထားပြီး မြန်မာနိုင်ငံသား အကျဉ်းသားများအား ခွဲခြားဆက်ဆံခြင်းအပါအဝင် အခြားညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

လွတ်မြောက်လာသူ မွန်ပြည်နယ်သားက “အင်ဒိုနီးရှားက လူတွေဆိုရင် အဲဒီအထဲမှာ တစ်ပတ်ဆို ပြန်ခွင့်ရပြီ။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ဆို နှစ်နဲ့ချီပြီး ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ စောင့်နေခဲ့ရတယ်။ တချို့ဆို စိတ်ဓာတ်ကျပြီး ထမင်းမစား၊ ဘာမစားနဲ့ သေတာလည်း ရှိတယ်” ဟု ပြောသည်။

Followers