26 May, 2010

ကဗျာဆရာ စောဝေ လွတ်ပြီ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ချစ်သူများနေ့ကဗျာမှာ ရေးသားခဲ့သော ကဗျာဆရာ စောဝေ ရမည်းသင်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်လို့ ရန်ကုန်မှ လာတဲ့ သတင်းများမှ သိရပါတယ်။
ကိုစောဝေရဲ့"ဖေဖော်ဝါရီ တစ်ဆယ့်လေး" ကဗျာမှာ အစ စာလုံး များဖြင့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့် ရေးသားထားပြီး ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ရေးသားခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

အမေရိကန် လွတ်တော် အမတ် Jim Webb မြန်မာပြည် ထပ်မံသွားမည်..

တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ပစ်ခတ်မှု ၊ ထိုင်းနိုင်ငံ ပြည်တွင်းရေး မတည်ငြိမ်မှုနဲ့မြန်မာ့နိုင်ငံရေး အကျပ်အတည်း အခြေအနေမှာ အမေရိကန်အနေနဲ့ ၀င်ရောက် တာဝန်ယူ ဖြေရှင်းပေးဖို့ လိုနေပြီဆိုတာကို ပြသနေတယ်လို့ ဂျင်ဝပ် ကပြောကြားကြောင်း သတင်းများမှာ ဖော်ပြကြပါတယ်။
ဂျင်ဝပ်ဟာ မေလ ၂၉-ရက်နေ့မှ ဇွန် ၆-ရက်နေ့အထိ တောင် ကိုရီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်တယ် လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

18 May, 2010

လည်ပြန်ငေးမှ ပြန်မြင်ရသည်




ကျနော်ငယ်ငယ်တုန်းက စာသိပ်ဖတ်ခဲ့တယ်။ လူကစာသိပ်ဖတ်ပေမယ့် ဂျွတ်ဆတ်ဆတ် ၊လက်ယဉ်ယဉ်၊ ထောင့်သိပ်မကျိုးတဲ့ လူပေါ့။
တကယ်တန်းကျနော့်မှာ သူငယ်ချင်းတွေ ဒုနဲ့ဒေးရှိခဲ့ပေမယ့် ရွယ်တူသူငယ်ချင်းတွေဟာ ကျနော့်အတွက်
စကားပြောဖော်ဖြစ်ခဲ့တဲ့ကောင် များများ မရှိခဲ့ဘူး။

လက်ဖက်ရည်ဆိုင်တူတူထိုင်ဖော်ထိုင်ဖက်ဖြစ်တာပဲများတယ်။လက်ဖက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်ဆိုတာကလည်း ဒီလိုပါ။
ကျနော်ဟာ ကိုယ့်လက်ဖက်ရည်ဖိုးကိုယ်ပေးနိုင်တဲ့ကောင်မဟုတ်ခဲ့ဘူး။ လက်ဖက်ရည်ဖိုး မပေးနိုင်တော့ ကိုယ့်ဟာနဲ့ကိုယ်ဆို လက်ဖက်ရည်ဆိုင်ဖက်မသွားဘူးပေါ့ဗျာ။
 
ဒါပေမယ့် အားလုံးက တက်သစ်စ ဆယ်ကျော်သက် တွေချည်ပဲကိုး။ ဖိုသတ္တ၀ါတို့ ရဲ့ ဟိုမုန်းသိပ်ကြွယ်ဝတဲ့ကာလဆိုတော့ ၊ မြို့ပေါ်က ရှပ်ပြာ လူးစိန် စပ်စလူးလေးတွေကလဲ
စက်ဘီးကလေးတွေကိုယ်စီနဲ့ ညနေ ညနေ ကျူရှင်ဖြုတ်ချိန်ဆို အိမ်တန်းမပြန်ပဲ မြို့လည်မှာစက်ဘီးနဲ့ တပါတ်လောက်တော့လှည့်ပြီး ဟန်ရေးပြရမှ လူကြည့်ခံရမှသူတို့မှာ
ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ မာနရေချိန်လေးမြှင့်ရတာကိုး။ ခုတော့လဲ အဲဒီ စပ်စလူးလေးတွေ ထဲက အထက်တန်းပညာရေးမဆုံးခင်လေးနဲ့ လင်နောက်လိုက်ပြေးကြသူတွေထဲက လဲ
ကလေးသုံးလေးယောက်အမေတွေဖြစ်လို့ သူတို့ သားသမီးတွေတောင် တချို့ကောလိပ်တက်နေကြပါပြီ။

အဲသလို မြို့ကလေးရဲ့ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေ နွေခေါင်ခေါင်လှည်းလမ်းကြောင်းဖုံထူထူပေါ်မှာ အဖြူရောင် ခြင်ထောင်ဇာလို စကပ်ကြီးဝတ် ၊ ထိပ်ဦးက ချွန်ထက်နေတဲ့
လေဒီရှူးအဖြူရောင်ကိုစီးပြီး နှုတ်ခမ်းနီ ပါးနီတွေအပြတ်ချယ်သပြီး မိချောင်းတံဆိပ်စက်ဘီးတို့  ပန်းကမ္ဘာစက်ဘီးတို့နဲ့ ခြေကလေးခွင်ခွင်ပြီး ဟန်ရေးပြရင်း မြို့ထဲ ထွက်ထွက်နင်းကြတဲ့
အပျိုတွေကလဲ အများကြီးဗျ တချို့ဆို ဂျပန်လိုနိုင်ငံမှာတောင်ရောက်နေကြပြီ။ လင်နဲ့သားနဲ့ဖြစ်ကုန်ကြပြီပေါ့ဗျာ။

မြို့မှာလွတ်လပ်ရေးနေ့ပွဲ အတွက် စတိတ်ရှိုးတွေ က စပြီးသီချင်းတိုက်ကြပြီဆိုလဲ သူတို့တွေ က အကဲသားဗျ။ စင်ပေါ်တက်ချင်ကြတာကိုး။ ကျနော်တို့ကလည်း တီးဝိုင်းတစ်ဝိုင်းရှိတယ်။
ကျနော်ကတော့တခါမှမဆိုခဲ့ဖူးပါဘူး။ သီချင်းတပုဒ်ဆိုဖို့ ငွေနှစ်ရာ ထည့်ဝင်ရတာကိုး။ ငွေနှစ်ရာဆိုတာကျနော့်အတွက်က ဘယ်လိုမှအိပ်မက်မက်လို့ မဖြစ်နိုင်တဲ့ ပမာဏကြီးဖြစ်နေတယ်လေ။
တဖက်ကလည်း ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို လိုအပ်ပြန်တာကလည်းရှိတယ်။ ဒီကောင်တွေက ဂစ်တာကို သေချာ ဂီတသင်္ကေတနဲ့မတီးတတ်ကြပြန်ဘူး။
ဒီတော့ကျနော့်အလုပ်က သူတို့နဲ့ ဆိုမယ့်သီချင်းတွေကို ကက်ဆက်နဲ့နားထောင် ၊ တပိုဒ်ခြင်းပေါ့ဗျာ ပြီးတော့ မှ တီးသွားတဲ့ လိဒ် တို့ ၊ ကီးဘုတ်ဝင်သွားတာတို့ ကို ပြန်ပြီး
စာရွက်ပေါ်မှာ ၀မ်းတူးသရီး(ဒိုရေမီဖာစသဖြင့်)နုတ်စ်နဲ့ ပြန်ရေးပေးရတဲ့အလုပ်ဗျ။
စတန်းဒတ်နိုတေးရှင်း ဂျီ ကလစ်ဖ်တို့ ဘာတို့ နဲ့ဆို သူတို့ ဘယ်ဖတ်နိုင်မလဲဝေလာဝေးပေါ့ဗျာ ။
 အဲဒီလို ကျနော်က လုပ်ပေးတော့ သူငယ်ချင်းတွေကလဲ ကျနော့်ကို ဂီတမှူးဆိုပြီး ခန့်တယ်ဗျတခါမှစင်ပေါ်တက် ပြီး မိုက်ခွက် မကိုင်လိုက်ဖူးတဲ့ဂီတမှူးပေါ့ဗျာ။
  စင်ပေါ်တက် ပြီး ဘောင်းဘီရှည်နဲ့  ဂစ်တာကို ကိုင်တော့မယ်ဆိုကတည်းက လေးရာထည့်ရတော့မှာဆိုတော့ ဘယ်တတ်နိုင်မတုန်းကျနော့်အတွက်က။
သူငယ်ချင်းတွေကအ တီးတော့ကောင်းသားဗျ၊ ကိုယ်ပိုင်လျှပ်စစ်ဂစ်တာတွေရှိကြတာကိုး။ကျနော့်မှာက ၀တ်ဘို့ဘောင်းဘီရှည်တောင်မှ ကျနော့်အဘိုး ၀တ်ခဲ့တဲ့ ဘီအိုင်အေခေတ်က စစ်ရောင်သက္ကလပ်
ဘောင်းဘီကြီးပဲရှိတာကိုး ။ ရှိုးထုတ်ဖို့ ဆိုတာ အင်မတန်ဂွကျတဲ့ကိစ္စဗျ။ တခါတလေများ မြို့လည်ဖက် ကို လမ်းလျှောက်ပြီးသွားတုန်း စီးနေတဲ့သားရေဖိနပ်က အကြင်နာကင်းကင်း နဲ့ လူကို ပြတ်ပြတ်စဲစဲလုပ်လာပြီဆိုရင်
ဖိနပ်ကလေးခါးထိုးပြီး အိမ်ဖက်ပြန်လာ၊ တူကလေးနဲ့ ပလိုင်ယာကလေးနဲ့ သံမှိုလေးတွေနဲ့ကိုယ့်ဟာကိုယ်ပြန် ထုနှက် ချုပ် ပြင်ပြီးတော့ စီးရတာ။
 အဲသလို ဖိနပ်များ ပြတ်သွားချိန်မှာ ကံများ မကောင်းရင်တော့စောစောကလိုဟန်ရေးပြနေတဲ့ငနဲမလေးတွေစက်ဘီးဖြတ်နင်းလာတာနဲ့ကြုံပြီဆိုလို့ ရှိရင်များ ၊
ဂေါ်သဇင်တွေလှိုင်လှိုင်ပွင့်တတ်တဲ့ဆောင်းတွင်းမနက်ကြီးတွေမှာတောင် ချွေးက ပျံတာများ ပေါင်ကြားထိ စီးသွားမယ်ဗျို့။

