တွေ့ရှိခဲ့တာပေါ့
ခေါင်းနားပန်းကြီးလောက်အောင် အေးစက်မာကြောနေတော့
ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်လည်း
သူစိမ်းတစ်ယောက်ကိုပဲ မြင်နေရတယ်
ချွေးတွေနဲ့အတူ ယိုစီးထွက်ကျသွားတာလား
မျက်ရည်တွေထဲ မျောပါသွားခဲ့သလား
စကားလုံးတွေထဲမှာ ပုန်းခိုလို့
အကြည့်တွေကို ခိုစီးလိုက်ပါလို့
နှစ်ကာလတွေကို ဖြတ်သန်းလာခဲ့တာ
ဒီ..အသေကောင်လို မျက်နှာအတွက်လား
အအေးခန်းထဲက ငါးတစ်ကောင်လို
ကြိတ်စက်ထဲကထွက်လာတဲ့ ကြံဖတ်တွေလို
ရင့်ကျက်မှုဟာ
အပူနဲ့ဖိအားနဲ့ အသွင်ပြောင်းလာတဲ့ကျောက်ဆိုပေမယ့်
လူဆိုတာက
စာနာစိတ်နဲ့ ကရုဏာတွေယိုဖိတ်ရတာနဲ့
နွေးကနဲ လှိုက်ကနဲ ဖြစ်သွားရမယ်မဟုတ်လား
အခုတော့…အခုတော့
တစ်ခါကစိတ်နှောက်ပြီး
ကပေါက်တိကပေါက်ချာတွေပြောနေတဲ့
သူတောင်းစားကိုကြည့်
ရှိုက်ကြီးတင်ငိုခဲ့ဖူးတဲ့လူငယ်လေး
ငါ့မျက်ရည်တွေဟာ ငါ့လူသားစိတ်စစ်စစ်ဖြစ်ခဲ့တာပါလို့
ငါ့ကိုယ်ငါ ပြန်လွမ်းရ
နေရောင်တောက်ပတဲ့ နေ့လယ်ခင်းတစ်ခုမှာပေါ့
လေငမ်းဖမ်းပြီး ကိုယ်တစ်ခြမ်းရွဲ့နေတဲ့
အမယ်အိုသူဆင်းရဲတစ်ယောက်
လောကထဲက လူမသိသူမသိ ပျောက်သွားခဲ့တယ်ဆိုရင်
ငါ တုန်လှုပ်ကြေကွဲရမှာပါ
ငါ တုန်လှုပ်ကြေကွဲနေရမှာပါ
ငါ တုန်လှုပ်ကြေကွဲနေခဲ့သင့်တာပါလို့။ ။
လွှင့်မိုးသစ်