ထားပါတော့လေ စောစောက လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်ဖိုးမပေးနိုင်ပဲရောက်ရောက်သွားရတဲ့အဖြစ်ကတော့ ဒီလိုဗျ။
ဟန်ရေးပြနေတဲ့စကပ်တဖားဖားကောင်မလေးတွေကို ဂျင်းဘောင်းဘီတကားကားနဲ့ ကျနော့်သူငယ်ချင်းများက မေတ္တာစာကမ်းချင်သကိုး။ ဒီတော့ ကျနော်ကသူတို့ရဲ့မေတ္တာစာကို ပင်တိုင်ထိုင်ရေးပေးရတဲ့အလုပ်ကို
အလိုလိုရသွားတော့တာပေါ့ဗျာ။ အဲသလို ဖောက်သည်တွေသိပ်များလှတော့လဲ ကျနော် လက်ဖက်ရည်ဆိုင်ကို ကိုယ့်ငွေနဲ့ ကိုယ်မထိုင်နိုင်ပေမယ့် ကပ်သောက်ရတယ်ဆိုတာမရှိလှပါဘူး ။

ဒါပေမယ့်အဲသလိုမဟုတ်တဲ့သူငယ်ချင်းတယောက်ကတော့ အရင်းအချာထဲကအရင်းအချာပေါ့ဗျာ ၊ သူကတော့ အမြဲ တန်း အိမ်လာပြီး ကျနော့်ကို လက်ဖက်ရည်ဆိုင်သွားဖို့ ခေါ်သလိုသူပဲ အိပ်စိုက်တိုက်တယ်ဗျ။
ဒီကောင်က လူတော်လူကောင်းဗျ။ စာလဲသိပ်ဖတ်တယ်။ ဒါပေမယ့်သူ့မှာ နာခံတတ်တဲ့စိတ်ကပိုများတယ် ။ ကျနော်နဲ့ကွာသွားတာအဲဒီအချက်ပဲ ။
 ကြောက်ဖို့ ကောင်းတဲ့တချက်ကတော့ လောကကြီးကကိစ္စအားလုံးကို စမ်းသပ်ချင်တဲ့စိတ်သူ့မှာရှိတယ်။
ကျနော်ကတော့အဲသလိုမဟုတ်ဘူး။သိပ်များများစားစားကို လိုက်စိတ်မ၀င်စားဘူး ။ စာဖတ်တယ် ။ တယောက်ထဲ သိပ်ညဥ့်နက်ချိန်တွေမှာမှ အမှောင်ထဲမှာဂစ်တာတီးတယ်။ အဲဒီလိုဂစ်တာတီးချိန်တွေမှာ ၀ါကျင့်ကျင့် လမ်းမီးတိုင်ဘေးကအုန်းလက်ကိုင်းတွေလေတိုက်တိုင်း ယိမ်းပြီး အရိပ်တွေမှောင်သွားလိုက်လင်းသွားလိုက်နဲ့ မြင်ကွင်း ကြားထဲက ဖြိုးဖြိးဖျောက်ဖျောက် ကြယ်ကလေးတွေကိုမော့ကြည့်မိတိုင်း လူငယ်တယောက်ရဲ့ ဘာမှန်းမသိတဲ့အနာဂါတ်ကို ကျနော့်လက်ကျနော့်ခြေ နဲ့ဖန်တီးယူချင်စိတ်ကိုတောင့်တခဲ့ဖူးတယ်။

ကျောင်းပိတ်ရက်တွေမှာဆို ကျနော်ဟာ ဘုန်းကြီးကျောင်းမှာရှိနေတတ်တယ်။ ဘာသာရေးသိပ်ကိုင်းရှိုင်းလွန်းခဲ့လို့ တော့မဟုတ်ဘူး။
ဘုန်းကြီးကျောင်းဆိုတာ အင်မတန်မှ ဆီဦးထောပတ်နဲ့ ၀က်သားတုံးကြီးတွေများ အိစက်ညက်ညောအဆီဝင်းနေလို့။
ကြက်သား ဟင်းနံ့များဆို ခုထိတောင်တွေးရင် သွားရေ ယိုရတုန်း ဗျ။    အဲဒီတော့ ကျောင်းပိတ်ရက်များမှာ ဘုန်းကြီးကျောင်းမှာ နေ့လည်စာ ညစာ သွားဝါးတယ် သိမ်ထဲမှာ တရေးတမောနှပ်တယ်။ ညနေဆို ငြိမ်းချမ်းရေးစေတီလေးဘေးကရေတွင်းကြီးမှာရေချိုးတယ်။ အဲသလိုရေချိုးရင်းများ ဘုန်းကြီးကျောင်း ၀န်းကျင်က ညီအမတွေကို လှမ်း လှမ်း ငန်းရတာလဲ အမောပါပဲဗျာကြိုက်လို့ ချစ်လို့ များလားဆိုတော့လဲ ဟုတ်သေးဘူးဗျ
ရိုးရိုးမျက်စိအရသာ ခံယုံလောက်ပါပဲလေ။

အဲဒီဘုန်းကြီးကျောင်းမှာက ပိတ်ရက်တွေဆို များသောအားဖြင့်တရား ပွဲတွေ အဘိဓမ္မာဆွေးနွေးပွဲတွေ ရှိတတ်တယ်ဗျ။
တနေ့တော့ ဗိုက်ခွေးနမ်းလောက်အောင် မျိုဆို့ပြီး ဆရာတော် စွန့် ထားတဲ့ မုန့် ဘိုးနဲ့ကွမ်းယာလေးတစ်ရာဝယ်ပြီး ငြင်းခုန်ဆွေးနွေးနေကြတဲ့ ကျနော်တို့မြို့က လူ့ဂွစာလို့ လူအများယူဆကြတဲ့အဘိုးကြီးတွေအုပ်ထဲ အသာလေး ကွမ်းမြုံ့ရင်းသွားထိုင်နားထောင်နေမိတယ်ဗျ။
အဲဒီမယ် ငြင်းကြခုန်ကြပြောကြကိုးကားကြနဲ့ပေါ့ဗျာ ။ ဂေါတမဘုရားရှင်ရဲ့ တရားတော်တွေပါ ။ သီဟိုဠ်ဆရာတွေက ဘုရားရှင်ရဲ့တရားတွေကိုနောက်ပိုင်းမယ် ဘယ်လို ဘယ်နည်းကွန့် တာ ဖြစ်တယ် စသဖြင့်ပေါ့။ အဲသမှာ တောင်တွင်းက အဘိုးကြီးတစ်ယောက် ပြောခဲ့တဲ့ပုံပြင်လေးကို ခုထိအမှတ်ရစရာတွေဖြစ်လာစေတဲ့အကြောင်းတွေက ရှိတုန်းမို့ပြောရဦးမယ်ဗျ။

ပုံဝတ္တုကလေးကတော့ဒီလို

တခါတုန်းက တော်တော့်ကိုအေးချမ်းသာယာတဲ့ကျေးရွာကလေးတစ်ရွာရှိသတဲ့ဗျ။ အဲဒီရွာကလေးဟာချောင်းနဖူးမှာ တည်ရှိပြီး မြို့ကိုသွားမယ်လာမယ်ဆိုရင်ဖြင့် ရွာသူရွာသားတွေဟာ အဲဒီချောင်းကူးတံတားကလေးကပဲကူးပြီးသွားလာကြရသတဲ့။
အချိန်ကာလအားဖြင့်ကလည်းမိုးတွင်းဖြစ်နေတော့ လယ်ယာလုပ်ငန်းခွင်တွေနဲ့အလုပ်တွေလဲများနေကြတာပေါ့ဗျာ။ အဲဒီရွာမှာသိပ်ပြီးကျပ်မပြည့်တဲ့ သူတယောက်ရှိသတဲ့ ။ အဲဒီ တယောက်ကို တရွာလုံးက အစကတော့ ချစ်ချစ်ခင်ခင်ပေါ့ဗျာ။သူကလဲ ရွာထဲမှာနွေဆို မီးကင်းစောင့်တာတို့ ဘာတို့ ကို လုပ်ပေးတတ်တဲ့ကင်းသမားတစ်ယောက်ပေါ့ ။

တနေ့သားမှာတော့ အဲဒီဆရာသမားဟာ ဘာမပြောညာမပြောနဲ့ ထပြီးကြမ်းတော့တာပဲဗျို့။  ရွာလည်ကဖြတ်လာတဲ့ ကျောင်းဆရာကို လက်သီးနဲ့ထိုးလိုထိုး ၊
 ဆွမ်းခံထွက်လာတဲ့ကိုရင်တွေကို ခဲနဲ့ ပေါက်လိုပေါက် ၊ ရွာထဲ အပျိုမတွေကို ညနေချောင်းကမ်းပါးရေချိုးဆိပ်မှာ မဖွယ်မရာတွေလုပ်ပြလိုလုပ်ပြနဲ့ပေါ့ဗျာ။

ရွာသားတွေဟာ သည်းညည်းခံနိုင်စိတ်တော့ကုန်သွားပြီဗျဒါပေမယ့်လဲအရူးနဲ့ဖက်ပြီးရန်မဖြစ်ချင်ကြဘူးလေ ။ အဲသလိုနဲ့တနေ့ မှာ အဲဒီအရူး ဟာ ကိုင်းခုတ်ဓါးကြီးထမ်းပြီး ချောင်းကိုဖြတ်ဆောက်ထားတဲ့တံတား ထိပ်မှာရပ်နေသတဲ့ဗျာ။ ပြီးတော့ ၀ါးလုံးတစ်လုံးကို လဲ ကန့် လန့် လှဲချထားရင်း နဲ့ "သတ္တိရှိတဲ့ကောင်ဖြတ်ရဲ ဖြတ်ကြည့်ကွာ ငါ့အကြောင်းသိသွားစေရမယ်"အော်တယ်တဲ့။
ပြီးတော့ အဲဒီနေရာက မရွေ့ တန်း ကို စောင့်နေတာတဲ့ ။ အဲဒီ တံတားနဲ့မနီးမဝေးက ဘုန်းကြီးကျောင်းမှာ ဆာရင်သွားစားတယ် ပြီးရင်ပြန်လာတယ်ပြီးရင်တော့ ထုံးစံအတိုင်း ကိုင်းခုတ်ဓါးကြီးထမ်းပြီး
စောင့်နေတော့တာပဲတဲ့ဗျို့။ အဲသလိုနဲ့ ရွာက လူတွေမှာလဲ မြို့ကိုမသွားရဲ ။ ဆန်ဆီဆေးဝါး ငါးခြောက်ငါးခြမ်းကလေးတွေ မြို့တက်ဝယ်ဖို့ က တော်တော်အခက်အခဲဖြစ် ဘယ်သူမှ လဲ အရူးရဲ့ဓါးနဲ့လည်ပြတ်မှာမခံရဲပေါ့ဗျာ။

အကျိုးနဲ့အကြောင်းနဲ့သွားပြီး အရူးကိုဖျောင်းဖျတော့လဲ အရူး ကဘာပြောလဲဆိုတော့ "ဟောဒီတရွာလုံးရဲ့လုံခြုံရေးကိုအသက်နဲ့လဲပြီး ငါက တာဝန်ယူခဲ့တာကွ။ အဲဒီကျေးဇူးကိုမသိပဲ ငါ့ကို အာခံပြီး ဟောဒီ ၀ါးလုံးကို ကျော်ရဲတဲ့ကောင်ကျော်ကြည့် " လို့ ပဲပြန်ဖြေသတဲ့။အမှန်တော့နေစရာမရှိ လို့ ကင်းတဲ သွားအိပ်နေတဲ့အရူးပါ။ အဲဒီမှာတင် ရွာထဲ က တဆိုင်ထဲသော ကုန်စုံဆိုင်ကလဲ ဈေးတွေတင်လာ၊ ဗိန္ဒောဆရာလဲ မြို့တက်ဆေးမ၀ယ်နိုင်၊ ကျောင်းပိတ်တုန်းရွာပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေလဲကျောင်းပြန်မသွားနိုင်ပေါ့ ဖြစ်နေပုံက ။

အဲသလိုနဲ့ရက်နည်းနည်းကြာလာတော့ ပန်းပဲထုနေတဲ့ ခပ်ပေပေလူတစ်ယောက်ဟာ သည်းမခံနိုင်တော့ဘူး တဲ့ ။
ဒါနဲ့သူတွေးတယ် ဒီကောင် ဘာကောင်မို့ လဲပေါ့။ အရူး ကို လူတွေကလဲ ၀ိုင်းပြီး ကြောက်နေကြတယ်ပေါ့ တွေးပြီးတခါထဲ ခါးတောင်းကိုမြှောင်အောင်ကျိုက်လိုက်တာမှ
ငယ်ငယ်က ၀ဲပေါက်ခဲ့တဲ့အမာရွတ်တွေတောင် တင်ပါးမှာအထင်းသားနဲ့တဲ့ဗျား။

အဲဒါနဲ့ ပန်းပဲသမားဟာ အရူးမျက်နှာကိုစေ့စေ့ကြည့်ပြီး တကယ်လို့ များ အရူးက ကိုင်းခုတ်ဓါးနဲ့ ပိုင်းလာရင်တော့ ၀င်လုံးမယ်ပေါ့လေ အဲသလိုတွေးပြီး သတိနဲ့ အရူး ချထားတဲ့ဝါးလုံးကို ကျော်ပြီး သွားမယ်ပေါ့။ အဲဒီလို ပန်းပဲဆရာက အရူး တားထားတဲ့ဝါးလုံးကိုကျော်ပြီးသွားတော့မယ်ဆိုတာကိုလဲတရွာလုံးကို ပန်းပဲဆရာက ပြောခဲ့လိုက်တော့ အကုန် ၀ိုင်းလာပြီးခပ်လှမ်းလှမ်းက စပ်စုကြတာပေါ့ဗျာ။တချို့အရူး စိတ်ချမ်းသာအောင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့ဖို့ တရွာလုံးကိုတရားချနေတဲ့သူတွေကလဲ  ပန်းပဲဆရာရဲ့အပြုအမူကို အင်မတန်မှမိုက်မဲတဲ့ကိစ္စပေါ့၊ ဘယ်ကျမ်းဂန်အလာအရဆိုဘယ်လိုဘယ့်နှယ်ပေါ့ဗျာ သူတို့က
 ရွာရဲ့ ဘယ်သူမှခန့် မထားတဲ့က၀ိတွေကိုးဗျ။
အဲသမှာပန်းပဲဆရာဟာ စကားများများပြန်မပြောပဲသူ့ ဆုံးဖြတ်ချက်အတိုင်းအရူးဆီရောက်အောင်သွားတော့တာပေါ့။ချောင်းကူးတံတားကိုရောက်တော့
ပန်းပဲဆရာဟာ ၀ါးလုံးကိုကျော်ပြီး အရူးကို "ကဲ ဟေ့ကောင် ငါကျော်လိုက်ပြီ ဘာဖြစ်လဲ ပြောစမ်း"   လို့ နပမ်းဝင်လုံးဖို့ အသင့်အနေအထားနဲ့မေးလိုက်ချိန်မှာ အရူးက "ကျော်လိုက်တော့လဲရောက်သွားတာပေါ့ကွာ" လို့ပြောပြီးဝါးလုံးကို ကောက်ထမ်းရင်း ဆွမ်းကျန်ဟင်းကျန်တွေဝါးဖို့ ဘုန်းကြီးကျောင်းဖက်လှည့်သွားပါလေရောတဲ့ဗျာ။


ခုလဲ ကျနော်တို့ တိုင်းပြည်အခြေအနေက အရူးနဲ့ပူးပေါင်းဆောင်ရွက်ရေး အရူး စိတ်မညစ်ရေး အရူး ဘုံမြှောက်ရေးကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုးတွေ အလုပ်တွေရှုပ်နေကြပုံတွေနဲ့ ဆိုတော့ ကဲလေ..... မိတ်ဆွေလဲ မျက်စိညောင်းလောက်ရောပေါ့ နောက်တပါတ်ကြုံမှပဲကျနော့်ဘ၀ဖြတ်သန်းမှုအစုစုနဲ့တွေ ခဲ့ကြုံခဲ့ ကြားနာ ခဲ့တာလေးတွေကိုဆက်ရေးပါဦးမယ်ဗျာ...။

ခင်မင်လျှက်

ကိုထွေးညို(တမာတန်း)

နောက်ဆုံးအနည်းဆုံး အာဖရိက

(၁)
မြို့ပေါ်လမ်းမတွေမှာ အမှိုက်သိမ်းဖို့မှောင်နဲ့မဲမဲ  သူမအိပ်ရာထပြီးနောက်….
နှစ်ဒေါ်လာထက် နည်းတဲ့ငွေနဲ့ အစားအသောက်ဝယ်ဖို့ သူမနှစ်နာရီလောက်လမ်းလျှောက် ပြီးနောက်…
 ပူပြင်းတဲ့ မွန်းတည့်နေမှာ    သူမနှစ်နာရီလောက် ချက်ပြုတ်ပြီးနောက်၊ ဖန်တာ လင်ဂနီဟာ သူ့ မိသားစုအတွက် တစ်နေ့တာရဲ့ တစ်နပ်ထဲသောထမင်းပွဲကို ဖြည့်စည်းပေးခဲ့တယ်။   ဦးစွာ သူမဟာ သစ်ရွက် ငါးခြောက်နဲ့ ပြာမှုန့်တို့ ခပ်ထားတဲ့ ပြောင်းနှစ်မုန့်ပြားတစ်ဒယ်ကို ကလေးငယ် ၁၁  ယောက်အတွက်တည်တယ်။ကလေး တွေကလက်ဗလာနဲ့ ဖဲ့စားကြတယ်။

ဒီနောက်သူ့ယောကျာ်းအတွက် တစ်ဒယ်တည်တယ်။ ကလေးကြီး တစ်ဒါဇင်အတွက် နှစ်ဒယ်တည်တယ်။ လူတိုင်းအတွက်ပြီးမှ နောက်ဆုံးသူ့အတွက် တစ်ဒယ်တည်တယ်၊ သူမဟာ အမြဲတမ်း နောက်ဆုံးမှစားတယ်။
အစားအသောက်ဈေးတွေ နှစ်ဆနီးပါးတက်မလာခင် လွန်ခဲ့တဲ့နှစ်က  လင်ဂနီဟာ တစ်နေ့သုံးနပ်ကို အသား ဆန် ဟင်းသီးဟင်းရွက်တို့နဲ့ စားနိုင်တယ်။ ယခုအခါမှာတော့  မုန့်ပြါးသက်သက်  ပလုပ်ပလောင်း နှစ်လုပ်စာနဲ့   နောက်နေ့အထိ   ခံအောင်နေကြရတယ်။
နှုတ်ခမ်းသားနီနေတဲ့    မျက်လုံးများကို   ပွတ်လိုက်ပြီး  မြေကြီးပေါ်ကျနေတဲ့ သစ်ရွက်ညွန့် တစ်ခက်ကို   ကောက်ဝါးပြီးနောက်  လင်ဂနီဟာ   သူမရဲ့ နောက်ဆုံး မုန့်တစ်ဖဲ့ကို ကလေးတွေကို ကြွေးလိုက်တယ်။

"ငါမဆာဘူး"လို့ သူမကပြောတယ်။
အနောက်အာဖရိကရဲ့ အလယ်မှာရှိတဲ့ ဘာကီနာဖာဆို  Burkina Faso   လို ဆင်းရဲတဲ့နိုင်ငံမှာ ထမင်းစားချိန်ဟာ အမျိုးသမီးများကို  ပူပင်သောက     ရောက်စေတယ်။ သူတို့ဟာ အစားအစာ ရှာရတယ်၊ ရေခပ်ရတယ်၊ ဈေးသွားရတယ်၊ ထမင်းချက်ရတယ်။ ဒါပေမဲ့ စားချိန်တန်တဲ့အခါ ယောက်ျားနဲ့ကလေးများက   အရင်စားပြီးအမျိုးသမီးများက နောက်ဆုံးနဲ့ အနည်းဆုံးပဲ စားတယ်။
ကုလသမဂ္ဂ   ကမ္ဘာ့စားနပ်ရိက္ခာ  စီမံကိန်း (WFP)ရဲ့         ထုတ်ပြန်ချက်အရ ယမန်နှစ်က အစားအစားနဲ့ လောင်စာဈေးတွေ မြင့်တက်လာမှုက အာဖရိက အာရှနဲ့ လက်တင်အမေရိက တစ်ဝှမ်း မှာရှိတဲ့ လူဦးရေ သန်း ၁၃၀-ကျော်ကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့တယ်။    ဒါပေမဲ့ သန်းပေါင်းများစွာသော ယောက်ျားများနဲ့ ကလေးများဟာ ငတ်မွတ်နေတာ မှန်သော်လည်း အမျိုးသမီးများဟာ အငတ်ဆုံးနဲ့ အရေအထူဆုံးဖြစ်တယ်။

"ဒါဟာယဉ်ကျေးမှုဖြစ်နေတယ်၊ကလေးတွေ ဆာလောင်လာပြီ ဆိုရင်သူတို့ဟာ အမေတွေဆီ သွားကြတယ်၊ အဖေတွေဆီ မသွားဘူး  ။  နောက်ပြီး အစားအစာ နည်းနည်းပဲရှိတော့ရင်၊   အမျိုးသမီးတွေဟာ  အနည်းဆုံးစားသူတွေဘဲဖြစ်တယ်"လို့
အထောက်အကူပေးရေး ဝန်ထမ်းတွေက ပြောတယ်။

လောလောလတ်လတ် လေ့လာမှုတွေအရ"ဘာကီနာဖာဆို"ရှိ  လူအများအပြားဟာ  သူတို့ဝင်ငွေရဲ့ ၇၅%  ကျော်ကို အစားအစာအတွက် သုံးစွဲကြရပြီးကျန်းမာရေး
ကျောင်းလခ၊ အဝတ်အစားစတဲ့   တခြားလိုအပ်ချက် အတွက်  အနည်းအပါးသာ သုံးစွဲပြီး ရပ်တည်နေကြရတယ်။

(၂)

သံမံတလင်းပေါ်မှာအိပ်တဲ့  လင်ဂနီရဲ့တနေ့တာဟာ မနက်လေးနာရီ  အိပ်ရာထတာနဲ့ စတင်တယ်၊ အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်  အဝတ်လဲတယ်၊     သူမ ပတ်ပတ်လည်မှာ ကလေးတွေဟာ အမိုးနိမ့်နိမ့်အောက် သမံသလင်းပေါ်မှာ အိပ်ပျော်နေကြတယ်။  ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း ၁၇၇ ရှိတဲ့အနက် အဆင့် ၁၇၆ ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖို့ ဒီအခြေအနေဟာ အဆန်းမဟုတ်ပါဘူး။
မနှစ်ကဆိုရင် လင်ဂနီ အနေနဲ့ မီးသေးသေးဖိုပြီး ကာဖီကြဲကြဲတစ်ခွက်တော့ ဖျော်သောက်နိုင်ပါလိမ့်မယ်။    ခုအခါမှာတော့ ကာဖီကြဲကြဲတစ်ခွက်ဟာ ဈေးသိပ်ကြီးလှတယ်။
ဒီလိုဆိုးဝါးတဲ့  အခြေအနေကြောင့် ဖေဖေါ်ဝါရီမှာ မြို့တော် Ouagadougou နဲ့ နိုင်ငံတစ်ဝှမ်းမြို့များမှာ ရိက္ခာအဓိကရုန်းတွေဖြစ်ပွားလာတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်ပြီး အစိုးရ အဆောက်အဦး တွေကို  မီးရှို့ဖျက်စီးတဲ့အတွက်  လူရာပေါင်းများစွာ အဖမ်းခံရတယ်။လင်ဂနီအတွက်တော့ တိုက်ပွဲဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်း ခက်ခဲလာတယ်။ နေမထွက်ခင်ကတည်းက တိုက်ပွဲကစပြီ။
သူမအသက် ၅၀ ရှိပြီဆိုတဲ့ လင်ဂနီဟာ သူ့ယောက်ျားနဲ့ ကလေးများ အိပ်နေတဲ့ အခန်းနှစ်ခန်းပါ တဲအိမ်ကို ထားခဲ့ပြီးညစ်ပတ်နေတဲ့ ခြံဝင်းကိုဖြတ်ပြီးလျှောက်လာတယ်။ ညလုံးပေါက် မိုးရွာထားသဖြင့် ညစ်ပေနေတဲ့ လမ်းမဟာ ရွှံ့တွေဗွက်တွေ ထနေတယ်။
မှောင်မိုက်တဲ့လမ်းပေါ် နာရီဝက်လောက် လမ်းလျှောက်ပြီးနောက် သူမဟာ အလုပ်ဆင်း သတင်းပို့တယ်။  မြို့တော်စီမံချက်အဖြစ်     ဆင်းရဲတဲ့အမျိုးသမီးများအတွက် လမ်းပေါ်တံမြက်လှည်း အမှိုက်သိမ်း အလုပ်ဖြစ်တဲ့   အစိမ်းရောင်အလုပ်တပ်ဖွဲ့ရဲ့ အလုပ်ချိန်ဝတ် အပေါ်အင်္ကျီအစိမ်းကို ဝတ်တယ်။ဒီစီမံကိန်းကဆင်းရဲတဲ့ အမျိုးသမီးများကို ရက်သတ္တတစ်ပတ်လျှင် နှစ်မနက်အတွက် တစ်ရက် ၁.၂ ဒေါ်လာနဲ့ ညီတဲ့ လုပ်အားခကိုပေးတယ်။
လင်ဂနီဟာ မြက်ခြောက်တံမြက်စည်းငယ် နှစ်ချောင်းနဲ့ အမှိုက်သိမ်းလှည်းကို တွန်းပြီး ကျယ်ပြောလှတဲ့   လူသူကင်းရှင်းတဲ့  လမ်းအတိုင်း       ထွက်လာတယ်။
လိမ္မော်ရောင် မှုန်ပြပြ  လမ်းမီးရောင်အောက်မှာ သူမဒူးက သူမခေါင်းထက် မြင့်တဲ့အထိ ခါးကို ညွတ်ကွေးကာ အမှိုက်လှည်းတယ်။
တရှဲရှဲနဲ့  တံမြက်စည်းလှည်းသံ ထွက်လာတယ်။  ကြက်ဖတစ်ကောင်တစ်လေ တွန်သံနဲ့ ညလုံးပေါက် အရက်ဆိုင်မှ အရက်သမားတွေရဲ့ မကြာမကြာ  ရယ်မောသံမှအပ ဘာသံမှမကြားရ။ သူမ တာဝန်ကျတဲ့ ကိုက်-၁၅၀ လောက်ရှည်တဲ့လမ်းပိုင်းကို သူမ သန့်ရှင်းရေးလုပ်ရတယ်။ တစ်ဒါဇင်လောက်ရှိတဲ့ မျိုးသမီးတပ်ဖွဲ့ဟာလည်းသူ့အပိုင်းနဲ့သူ လုပ်နေကြတယ်။ ထရပ်ကားတစီးဟာ အရှိန်နဲ့မောင်းလာ ပြီးသူမမျက်နှာကို  ဖုန်လုံးတွေ လွင့်စင်လာစေတယ်။  သူမစုပုံထားတဲ့ အမှိုက်ပုံကလေးကိုလဲ လွင့်စင်သွားစေတယ်။ သူမချောင်းဆိုးတယ်၊ ပန်းရောင်ခေါင်းစည်းပ၀ါနဲ့ မျက်နှာကို စည်းလိုက်ပြီးအမှိုက်တွေ ပြန်လှည်းတယ်။
နေထွက်ပြုလာချိန်အထိ လင်ဂနီဟာ တံမြက်စည်းလှည်းတယ်။ သူမပုံထားတဲ့ အမှိုက်တွေကို  ဂေါ်ပြားနဲ့ကျုံးပြီး အမှိုက်လည်းပေါ် တင်တယ်။ဒါပေမဲ့ အမျိုးသားကြီးကြပ်ရေးမှူးက  အလုပ်ကို လာစစ်ဆေးတာကို တစ်နာရီလောက် စောင့်ရတယ်။
သူမအတွက် လစာငွေ ၁၀ ဒေါ်လာအောက် ရတယ်။


(၃)
လင်ဂနီ နာရီဝက်လောက်လမ်းလျှောက်ပြီးအိမ်ပြန်ရောက်တဲ့အခါ  အိမ်သားတွေနိုးစပြုပြီ။သူမဟာ အလုပ်ဝတ် အပေါ်အင်္ကျီစိမ်းကို ချွတ်ပြီးဖိနပ်ဘူး အရွယ်လောက်ရှိတဲ့ ဈေးခြင်းကိုဆွဲလိုက်တယ်။ ဈေးချိန်ပဲ။သူမနဲ့ နောက်ထပ်မယားပြိုင်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ အက်ရှတာ ဇာဂရီ တို့ အလှည့်ကျ ဈေးဝယ်ထွက်တယ်။
သူ့ယောက်ျားရဲ့တခြားမယားဖြစ်တဲ့မယားသုံးယောက်အနက်မယားကြီးဖြစ်သူမှာမျက်စေ့ကွယ်လုနီး ဖြစ်နေသဖြင့် အိမ်မှုကိစ္စ မလုပ်နိုင်တော့ပါ။
အာဖရိကဒေသအများစုမှာမယားအများမပြားယူတာအဆန်းမဟုတ်တော့ဘူး။
ဒီအိမ်ရဲ့ အိမ်ဦးနတ်ဟာ အငြိမ်းစားရဲအရာရှိဟောင်း တဦးဖြစ်တဲ့ အသက် ၆၃ နှစ်ဟာမာဒို ဇိုရိုမီ ဖြစ်တယ်။ သူ့ရဲ့ပင်စင်လစာဟာ မိသားစုရဲ့အဓိကဝင်ငွေဖြစ်တယ်။
ဒါပေမဲ့ သူ့လစာဘယ်လောက်ရသလဲဆိုတာ သူ့မိန်းမများကို အသိမပေးဘူး။
ကုလသမဂ္ဂ အဆိုအရ လူဦးရေ ၁၅-သန်းအနက် ၇၅% နီးပါးဟာ  တနေ့ ၂-ဒေါ်လာအောက် နိမ့်တဲ့နှုန်းထားနဲ့  နေထိုင်ကြရတဲ့ ဘာကီနာ ဖာဆိုလို ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံအဖို့၊  အလယ်အလတ်အဆင့် ဝန်ထမ်းတဦးရဲ့     ပင်စင်လစာဟာ အတော်အတန် လျှောက်ပတ်မှုရှိပါတယ်။
ဇိုရိုမီက အလုပ်လုပ်တဲ့    သူ့မယားနှစ်ဦး  လစာထုတ်လာတဲ့အခါ   တဦးစီထံမှ ဆင့် ၆၀ ဘောက်ဆူး တောင်းလေ့ရှိတယ်။  သူနှစ်ခြိုက်တဲ့ သူဝါးနေကျ  ကိုလာစေ့ ဝယ်ဖို့ဖြစ်တယ်။   လင်ဂနီ နဲ့အတူ ဇါဂရီ ဟာ  တံမြက်စည်းလှည်းတဲ့ အလုပ်လုပ်ကြပြီး၊  သူတို့က ယောက်ျားဖြစ်သူ ဇိုရိုမီက ပြောင်းလို အခြေခံရိက္ခာဝယ်ဖို့ ငွေအနည်းအပါးကိုသာ မသဒ္ဓါရေစာ ပေးလေ့ရှိတယ်လို့ ပြောတယ်။ မိသားစု အစားအစာအတွက် အဓိကကုန်ကျစရိတ်ကို မယားများရဲ့တံမြက်လှည်းလစာမှ ကျခံကြရတယ်။ ဈေးဝယ်ထွက်ဖို့  ပြင်နေစဉ် လင်ဂနီ ဟာ   သူ့ခြေကျင်းဝတ်နဲ့    ခြေထောက်တွေကို  ကုန်းပြီး နှိပ်နယ်ပေးနေရတယ်။  နှစ်ရှည်လများ အမှိုက်လှည်း ရလို့ ခြေထောက်တွေ နာကျင်နေတယ်လို့  သူမကပြောတယ်။ သူမကိုယ်အလေးချိန် တစ်ခါမှ ချိန်မကြည့်ဖူးပေမဲ့ ဝိတ်လျော့သွားပြီး အားနည်းလာတယ်လို့       သိသိသာသာ ခံစားရကြောင်းပြောတယ်။
ယခင်လက တံမြက်လှည်းလစာဟာ  ကုန်သွားပြီ၊      သူ့ယောက်ျားထံ သွားတောင်းတော့ ကုန်မျိုးစုံဝယ်ဖို့   နှစ်ဒေါ်လာခွဲပဲ    ပေးတယ်။   သူ့ယောက်ျားက ၇၅ ဆင့်ထက် ပိုမသုံးဖို့နဲ့ ကျန်ငွေကို နောက်နေ့အတွက် ချန်ထားဖို့ပြော  တယ်။
"မိန်းမတွေဟာ မိသားစုကိုကျွေးဖို့ ဆိုတဲ့အလုပ်နဲ့ မွေးဖွားလာတာဖြစ်တယ် "
လင်ဂနီ က ရွံ့ရေအိုင်ကို ပတ်လျှောက်ရင်းပြောတယ်။   
 "ယောက်ကျားကိုလဲ သူရသင့်တာ ရစေရမယ်၊ နောက်ပြီးကလေးတွေကိုလဲ သူ့ဝေစုနဲ့သူ ရသင့်တာရစေ ရမယ်၊ ဒါကြောင့်ကျမတို့ လျှော့စားကြတယ်" ။
လင်ဂနီက မိသားစုထဲက ဘယ်ယောက်ျားလေးမှ တည်ငြိမ်တဲ့ အလုပ်မရှိဘူးလို့ ပြောတယ်။ဒီဆင်းရဲတဲ့မြို့မှာ အလုပ်ရဖို့ ခက်ခဲတဲ့အတွက် ကောင်လေးတွေဟာတောက်တိုမယ်ရ အလုပ်တွေလုပ်ရင်း   ဒါမှမဟုတ် ဘောလုံးကစားရင်း အချိန်တွေကုန်ကြတယ်လို့ ပြောတယ်။ ငွေအနည်းအပါးရရင် သူတို့ဘာသာ မုန့်စားပစ်တာ ဘီယာသောက်ပစ်တာပဲလို့ သူမကပြောတယ်။
လင်ဂနီ ဟာ   အမျိုးသမီးတွေ   ကလေးမလေးတွေ ရောင်းတဲ့  သစ်သီးတန်းနဲ့ဖျော်ရည်တန်းကို  ဖြတ်လျှောက်လာတယ်။    ယောက်ျားတချို့က   မီးသွေးအိပ်တွေ ရောင်းနေပေမယ့် အများစုက နေရိပ်ထဲထိုင်ပြီး လေပန်းနေကြတယ်။
"ယောက်ျားနဲ့မိန်းမဟာ သူတို့ကလေးများအတွက် အတူတကွ ရုန်းကန်ရမယ် "
လင်ဂနီ က ပြောပါတယ်။ "အကယ်၍ ယောက်ျားလုပ်သူက အဲဒီလိုမလုပ်ရင် မိန်းမတွေက သူတို့ဖာသာ ရုန်းကန်ရမှာဘဲ "
လင်ဂနီရဲ့ယောက်ျား ကိုရိုမီက ယခုလိုပြောတယ်၊     ယောက်ျားတွေက ဈေးဝယ်တာ ချက်ပြုတ်တာမှာ မကူညီဘူး၊      ဘာဖြစ်လို့လဲဆိုတော့ "ဒါဟာမိန်းမတွေရဲ့ အလုပ်ပဲ" ။  ဆုံတွေ့ရတဲ့ ယောက်ျား အများလိုဘဲ ၊   အာဖရိကယဉ်ကျေးမှုကရှင်းရှင်းလင်းလင်း  ပြဋ္ဌာန်းထားက ယောက်ျားက  အိမ်ပြင်ထွက်   အလုပ်လုပ်ဖို့နဲ့မိန်းမက  ကလေးထိန်းချက်ပြုတ်ဖို့ ဖြစ်တယ်လို့   သူကပြောလေရဲ့။  သူဆက်ပြောတာက ယောက်ျားတွေဟာ  အလုပ်လုပ်ချင်ပါတယ်၊  ဒါပေမဲ့  အလုပ်ကရှားတယ် သူ့မိန်းမတွေ တံမြက်စည်း မလှည်းစေချင်ပါဘူး။  ဒါပေမဲ့ "ခုအခါမှာ ဘဝဟာ ပိုအဖိုးတန်တယ်"။
"မနှစ်ကဆိုရင် ကျွန်တော်တို့ ကောင်းကောင်းစားနိုင်သေးတယ်၊     အခုတော့ ဒါတွေ မေ့ပစ်လိုက်ပါပြီ"
 "ကျွန်တော့်သားတွေ အလုပ်မရှိကြဘူး၊ ဒီတော့ လူ ၂၅ယောက်ကိုကြွေးဖို့  ကျွန်တော့အပေါ် ပုံကျနေတာပေါ့ ၊ဒါကြောင့်ပဲ မိန်းမတွေတံမြက်စည်းလှဲနေကြရတာ၊   ကျွန်တော်တို့မှာ ဘာမှမရှိဘူး၊  ဒါကြောင့်သူတို့ လုပ်ကြရတာ၊ ဒါဟာဘဝပဲ "။
ဈေးသွားရင်းနဲ့ လင်ဂနီ က အကျည်းတန်တဲ့ သင်္ချာအကြောင်း ရှင်းပြတယ်။
မနှစ်ကဆိုရင် ၇၅ ဆင့်နဲ့     မိသားစုကို  အသား  ဟင်းသီးဟင်းရွက် ပဲထောပတ်တို့နဲ့ အဟာရဖြစ်အောင် ကျွေးနိုင်ခဲ့တယ်။   အခုအခါမှာတော့ အများကြီး အဆင့်နိမ့်တဲ့ ဟင်းလျာအတွက် ငွေနှစ်ဆလောက်ကုန်တယ်။
အခြေခံစားသောက်ကုန်တွေ ဈေးနှစ်ဆတက်သွားတယ်။   ဓါတ်ဆီဈေး နှစ်ဆကျော် တက်သွားတဲ့ အတွက်   ကုန်းတွင်းပိတ် ဘာကီနာဖာဆို သို့     အစားအသောက်သယ်လာတဲ့ ကုန်ကားတွေ ပို့ဆောင်စရိတ် တက်လာလို့ စားကုန်သောက်ကုန်တွေလဲ ဈေးတက်ကုန်တယ်။
အမဲသားဆိတ်သားက အခု ဈေးသိပ်ကြီးတယ်၊  ၁.၂၀ ဒေါ်လာဖိုးဆိုရင် နည်းနည်းလေးဘဲရတယ်။ ဒါကြောင့် မိသားစု အနေနဲ့ အသားလုံးဝ မစားတော့ဘူး။
ဈေးသက်သာတဲ့ ငါးခြေါက်ပဲ စားတော့တယ်။အသီးအရွက် မြေပဲ နဲ့ ချဉ်ရည်ဟင်းမလုပ်နိုင်တော့ဘူး။ အခု ဆဟာရတောင်ပိုင်းမှာ အလေ့ကျပေါက်တဲ့     "ဘိုဘာ"ရွက်ကိုဘဲ သုံးတော့တယ်။
ဘိုဘာရွက်ကို နူးနပ်ပြီးအချဉ်ပေါက်လာအောင် လင်ဂနီ ဟာ      ပိုတက်စ် နဲ့ ပြာ ရောထားတဲ့ အနှစ်ကိုသုံးတယ်။
"အရင်ကဆိုရင် ငွေဟာ တစ်လသုံးလောက်ပြီး     လက်ထဲအနည်းအပါး ကျန်သေးတယ်။ အခုတော့ ငွေရတာနဲ့ ကုန်တာပဲ"။
ညစာစားတဲ့အခါ   အားလုံးစားသောက်ပြီးနောက်   စားစရာနည်းနည်းပဲ ကျန်တော့တယ်။ ဒါဟာမိန်းမတွေအတွက် စားလောက်ရုံကလေးပါပဲ။
"ကလေးတွေက ထပ်တောင်းရင် ကျွန်မတို့ သူတို့ကိုကျွေးလိုက်တယ်"။ 
သူမကပြောတယ်
"ငါတို့ဟာ အမေတွေပဲ" တဲ့။

(၄)

"ဒါဘဲလား မယူတော့ဘူးလား"  
 "လောက်ပါ့ မလား"
ဟင်းသီးဟင်းရွက်သည်က လင်ဂနီကို မေးတယ်။   အိမ်နားက  လူစည်တဲ့ဈေးထဲမှာ  သူမဟာတိုးဝှေ့ရင်းဘိုဘာရွက် ဆင့်၃၀ ဖိုးဝယ်တယ်။   နောက်တစ်နေရာမှာ ကြက်သွန်ဖြူဥ သေးသေးလေးလုံး ဝယ်တယ်။ သူမသွားခါနီးမှာ ဈေးသည်က နားလည်စာနာတဲ့ အပြုံးနဲ့ တစ်လုံးအပို ထပ်ပေးလိုက်တယ်။သူမကကျေးဇူးတင်တဲ့ အပြုံးနဲ့ တုန့်ပြန် တယ်။လူအုပ်ထဲ တိုးဝှေ့ရင်း လင်ဂနီဟာ ငါးခြောက် တစ်ထုပ်၊ ဆားအထုပ်ကလေး တစ်ထုပ်၊ အမဲဆီအချောင်းငယ် နှစ်ချောင်း၊ ပိုတက်စ်တစ်ထုပ်နဲ့ ပြာနှစ်တို့ကို ဝယ်တယ်။
ဆယ်မိနှစ်အတွင်း သူမဈေးဝယ်လို့ ပြီးသွားတယ်။သူမရဲ့ တနေ့တာ ဘတ်ဂျက် ၇၅-ဆင့်ရဲ့ နှစ်ဆလောက် ကုန်သွားတယ်။အပူချိန် ၉၀ ဒီဂရီ ကျော်တဲ့ နေပူအောက်မှာ နာရီဝက်လောက် လမ်းလျှောက်ပြီးအိမ်ပြန် ရောက်တဲ့အခါ လင်ဂနီနဲ့ ဇါဂရီ တို့ ချက်ပြုတ်ဖို့ ပြင်ကြတယ်။
"တကယ်တော့  ဒါထက်ပိုကောင်းကောင်း  စားချင်တာပေါ့။  ဒါပေမဲ့ အားလုံးစားလောက်ဖို့အတွက် ဒါဟာဈေးအသက်သာဆုံးပဲ" လင်ဂနီက ပြောတယ်။
ချက်ပြုတ်လို့ နှစ်နာရီလောက် အကြာမှာ  သူမဟာ ရနံ့ကင်းတဲ့    ဟင်းလျာခြောက်အိုး ချက်ပြီးသွားခဲ့တယ်။ ပထမအိုးက   ယောက်ျားဖြစ်သူ ဇိုရိုမီ အတွက်ဖြစ်ပြီးသူ့ထံ သွားပို့ရတယ်။     သူကတစ်ယောက်ထဲစားတယ်။  ပြီးတော့ပြောလိုက်သေးတယ်
ငိုက်တောင်လာပြီတဲ့။
တခြားအိုးတွေကတော့ ကလေးများအတွက်ပါပဲ။   နောက်ဆုံးအိုးဖြစ်တဲ့ သူ့ယောက်ျားထက် နည်းနည်းလေးပိုကြီးတဲ့ မုန့်ပြားအိုးကို လူဆယ်ယောက် စားကြတယ်။လင်ဂနီ ဇာဂရီ နဲ့ ကလေးငယ်ရှစ်ယောက်တို့ ဖြစ်တယ်။    နောက်ဆုံးအိုးကို ဆာလောင်မွတ်သိပ်နေတဲ့ အငယ်ကောင် ငါးကောင် လုယက်မစားမီ လင်ဂနီ က မုန့်နှစ်ကိုက်လောက် ယူကိုက်လိုက်တယ်။
အိမ်ပေါက်ဝမှာတော့ ကလေးဒါဇင်ဝက်လောက် ဝိုင်းထိုင်ပြီးထမင်း ဟင်းချက်တမ်း ကစားနေကြတယ်။အုတ်ကျိုးအုတ်ပဲ့တွေနဲ့ ကစားစရာမီးဖိုလုပ်ပြီးအမှိုက်ပုံက ကောက်လာတဲ့ ပလပ်စတစ်ခွက် အကျိုးအပဲ့များနဲ့ ဟင်းချက်ကြတယ်။
 "ငါတို့ ထမင်းနဲ့ အသားဟင်း ချက်မယ်"။
သူတို့အဖေ ဇိုရိုမီ က ကြည့်ပြီးရယ်တယ်။ ဒီနေ့ရှင်ထပ်စားဦးမလား လို့ လင်ဂနီ ကမေးတော့ " အေး " လို့ သူကဖြေတယ်။ လင်ဂနီ က သူ့ယောက်ျားကို ညစာ ဆန်နည်းနည်း ပြုတ်ကျွေးမယ်လို့ ပြောလိုက်တယ်။ အနားမှာရှိတဲ့ သမီးငယ်များက ကြားသွားပြီးအော်ကြဟစ်ကြတယ်။ " ဘာပြောတယ်၊ ဘာပြောတာလဲ"
"ဘာလို့ပြောတာလဲ ၊ ဆန်လဲမရှိဘဲနဲ့"။

ဇိုရိုမီ က မချိပြုံး ပြုံးရင်း မုသားစကား ပြောတယ်။   
"ငါတို့ စားစရာရှိလာတဲ့တစ်နေ့၊ ခါးပတ်တင်းအောင်စားကြတာပေါ့ကွာ။ ဒါပေမဲ့ အခြေအနေ မကောင်းတဲ့အခါ ယောက်ျားတစ်ယောက်အဖို့ အတော်ခက်ခဲပါတယ် "။
လင်ဂနီ ဟာ ပြောင်တလင်းခါနေတဲ့ အိုးဘေးမှာ ထိုင်နေတုန်းဘဲ။သူမရဲ့ လက်သီးဆုပ်လောက်ရှိတဲ့ မုန့်တစ်တုံးကို ကလေးတွေဝိုင်းလုမစားခင် ဖယ်ထား လိုက်တယ်။
"တစ်နာရီ နှစ်နာရီ လောက်ဆိုရင် အငယ်ကောင်တွေ ငိုလိမ့်မယ်၊ ဒါကြောင့်ချန်ထားရတာ" လို့ သူမကပြောတယ်။သူမအသံဟာ တိုးတိတ်ညင်သာ လှတယ်။သူမဟာမြေနီမှုန့်တွေကို ငုံ့ကြည့်ရင်း ပြောလိုက်တယ်။
"ကျမ သိပ်ဝမ်းနည်းတယ်"
"ကျမ တအားစဉ်းစားတယ်"။။

[Africa's Last and Least  by  Kevin Sullivan. The Washington Post,
July 20, 2008.]
မြစမ်းအေး

17 May, 2010

မလေးရှိ မြန်မာအလုပ်သမား (၅) ဦး ပြန်လည်လွတ်မြောက်

မြတ်ခိုင်ဦး   /   ၁၄ မေလ ၂၀၁၀(ခေတ်ပြိုင်....မှ)

အလုပ်သမားခွန် ဖြတ်တောက်သည်ကို သဘောမတူသဖြင့် မလေးရှားအလုပ်ရှင်နှင့်ရဲ ပူးပေါင်းကာ ဖမ်းဆီး ခံထားရသည့် မြန်မာအလုပ်သမား ခေါင်းဆောင် (၅) ဦးသည် ယမန်နေ့ကပြန်လည်လွတ်မြောက်လာသည်။

အဆိုပါ မြန်မာအလုပ်သမားများအား မေလ (၁၂) ရက် ည (၇) နာရီခန့်တွင် မလေးရှားရဲက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ Malaysia Trade Union Congress (MTUC)၏ ကြားဝင်ဆောင်ရွက် ပေးမှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

MTUC နှင့် ပူးတွဲ ကူညီဆောင်ရွက်ခဲ့သော Burma Campaign Malaysia မှ ကိုထွန်းထွန်းက “သက်ဆိုင်ရာ ရဲစခန်းကို MTUC က ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတော့ ရဲက သေသေချာချာ မဖြေနိုင်ဘဲ နောက်ဆုံး ညနေကြရင်လွှတ်ပေးမယ်ပြောပြီး လွှတ်ပေးတာ” ဟု ဆိုသည်။

ယခုအဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာကြသည့်အလုပ်သမားများမှာ Selangor ပြည်နယ်၊ Kelanajaya Quarter, Kuala Lumpur ဆင်ခြေဖုံးရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြပြီး အလုပ်ရှင်မှာ တရုတ်လူမျိုးသူဌေးဖြစ်ကာ ရဲအရာရှိတဦး ရှယ်ယာဝင် ပေါင်းစပ် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

ယင်းဆိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၆) ဦးရှိပြီး အလုပ်သမားအခွန်မဖြတ်ရန် ဦးဆောင် တောင်းဆိုခဲ့သူ (၅) ဦးကို ပိုင်ရှင်က ရဲခေါ်ဖမ်းခိုင်းခြင်းဖြစ်သည်။

ယခုပြန်လည်လွတ်မြောက်လာသူ (၅) ဦးအနက် တဦးဖြစ်သည့် ကိုအောင်လင်းဌေးက “ကျနော်တို့ အရင်က ဘာမှမသိပါဘူး။ တရက်မြို့ထဲရောက်တုန်း သူရိယဂျာနယ် ၀ယ်ဖတ်လိုက်မှ လဲဗီးဖြတ်လို့မရဘူးဆိုတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီလဲဗီးငွေ တလကို ရင်းဂစ် (၁၂၀) မဖြတ်ရင် ကျနော်တို့ ငွေပိုစုဆောင်း နိုင်မယ် ဆိုတာတွေးမိပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဂျာနယ်ပေးဖတ်ပြီးတော့ အားလုံးတိုင်ပင်ပြီး သူဌေးကို မဖြတ်ဖို့ သွားပြောဖြစ်သွားတယ်။ ကိုထွန်းထွန်းတို၊ ကိုရန်နိုင်ထွန်း တို့ကလည်း သူတို့လုပ်ပေးနိုင်သလောက် အစွမ်းကုန်ကူညီလို့ ကျနော်တို့ ဒီနေ့ အဆင်ပြေသွားပါတယ်။ ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

အလုပ်သမားခွန် (Levy) သည် နိုင်ငံခြားသားအလုပ်သမားများအား ခေါ်ယူငှားရမ်းသည့် လုပ်ငန်းပိုင်ရှင် များက မလေးရှားအစိုးရအား ပေးဆောင်ရသော အခွန်ငွေဖြစ်သည်။

လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ အခွန်သတ်မှတ်ခြင်းဖြစ်ပြီး အလုပ်သမားတဦးလျှင် ကုန်ထုတ်အတွက် ရင်းဂစ် (၁,၂၀၀)၊ စိုက်ပျိုးရေး အတွက် ရင်းဂစ် (၄၅၀)၊ ဆောက်လုပ်ရေး အတွက် ရင်းဂစ် (၁,၂၀၀)၊ စားသောက်ဆိုင်လုပ်ငန်းအတွက် ရင်းဂစ် (၁,၈၀၀) စသည်ဖြင့် တနှစ်အတွက် သတ်မှတ်ထားရှိသည်။

မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ အရ ယင်းအခွန်ကို အလုပ်ရှင်က ပေးဆောင်ရသော်လည်း ၁၉၈၀ ခုနှစ်ဝန်းကျင် နိုင်ငံခြားသားအလုပ်သမားများ စတင်ခေါ်ယူစဉ်မှစ၍ သက်ဆိုင်ရာနိုင်ငံများနှင့် နားလည်မှု စာချွန်လွှာ ချုပ်ဆိုရာတွင် အလုပ်သမားမှ ပေးရမည်ဟု စာချုပ်တွင်ထည့်သွင်းခဲ့သည်။

သို့သော် ယခုအခါ မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားနည်းသွားစေရန် ရည်ရွယ်၍ ယမန်နှစ် ဧပြီ (၁) ရက်မှစတင်ကာ အလုပ်သမားခွန်ကို အလုပ်သမားများထံမှ ဖြတ်တောက်ခွင့်မရှိဘဲ အလုပ်ရှင် ကသာ ပေးဆောင်ရန် တရားဝင် ကြေညာထားသော်လည်း အလုပ်ရှင်များက ဆက်လက်ဖြတ်နေကြဆဲ ဖြစ်ကြောင်း ကိုထွန်းထွန်းက ပြောသည်။

၎င်းက “ကျနော်ပြောချင်တာကတော့ ဒီမှာရှိတဲ့ မြန်မာအလုပ်သမားများ ညီညွတ်ကြပါ။ မိမိတို့အခွင့်အရေး အတွက် တောင်းဆိုကြပါ။ လိုအပ်ရင် ကျနော်တို့ကူညီပါ့မယ်။ များသောအားဖြင့် မြန်မာအလုပ်သမား များဟာ မညီညွတ်ကြဘူး။ သူဌေးတွေက ခွဲရင် အလွယ်ပဲကွဲကြတယ်” ဟု ဆိုသည်။

MTUC သည် မလေးရှားနိုင်ငံရှိ တခုတည်းသော အစိုးရအသိအမှတ်ပြု ယူနီယံဖြစ်ပြီး၊ အလုပ်သမားများ၏ ရပိုင်ခွင့်အတွက် မားမားရပ်ပြီး လုပ်ကိုင်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ပူးပေါင်း ဆောင်ရွက်မှု အကူအညီများ ရရှိရေးအတွက် မြန်မာအဖွဲ့အစည်းများအနေဖြင့် အချိန်ယူကြိုးစားခဲ့ကြ ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

မြန်မာပြည်တွင်း၌ စီးပွားရေးကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ထိုင်း၊ မလေးရှား၊ တရုတ် စသည့် နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် လုပ်ငန်းရှင်များ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများ ခံကြရပြီး အချို့အသက်ဆုံးရှုံးမှုများပင် ရှိသည်ကို တွေ့ရှိရသည်။

16 May, 2010

ရေ လှူဒါန်းရန် မေတ္တာရပ်ခံပါသည်...

 အရင်က အလွန်သာယာဆန်းကြယ်လှတဲ့ အင်းလေး ကန်တော်ကြီးနဲ့  ကြည်ညို ဖွယ် ဖေါင်တော်ဦးစေတီ 
ပူပြင်တဲ့ အပူချိန်ကြောင့် တိမ်ကောသွားတဲ့ အင်းလေကန်နဲ့ ဖောင်တော်ဦးစေတီဘဝ



မြန်မာပြည်တွင် ရာသီဥတုမှာ လွန်စွာပူပြင်းပြီး အပူချိန် ၄၅ ဒီဂရီ မှ ၄၈ ဒီဂရီ စသဖြင့် စံချိန်တင်အပူဒဏ်ကို ကာလအားဖြင့် ရှည်လျှားစွာခံနေရသဖြင့် ရေတွင်းရေကန်များ ခန်းခြောက်ခြင်းကြောင့် သောက်သုံးရေ အခက်အခဲဘေးနှင့် ကြုံတွေ့နေရပါသည်။ အပူလှိုင်းကြောင့် ရန်ကုန်တွင် လူ- ၁၀၀ ကျော်၊ မန္တလေးတွင် လူ-၁၀၀ ကျော်နှင့် သာယာဝတီတွင် လူ-၄၀ ခန့်သေဆုံးကြောင်းကြားသိရပါသည်။ အထူးသဖြင့် မုံရွာခရိုင် ချောက် မြင်းခြံ ပခုက္ကူ ကျောက်ပန်းတောင်းနှင့် ရေနံချောင်းဒေသက ကုန်းတွင်းကျတဲ့ ရွာတွေမှာ ပိုပြီး အ ခက်အခဲ ဖြစ်နေပါတယ်။ ပဲခူးနှင့် ပြည်ခရိုင် အနောက်ဖက် ကျေးရွာများပါ ရေဒုက္ခ ခံစားနေရပါသည်။
မလေးရှားရောက် မြန်မာအလုပ်များ အနေဖြင့် မိမိတို့ စက်ရုံစုအလိုက် မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့များ အလိုက် တတ်အားသမျှ ရေကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန် နှိုးဆော်ပါသည်။
(မှတ်ချက်။  ။ ရေ-ဘောက်ဆာ တစ်စီးလျှင် ကျပ် ၆-သောင်းခန့် ကုန်ကျပါသည်။)


ပဲခူးတိုင်းအနောက်ခြမ်း
ဖုန်း ... ၀၉ ၅၃၇၀ ၁၀၁


ပဲခူးတိုင်းအရှေ့ခြမ်း
ဦးအေးမြင့် ... ဖုန်း ... ၀၉ ၈၆၅၁ ၁၂၆

ရန်ကုန်နာရေးကူညီမှု အသင်းမှတစ်ဆင့် ရေ-လှူဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 01 580133 , 01 581363, 01 709277 , 01 728089

လေးစားစွာဖြင့်
 myanmarinmalaysia@gmail.com

22 April, 2010

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

(ခေတ်ပြိုင် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)
အောင်ထက်/၂၂ ဧပြီ ၂ဝ၁ဝ
line


ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။

ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။

“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။

စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်နေခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။

“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။

အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။

ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က အပြစ်မြင်နေကြသည်။

ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်အား ဖယ်ရှားရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။

“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။

ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။

17 April, 2010

မြစ်ဆုံဆည် စီမံကိန်း ဗုံးပေါက်ကွဲ

ဧရာဝတီ-မြစ်ဆုံဆည်ဆောက်လုပ်ရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် အေး ရှားဝေါလ်ဒ် ကုမ္ပဏီရုံးခန်းရှေ့တွင် ဧပြီလ (၁၇) ရက် နံနက် (၄) နာရီ (၄၅) မိနစ်က ဗုံး (၃) လုံး ဆက်တိုက် ပေါက်ကွဲရာ (၄) ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရသူ အများစုသည် ဧရာဝတီ-မြစ်ဆုံဆည် ဆောက်လုပ်ရေးစီမံကိန်းကို လာရောက်လုပ်ကိုင်ပေးနေကြသည့် တရုတ်အလုပ်သမားများဖြစ်ကြ တယ်လို့ KNG ကချင်သတင်းမှာ ဖော်ပြထားပါတယ်။ (http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html)

Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
Saturday, 17 April 2010 KNG



Four people died and over 12 people were injured when exploding bombs for the first time rocked the Myitsone dam project in Irrawaddy River in Kachin State, northern Burma, said local residents. Most of the dead and injured were Chinese workers.

At least three bombs exploded in quick succession in front of Asia World Company’s office, one of the implementing agencies of the dam project in Lungga Zup, 18 miles north of Myitkyina, the capital of Kachin State, at about 4:45 a.m. Burma Standard Time, residents said.

041710-asia-world-co

Asia World Company's main communication office was damaged by bombs. Photo: Kachin News Group.
The explosions also resulted in severe damage to the company’s two-storey office, said residents in the dam project site. Several company-owned cars trucks and bulldozers were also destroyed in the blasts.

Over 300 Chinese workers employed with the China Power Investment Corporation (CPI) were evacuated in four buses to Myitkyina soon after the explosion.

Nobody has claimed responsibility for the first ever bomb explosions in the Myitsone dam project, said the sources.

Significantly, the bomb explosions occurred one day after the Kachin Independence Organization (KIO) took pains to apprise the Kachin public about the latest situation of disagreement on transforming the Kachin Independence Army (KIA), the armed-wing of KIO to the junta-proposed BGF.

Naw Awng, leader of the anti-dam movement and All Kachin Students’ Union (AKSU), an underground Kachin students’ organization based in Kachin State told Kachin News Group, “We harbour no policy of violence. The explosion may have been triggered by anti-dam civilians or secret groups or organizations”.

The dam for the hydropower project at the confluence of the Irrawaddy River, or Mali Hka in Kachin, which is formed where the two major rivers--- Mali Hka River and N’Mai Hka River meet, is being implemented by the Asia World Company, Ministry of Electric Power-1 in Burma and Chinese state-owned China Power Investment Corporation (CPI).
kachin-state

Map of Myitsone dam site in Kachin State, northern Burma.

Inspection activities for the project were started in late 2006 however the joint-dam construction began in December 21, last year. The construction cost, technicians and equipment are provided by the Chinese government.

The project will generate 6000 MW of electricity, which is to be sold to neighbouring China’s Yunnan province for it is under construction industrial zone.

Kachin people, organizations and churches have urged the military supremo Snr-Gen Than Shwe to halt the Myitsone, or Mali-N’Mai Zup dam project and are into demonstrations and anti-dam movements at home and aboard.

15 April, 2010

ရန်ကုန်သင်္ကြန် ကန်တော်ကြီး X2O မဏ္ဏပ် ဗုံးပေါက်ကွဲ

(မူရင်းသတင်းအား ကိုညီလင်းဆက် ဘလော့ဂ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်၊)-----Click



Bomb blasts infront of X2O Mandap, Kantawgyi

ကန်တော
ှကြီး X2O မဏ္ဏပ် မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပေါက်တယ်။ မဏ္ဏပ်တွေမှာ ပေါက်တာ မဟုတ်ဘဲ အောက်ကနေ ပေါက်ကွဲတာ ဖြစ်ပါတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပါတယ်။ X2O မဏ္ဏပ်ဟာ လူစည်ကားတဲ့ မဏ္ဏပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းပါဘူး။ ပေါက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရပါတယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပါတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပါတယ်)

အခင်းဖြစ်ပွားရာ နေရာက ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပါတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စဖော်မာ ပေါက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပါတယ်။ အဲဒီမဏ္ဏပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပါတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏ္ဏပ် တွေလည်း ပိတ်လိုက်ကြရပါတယ်။ သူနာပြုကားပေါ်မှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပါသွားတာကို မြင်လိုက်ရပါတယ်။ မဏ္ဏပ်ဘေးနားက ဈေးသည်များနဲ့ မဏ္ဏပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပါတယ်။




လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ


ဘယ်သူဖောက်ဖောက် ပြည်သူလူထုကို ဒီလို အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပာတယ်။ သင်္ကြန်ဆိုတာ လူတိုင်း စိတ်မွန်းကြပ်မှုတွေကနေ ထွက်ပေါက် တစ်ခုအနေနဲ့ ပျော်ကြ ရွှင်ကြတဲ့ ပွဲပါ။ အပြစ်မဲ့ လူတွေနဲ့၊ ရန်ကုန်ကို ဦးတည်ပြီး တိုက်ခိုက်နေတာကတော့ လွန်စွာမှကို အကျည်းတန် လွန်းပါတယ်။


ဓါတ်ပုံများကို မူရင်း ဘလောဂ့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
Update News
ရိုက်တာ သတင်းဌာနက လူ ၂၄ဦးထက်မနဲ သေဆုံးတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ မျက်မြင်အရ အဲဒီလောက် မရှိပါဘူး။ [Reuter]


(နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပါတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပါတယ်)

11 April, 2010

လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ


ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတစ်ပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတစ်ပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။

ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့လို နေ့မျိုးပေါ့။ အဲဒီနေ့က ဘဘတို့နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးရောင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့နောက်က လမ်းလျှောက်ပြီး လိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတစ်လုံးဘေးက ဆရာ တစ်ယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင် ဆုပ်ထားခဲ့တာပေါ့။ ဒီဖောင်တိန်လေးဟာ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့အဖေက ၀ယ်ပေးခဲ့တဲ့ဖောင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါတဲ့နေ့  ။ ဘဘရဲ့ကလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တစ်နေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ခေါင်းစဉ်ကလည်း “ ဒီနေ့ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ခေါင်းစဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။
ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့ နေ့တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့။ တခါ လူမျိုးတမျို့းနိုင်ငံတစ်ခုရဲ့ သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက်နေ့ဟာ၊ ဘဘတို့  နိုင်ငံတစ်ပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေနဲ့ သမိုင်းသစ်စတင်တဲ့နေ့ မဟုတ်ပေဘူးလား ။ ဒီလိုနေ့မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တစ်ခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော် ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။

ဒီနေ့ ဟာ အစဖြစ်တယ်

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။

ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက်(၂)ချက်ရှိတယ်။ "ကနေတဲ့ ဒေါင်းပျိုတွေ" ဆိုတဲ့ စကားစုနဲ့ “ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထောပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ကနေတဲ့ ဒေါင်းပျိုတွေ” တဲ့။ “အမွေးအတောင် တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့ ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယောက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။

ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။

မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။

ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာတွေ့ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့မျက်နှာထား၊ တချိန်လုံး တိတ်ဆိတ်နေခဲ့ရတဲ့ တမြို့လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက်ပြန်မြည် လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့နဲ့ ပတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုအကြောင်း ကြားညှပ်ပြီဲး ပြောချင်သေးတယ်။ ဇာတ်ကားရဲ့နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့။ ဒီဇာတ်ကား ထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမ္မတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် “ဗျူနိုးဟေရီးစ်” တစ်မြို့လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ သူတို့ ချစ်ခင် လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စောင့်ပြီး နားထောင်နေကြတဲ့ အချိန် မြို့ကြီးတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ဗျူနိုးအေရီးစ်”တစ်မြို့လုံးမှာရှိတဲ့ ဘုရားကျောင်း ခေါင်းလောင်း တွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ တပြိုင်နက်ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့် ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင်မှုအတွက် အောင်ပွဲခံမှုရဲ့ သင်္ကေတအဖြစ် သမိုင်းသစ်တစ်ခု အစပြုတဲ့နေ့ကို အသိအမှတ်ပြု၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။

ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။

ဒီကဗျာတစ်ပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘နေ့ ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့မူလတန်းအောင်လို့ အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “နေ့” ကိုရောက်ဖို့ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့ စာကို တခြားသူတွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနောက်ဆုံးနှစ် စတုတ္ထတန်းမှာ ဘဘဟာ နေ့မအိပ်ညမအိပ် စာကျက်ခဲ့ရလို့ ကျန်းမာရေးတောင်မှ ချို့တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး အလယ်တန်း ကျောင်းသားဘ၀ကို အစပြုတဲ့ “နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “နေ့"ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ….ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။

ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစကပြန်စမယ့် “နေ့"ရဲ့ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖော်ပြသွားခဲ့တာ ငါ့မြေးတွေ့ ရလိမ့်မယ်။ ဒါပေမယ့် “ဒဿန ” အားဖြင့် သာမာန်ထက်အများကြီး ပိုပြီးနက်နက်တူးမှ ဖေါ်ယူလို့ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့

ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့အရည်အချင်း လောက်နဲ့လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တစ်ဆုံး နှိုက်ယူမှရမယ့် ကဗျာ့ပရိယာယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လText Colorို့ ယူဆရတဲ့စကား တချို့ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်”က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တစ်လုံးမကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့် ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့ “တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့က တိုင်းပြည်ကောင်းစားတိုးတက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါ စေသား…” တဲ့။
ငါ့မြေးရေ…။
အဲဒီစာသား အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက ဘဘဖြင့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ် အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား" ကို အခြေခံတဲ့ “စကား”တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “မေတ္တာအောင်မြင်တဲ့နေ့ မေတ္တာစတင်တဲ့နေ့ ” ဆိုတဲ့ စာသားထဲက “မေတ္တာ”ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ  “ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတစ်ခွန်း။ “ဒိုင်ယာလော့လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး” တဲ့။ ဒါလည်း ကဗျာထဲက “ဒီနေ့ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ဟာ အစဖြစ်တယ်” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့ အကြောင်း
ကဗျာတစ်ပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတစ်ပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။

ကိုင်း….. ကဗျာဆရာကတော့ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယတော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာကို စုဝေးရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲဒီလိုနေ့ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ "နေ့" အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။   ။


ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇
(ဆရာငြိမ်းဝေ ဘလော့မှ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။)

Followers